ကိုရိုနာဗိုင်းရပ်ကြောင့် တရုတ်နိုင်ငံတွင် သေဆုံးသူအရေအတွက် ၁၀၆ ဦးအထိ ရှိလာပြီး ရောဂါကူးစက်မှုအသစ် ၁၇၇၁ ခု တွေ့ရှိကြောင်း တရုတ်အာဏာပိုင်များကို အင်္ဂါနေ့နံနက်တွင် ကြေညာလိုက်သည်။
ထို့ကြောင့် တရုတ်နိုင်ငံအတွင်း ရောဂါကူးစက်မှုမှာ ၄၅၀၀ နီးပါးရှိလာပြီး အင်္ဂါနေ့တွင် ၂၆ ဦး ထပ်မံသေဆုံးသည်။ သေဆုံးသူအများစုမှာ ရောဂါစတင်ဖြစ်ပွားရာ ဟူဘေးပြည်နယ်မှဖြစ်သည်။
လေမှပျံ့နှံ့သည့်အပြင် ကိုရိုနာဗိုင်းရပ်သည် ရုပ်ပိုင်းထိတွေ့ဆက်ဆံမှုမှလည်း ပျံ့နှံ့ကြောင်း အမျိုးသားကျန်းမာရေး ကော်မရှင်က အင်္ဂါနေ့တွင်ပြောသည်။
ပိုး၏ပေါက်ဖွားချိန်သည် သုံးရက်မှ ခုနှစ်ရက်အထိကြာတတ်ပြီး အကြာဆုံးပေါက်ဖွားချိန်သည် ၁၄ ရက်ထက်မကျော်ကြောင်း အမျိုးသားကျန်းမာရေး ကော်မရှင်က ဖော်ပြကာ ကိုရိုနာဗိုင်းရပ်မျိုးသည် SARS ရောဂါကိုဖြစ်ပွားစေသည့် ဗိုင်းရပ်နှင့် ၈၅ ရာခိုင်နှုန်းတူကြောင်း ပြောသည်။
ထိုဗိုင်းရပ်သည် ကလေးများနှင့် မွေးကင်းစကလေးများကိုလည်း ကူးစက်နိုင်သော်လည်း ရောဂါလက္ခဏာမှာ နှိုင်းယှဉ်ချက်အားဖြင့် မထင်ရှားကြောင်း ပြောသည်။
ဘေဂျင်းတွင် အင်္ဂါနေ့ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားကျန်းမာရေး ကော်မရှင်၏ ဆေးဝါးစီမံရေးဗျူရို ဒုတိယအကြီးအကဲက ဆေးဝါးပြတ်တောက်မှုသည် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရာတွင်နှင့် လူနာများကို ကုသရာတွင် အဓိကအဟန့်အတား ဖြစ်ကြောင်း ပြောသည်။
နိုင်ငံတဝှမ်းမှ ကျန်းမာရေးလုပ်သား ၆၀၀၀ ကို ဟူဘေးပြည်နယ်နှင့် ပြည်နယ်အတွင်း အခြားမြို့ကြီး ၇ မြို့သို့ စေလွှတ်ထားကြောင်း၊ ဟူဘေးတွင် ကျန်းမာရေးလုပ်သား ၄၀၀၀ ရှိနေပြီဖြစ်ကြောင်းနှင့် နောက်ထပ် ၁၈၀၀ ကို အင်္ဂါနေ့ ညနေတွင် စေလွှတ်မည်ဖြစ်ကြောင်းလည်း သူက ပြောသည်။ ဝူဟန်မှ ကုတင် ၁၀၀၀၀ ဆေးရုံသည် များပြားလာသော လူနာများကိုလက်ခံရန် အသင့်ဖြစ်နေကြောင်းလည်း သူက ပြောသည်။
ဆေးဝန်ထမ်းအချို့ကို ထပ်မံမစေလွှတ်နိုင်ခြင်းမှာ ပိုးမွှားကာကွယ်သည့် ဝတ်စုံကဲ့သို့သော ဆေးဖက်ဆိုင်ရာ မလုံလောက်မှုများကြောင့်ဖြစ်ကြောင်း သူက ဝန်ခံသည်။
“ပိုးမွှားကာကွယ်ရေးဝတ်စုံ မလုံလောက်တာက လူသိများတဲ့ ပြဿနာဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျမတို့ဆေးဝန်ထမ်းတချို့ကို ရှေ့တန်းကို မလွှတ်နိုင်သေးဘူး” ဟု သူက ပြောသည်။
ရှန်ဟိုင်းတွင်မူ ကျန်းမာရေးဝန်ထမ်းများကို အကာအကွယ်ပေးရန် အသစ်ဖော်ထုတ်ထားသည့် ဗိုင်းရပ်သတ်ဆေးကို ရှန်ဟိုင်း ပြည်သူ့ကျန်းမာရေး ကုသရေးဌာန၏ အရေးပေါ်ဆောင်တွင် ဖြန်းထားသည်ဟု Thepaper.cn. က ဖော်ပြသည်။
သို့သော် လိုအပ်သော ခွင့်ပြုချက်မရသောကြောင့် ထိုဆေးကို လူနာများအား ကုသရာတွင်မသုံးနိုင်ကြောင်း ထိုကျန်းမာရေးဌာန ကူးစက်ရောဂါဌာန ညွှန်ကြားရေးမှူးက Thepaper.cn နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။
ရုပ်ပိုင်းထိတွေ့ဆက်ဆံမှုမှ ကူးစက်ခြင်း
တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေး ဌာနက တနင်္ဂနွေနေ့တွင် ပြုလုပ်ပြီး တနင်္လာနေ့တွင် ထုတ်ပြန်သည့် ကူးစက်မှု ၂၇၄၄ ခုကို အခြေခံသော အကဲဖြတ်ချက်အရ အဓိက ကူးစက်သောလမ်းကြောင်းမှာ အသက်လမ်းကြောင်းမှ ရေမှုန်များနှင့် ရုပ်ပိုင်းထိတွေ့ဆက်ဆံမှုဖြစ်ကြောင်း သိရသည်။
“ဒီဗိုင်းရပ်က ကူးစက်မှုအရမ်းမြန်တယ်။ မျိုးပွားနှုန်း နံပါတ် (ကူးစက်ကာလ အတွင်း ကူးစက်မှုတခုမှ ထုတ်လုပ်သည့် ပျမ်းမျှကူးစက်မှု အရေအတွက်) က ၂ နဲ့ ၃ အကြားမှာရှိတယ်။ ပိုးပေါက်ချိန်အတွင်းမှာ ဒီရောဂါ ပျံ့နှံ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရသေးဘူး” ဟု ထိုသတင်းက ဖော်ပြပြီး ပိုးပေါက်ဖွားချိန်မှာ ၁ ရက်မှ ၁၄ ရက်အထိ ကြာကြောင်းလည်း ဖော်ပြသည်။
လူမှုအသိုင်းအဝန်းအတွင် ပျံ့နှံ့မှုကြောင့် ဝူဟန်နှင့် ဟူဘေးပြည်နယ် အခြားနေရာများတွင် ရောဂါ ဖြစ်ပွားမှု ဆက်လက်တိုးလာမည်ဟုလည်း ဖော်ပြသည်။
အမျိုးသားများနှင့် အမျိုသမီးများအကြား ရောဂါကူးစက်မှု အချိုးမှာ ၁.၁၆ အချိုး ၁ ရှိကြောင်း၊ ကူးစက်ခံရသူများ၏ ၀.၆ ရာခိုင်နှုန်းသည် အသက် ၁၅ နှစ်အောက်များ ဖြစ်ကြောင်း သိရသည်။ ကူးစက်ခံရသူများ၏ ၁၆.၈ ရာခိုင်နှုန်းသည် ပြင်းထန်သော နမိုနီးယားရောဂါ ခံစားရကြောင်းနှင့် ခန့်မှန်းခြေသေဆုံးမှုနှုန်း ၃ ရာခိုင်နှုန်းရှိကြောင်းလည်း သိရသည်။
အင်္ဂါနေ့တွင် ကျင်းပသည့် အမျိုးသားကျန်းမာရေး ကော်မရှင် သတင်းစာဆွေးနွေးပွဲတွင် ဘေဂျင်းရှိ ဒစ်တန်ဆေးရုံ ကူးစက်ရောဂါဌာနမှ အကြီးအကဲ လီရှင်းဝေါင်က ပြင်းထန်ခြင်း မရှိသော ကူးစက်မှုသည် တပတ်အကြာတွင် နာလန်ထနိုင်ကြောင်း ပြင်းထန်သော ရောဂါလက္ခဏာရှိသူများသည် နှစ်ပတ်နှင့် ထိုမျှက ကြာမှသာ ပြန်လည်နာလန်ထနိုင်ကြောင်း သိရသည်။
အချို့သောလူနာများသည် နမိုးနီးယားလက္ခဏာပြပြီး အပူချိန်အနည်းငယ်နှင့် ချောင်းဆိုးခြင်းသာဖြစ်သော်လည်း အခြားသူများသည် အသက်ရှူကြပ်တတ်ကြောင်း လီက ပြောသည်။ သူသည် ထိုကူးစက်ရောဂါဖြစ်ပွားမှုကို ကိုင်တွယ်ရန် ခန့်အပ်ထားသည့် အမျိုးသားအဆင့် အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည်။
ဖိလစ်ပိုင်က ဗီဇာထိန်းချုပ်
ဖိလစ်ပိုင်နိုင်ငံသည် အင်္ဂါနေ့မှစတင်ပြီး တရုတ်နိုင်ငံသားများကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်း ဆိုင်းငံ့လိုက်သည်။ ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ် ကူးစက်ခြင်းမရှိသေးသော်လည်း ဂျပန်၊ နိပေါ၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်တွင် ကူးစက်ခဲ့သည်။
“ခရီးသွားလာမှု နှေးကွေးသွားအောင် ကြိုတင်ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဗိုင်းရပ်ရောက်ရှိမှုကို ကာကွယ်နိုင်ကောင်း ကာကွယ်နိုင်ပါတယ်” ဟု ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေး ကော်မရှင်နာ မိုရန်တီက ပြောသည်။
ဂျပန်နိုင်ငံသည် ဝူဟန်ရှိ ၎င်းတို့နိုင်ငံသားများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် အင်္ဂါနေ့တွင် လေယာဉ်တစင်း စေလွှတ်မည်ဟု နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတီဂျီ ပြောသည်။
ကုမ္ပဏီများ၏တုန့်ပြန်မှု
တရုတ်အမျိုးသား လူဝင်မှုကြီးကြပ်ရေး ဌာနကလည်း တရုတ်နိုင်ငံသားအားလုံးအနေဖြင့် မလိုအပ်ဘဲ၊ ပြည်ပခရီးမသွားရန် အကြံပြုထားသည်။ နယ်စပ်ဖြတ်ကျော်သွားလာမှု လျှော့ချခြင်းသည် ကူးစက်ရောဂါထိန်းချုပ်ရာတွင် အဓိကကျသောကြောင့်ဖြစ်သည်။
2019-nCoV ဟူ သိကြသည့် နမိုးနီးယားနှင့်တူသောရာဂါသည် အမေရိကန်နိုင်ငံသားများ အတွက် အန္တရာယ်ဖြစ်နိုင်မှု နည်းပါးသည်ဟု အမေရိကန်ရောဂါတားဆီးထိန်းချုပ်ရေး ဌာန အရာရှိများက ဆိုသော်လည်း အမေရိကန် ကုမ္ပဏီများသည် ၎င်းတို့၏ အလုပ်သမားများ တရုတ်နိုင်ငံသို့ ခရီးသွားခြင်းကို စတင်ကန့်သတ်နေပြီဖြစ်သည်။
Facebook သည် ဝန်ထမ်းများခရီးသွားခြင်းကို တနင်္လာနေ့က စတင်ကန့်သတ်လိုက်ပြီး ဝန်ထမ်းများ၏ တရုတ်နိုင်ငံသို့ အရေးမကြီးသော ခရီးစဉ်အားလုံးကို ဆိုင်းငံ့လိုက်သည်။
တရုတ်နိုင်ငံသို့ မဖြစ်မနေသွားရောက်မည် ဆိုပါက ခွင့်ပြုချက်တောင်းခံရမည်ဖြစ်သည်။ တရုတ်နိုင်ငံအခြေစိုက် Facebook ဝန်ထမ်းများနှင့် မကြာသေးမီကမှ တရုတ်မှပြန်လာသူများကို နေအိမ်မှ အလုပ်လုပ်ရန် ညွှန်ကြားထားသည်။
Citigroup အပါအဝင် အမေရိကန် ဘဏ်နှင့်ဘဏ္ဍာရေး လုပ်ငန်းများကလည်း ဟောင်ကောင်ရှိ ၎င်းတို့၏ ဝန်ထမ်းများ ဝူဟန်နှင့်ပတ်ဝန်းကျင်သို့ မကြာသေးမီက သွားရောက်ခဲ့ပါက အိမ်တွင်နှစ်ပတ်နေရန်နှင့် ကျန်းမာရေးကိုစောင့်ကြည့်ရန် ညွှန်ကြားထားသည်။
တရုတ်ပြည်မကြီးရှိ ဘဏ်များသည်လည်း နိုင်ငံတော်ကောင်စီနှင့် အစိုးရက ရောဂါကူးစက်မှုကို တားဆီးရန် အများပြည်သူရုံးပိတ်ရက်ကို တိုးချဲ့ပြီးနောက် နှစ်သစ်ကူး ရုံးပိတ်ရက်ကို တိုးချဲ့ထားသည်။
ရှန်ဟိုင်း စတော့ဈေးကွက်ကလည်း ကြာသပတေးနေ့က ပိတ်လိုက်ပြီးနောက် ကုန်သွယ်ခြင်းကို ဖေဖော်ဝါရီလ ၃ ရက်မှ ပြန်လည်စတင်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ ပိုမိုသေးငယ်သော နိုင်ငံတောင်ပိုင်းမှရှန်ဇန် စတော့အိတ်ချိန်းကလည်း အလားတူဆိုင်းငံ့ရန် လေ့လာနေကြောင်း သိရသည်။
ကိုးကား။ ။ South China Morning Post
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရအောင် ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းများ
မလေးရှားနဲ့ မကာအိုမှာ ဟူဘေးပြည်နယ်က တရုတ်ခရီးသွားတွေ ဝင်ရောက်မှု ယာယီပိတ်ပင်
ကိုရိုနာကြောင့် မြန်မာ-တရုတ် နယ်စပ် ကန်ပိုက်တည်ဂိတ်ကို ယာယီပိတ်
ဝူဟန်ဗိုင်းရပ် ပျံ့နှံ့နိုင်စွမ်း မြင့်မားလာကြောင်း တရုတ်ကြေညာ