ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဟွေခုတ်ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းဆရာမ လွေးမြ မွှေးအောင်အား သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် တရားခံသည် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့ဝင် မိုင်းဖိုးစိန် ဖြစ်ကြောင်း TNLA မှ သတင်းထုတ်ပြန်သည်။
အခင်းဖြစ်ပွားခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့ ည ၇ နာရီခန့်တွင် TNLA တပ်ဖွဲ့ဝင် မိုင်းဖိုးစိန်က ဟွေခုတ်ရွာတွင် တာဝန် ထမ်းဆောင်နေသည့် ဆရာမကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်း ဖြစ်ကြောင်း TNLA အဖွဲ့က ဇန်နဝါရီ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က “သူ့ကို ဖမ်းထားတယ်။ ဘာသေနတ်လည်းတော့ မသိဘူး။ လူများတော့ အသေးစိတ်က ကျနော်တို့ဆီမှာ မရှိဘူး။ သူဘယ်တပ်က ဘယ်ကဆိုတာ ဗိုလ်ချုပ်ဆီမှာ ပို့ထားတာ မရှိသေးဘူး။ နောက်ပြီး ဒါက TNLA လှုပ်ရှားနေရာဖြစ်တော့ သေနတ်ကိုင်ပြီး လှည့်ပတ် သွားနေရတာ” ဟု ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူး မိုင်းအိုက်ကျော်ကလည်း ပြစ်မှုကျူးလွန်ခဲ့သည့် မိုင်းဖိုးစိန်အား ဖမ်းဆီးထားပြီး TNLA တရားရေးဌာနမှ စီရင်ချက် ချပြီးပါက အများပြည်သူရှေ့တွင် TNLA တရားရေးဌာနမှ တရားသူကြီး၏ ဆုံးဖြတ်ချက် အတိုင်း တရားစီရင်မည်ဟု ရှင်းပြသည်။
သေဆုံးသူ လွေးမြမွှေးအောင်၏ ဦးလေးဖြစ်သူ ဦးဝင်းအောင်က “သူတို့ ၂ ယောက်က ၃ နှစ် လောက်ရှိပြီ ကြိုက်နေကြ တာ ရည်းစားတွေ။ မိဘတွေက ကောင်လေးက ဝေးတဲ့နေရာမှာနေလို့ သဘောမတူတာလို့ ပြောတယ်။ အဲဒီ တော့ ကောင်လေးက မီးစိမ်းပြရင် လာခိုးမယ်ပြောတော့ သူက မိဘက ပေးစားနေပြီ လာခိုးရင် မိဘ ဂုဏ်သိက္ခာကျမှာလို့ ပြောပြီး စကားများကြတာ။ များရင်းနဲ့မှ သေနတ်နဲ့ ခေါင်းကို ရိုက်လိုက်တာ။ နောက်မှ သေနတ်နဲ့ပစ်တာ” ဟု ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လွေးမြမွှေးအောင်၏ မျက်နှာတွင် ၁ ချက်၊ ဘယ်ဘက်နားမှ ညာဘက်နားသို့ ပေါက်ထွက် ဒဏ်ရာ ၁ ချက် ရရှိပြီး နေရာတွင်ပင် သေဆုံးသွားခဲ့ရာ ကွတ်ခိုင် ရဲစခန်းကလည်း လူသတ်မှု ပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။
ထို့အတွက် ဦးအောင်ဝင်းက “ကျနော်တို့ ဖြစ်စေချင်တာတော့ ဖြစ်နိုင်ရင် တရားခံကို မြန်မြန်ပေါ်အောင် အမှုမှန် ပေါ်ပေါက် စေချင်တယ်။ ဒါက လူငယ်သဘာဝ အလျောက် ဆိုပေမယ့်လည်း အခုလို လုပ်တာက လူမဆန်ရာ ကျတာပေါ့” ဟု ပြောသည်။
သေဆုံးသူ ဆရာမ လွေးမြမွှေးအောင်သည် နမ့်ဖက်ကာကျေးရွာသူ ဖြစ်ပြီး ကွတ်ခိုင်မြို့နယ်ရှိ ဟွေခုတ်ရွာတွင် မူလတန်းပြ ကျောင်းဆရာမ အဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ ၄ နှစ်ကျော် ကြာပြီဖြစ်သည်။
You may also like these stories:
တရုတ် ဖိအားကြောင့် အပစ်ရပ် သက်တမ်းထပ်တိုးခြင်း မဟုတ်ဟု TNLA ပြေ
ကချင်ဆရာမ ၂ ဦး အသတ်ခံရမှု KIA လက်ချက်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော