ရခိုင်ပြည်နယ်ရှိ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် နောက်ဆုံး အဆိုပြုလွှာကို ဇန်နဝါရီ၂၇ ရက်က ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) သို့ တင်သွင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
မြောက်ဦးဒေသနှင့် ပတ်သက်သည့် အဆိုပြု စာတွဲ(မူကြမ်း)ကို၂၀၁၉ စက်တင်ဘာ ၂၄ ရက်က တင်သွင်းခဲ့ပြီးနောက် UNESCO က မေးမြန်းလာသည့် လိုအပ်ချက်များကို ပြန်လည် ဖြည့်စွက်ကာ အပြီးသတ် တင်သွင်းလိုက်ခြင်းဖြစ်သည် ဟု မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ဧရာဝတီကို ပြော သည်။
“အဲဒီလို တင်လိုက်ပြီဆို လာစစ်ပါတော့မယ်။ ဇူလိုင်လောက်မှာ ဖြစ်မယ်လို့ ထင်တယ်။ တိုးရစ်အနေနဲ့ ဘယ်သူ့ကိုမှ အသိမပေးဘဲနဲ့ တိတ်တိတ်လေး လာကြည့်ပါမယ်။ ကျမတို့ တင်လိုက်တဲ့ဟာတွေက မှန်လား။ ဒါတွေဟာ အစစ်အမှန် လားဆိုတာ တိုးရစ်အနေနဲ့ ဘယ်သူ့မှ မခေါ်ဘဲ လာစစ်ပါမယ်” ဟု ၎င်းက ရှင်းပြသည်။
၂၀၂၀ စက်တင်ဘာတွင် နိုင်ငံတကာ အထိမ်းအမှတ် အဆောက်အအုံနှင့် နေရာဒေသများ ကောင်စီ (ICOMOS) မှ ပညာရှင်များက တရားဝင် စစ်ဆေးမှု လာရောက် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ၂၀၂၁ မတ်၊ ဧပြီလများတွင် တရုတ်နိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ညီလာခံတွင် မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ် ပြုရေး မပြုရေး ဆုံးဖြတ်မည် ဖြစ်ကြောင်း ဒေါ်ခင်သန်းက ပြော သည်။
UNESCO သို့ တင်သွင်းထားသည့် အဆိုပြုလွှာတွင် မြောက်ဦးဒေသရှိ ရှေးဟောင်း ကျုံး၊ မြောင်း၊ ခံတပ်၊ နန်းတော် ကုန်း၊ နန်းဓလေ့၊ ညီလာခံ သဘင်ကျင်းပခဲ့သည့် နေရာများ၊ မြောက်ဦးခေတ်က (ပေါ်တူဂီ၊ ဒတ်ချ်) ကူးသန်းရောင်း ဝယ်ခဲ့သည့် ကုန်တိုက်များ၊ ဒင်္ဂါးများ၊ သင်္ဘောထောက်ကျင်းများ၊ စပါးကျီရာ၊ စဉ့်ရာများ ပါဝင်သည့် ယဉ်ကျေးမှု အမွေ အနှစ် အမျိုးအစားပေါင်း ၂၅ မျိုး၏ သမိုင်းစဉ်များ၊ မြေပုံများနှင့် တကွ ပူးတွဲ ဖော်ပြထားကြောင်း သိရသည်။
တဖက်တွင်လည်း မြောက်ဦးမြို့ပေါ်၌ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် တုန်ခါမှုဒဏ်ကြောင့် နှစ်ပေါင်း ၅၀၀ ကျော် ရှိနေပြီဖြစ်သည့် ကိုးသောင်းဘုရား၊ ပိဋကတ်တိုက် စသည်ဖြင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ အက်ကွဲ ပျက်စီးလာသည့်အပေါ် စိုးရိမ်မှုများကလည်း ရှိနေသည်။
မိုင်းများ၊ တိုက်ပွဲများကြောင့် အပြင်ထွက်၍ အပျက်စီးစာရင်း အသေးစိတ် ကောက်ယူနိုင်ခြင်း မရှိကြောင်း၊ ယူနက်စ ကိုမှ တိုးရစ်အနေဖြင့် လာရောက်စစ်မည့်အချိန်၊ စက်တင်ဘာတွင် တရားဝင် လာရောက်စစ်မည့် အချိန်များ၌ ယခုလို တိုက်ပွဲများ ဖြစ်နေမည်ဆိုပါက မည်သို့ ဆက်ဖြစ်မည်နည်း ဟူသည်ကို စိတ်ပူသည်ဟုလည်း ဒေါ်ခင်သန်းက ပြောဆို သည်။
ယခု စစ်ပွဲဖြစ်နေသည့် နေရာများသည် မြောက်ဦးသာမက ဝေသာလီ၊ ဓညဝတီ ဟူသည့် တဆက်တည်း ရှိနေသော ယဉ်ကျေးမှု နယ်မြေများပါ ပါဝင်နေရာ တိုက်ပွဲကြောင့် တဖြည်းဖြည်း ပျက်စီးလာနေပြီဟု ၎င်းက ဆိုသည်။
ဒေါ်ခင်သန်းက “အဲဒီနေရာတွေကို အမြောက်နဲ့လည်း ပစ်တယ်။ လေယာဉ်တွေနဲ့လည်း လာပြီးတော့ ချတယ်။ ယဉ် ကျေးမှုနယ်မြေမှာရှိတဲ့ တော်တော်များများကို ထိခိုက် ပျက်စီးမှုတွေ ဖြစ်လာတယ်။ အဲဒီအတွက် စိုးရိမ်မကင်း ဖြစ်လာ တယ်။ ဒါတွေကို နောင်တချိန်မှာ မြင်မှမြင်ရပါတော့မလား ဆိုတဲ့ စိုးရိမ်မှုတွေကလည်း ဖြစ်လာတယ်” ဟု ပြောသည်။
မြောက်ဦးမြို့ပေါ်တွင် အမြောက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိနေဆဲဖြစ်ပြီး ထိုအခြင်းအရာသည် ရှေးဟောင်းယဉ်ကျေး မှု နယ်မြေနှင့် မအပ်စပ်ကြောင်း၊ ထိုကဲ့သို့ မြို့ပေါ်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြမှုများ ရပ်တန့်ရန်အတွက် ရခိုင်ပြည်နယ် လွှတ်တော်က အဆိုတင်သွင်း တင်ပြထားသော်လည်း အစိုးရအနေဖြင့် အလေးထား ဆောင်ရွက်မှု အားနည်းနေသေးကြောင်း မြောက်ဦးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။
“နှစ်ဖက် အဖွဲ့အစည်းတွေကို တောင်းဆိုချင်တာက ရှေးဟောင်းအမွေအနှစ် အနီးတဝိုက်မှာ တိုက်ပွဲမဆင်ဖို့။ အမြောက်ကြီးတွေ ထိုင်ပြီး မပစ်ဖို့။ အထူးသဖြင့် ဒီနယ်မြေ အနီးတဝိုက်မှာ စစ်မဲ့ဇုန်ဖြစ်ဖို့အတွက် တောင်းဆိုချင်ပါ တယ်” ဟု ၎င်းက ဆိုသည်။
စစ်ပွဲဖြစ်ခြင်း မဖြစ်ခြင်းနှင့် ပတ်သက်၍ ရပ်တန့်ပါ၊ ဖြစ်ပါဟု ပြော၍မရသော်လည်း ယဉ်ကျေးမှု အမွေအနှစ်များကို တော့ ရှောင်ရှားပေးကြပါဟုလည်း ဒေါ်ခင်သန်းက မေတ္တာရပ်ခံသည်။
မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းနိုင်ရေးအတွက်၂၀၁၇ မေလမှ စတင်ကာ မြောက်ဦးဒေသ အမျိုး သားအဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် ကြိုတင်ပြင်ဆင် မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပျူရှေးဟောင်းမြို့များ ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်းတို့ကို ၂၀၁၄ ဇွန် ၂၂ ရက်တွင် လည်းကောင်း၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ၂၀၁၉ ဇူလိုင် ၆ ရက်တွင်လည်းကောင်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ်ခြင်း ခံရပြီး ဖြစ်သည်။
နယ်မြေဒေသ တည်ငြိမ်အေးချမ်းပါက မြောက်ဦးဒေသသည် မြန်မာနိုင်ငံ၏ တတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ဖြစ်လာမည့် အလားအလာကောင်းများ ရှိနေကြောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ပညာ ရှင်များက ပြောဆိုထားသည်။
ဆက်စပ်ဖတ်ရှုရန်
မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်ဝင်ရေး တည်ငြိမ်အေးချမ်းရေး အပေါ် မူတည် ဟုဆို
သံသယတွေကြား သွေးစွန်းလာတဲ့ ရခိုင်-မြန်မာ ဆက်ဆံရေး
မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ဆက်လက်ဆောင်ရွက်မည်