ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် မြန်မာ-တရုတ်နယ်စပ်ရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သည့် ကချင်ဒုက္ခသည် ၄ သောင်းကျော်အတွက် နှာခေါင်းစည်း (Mask) များ အလှူခံနေသည်ဟု သတင်း ရရှိသည်။
ကချင်စစ်ဘေးရှောင် ဒုက္ခသည်များကို အကူအညီပေးနေသူများ စုပေါင်း တာဝန်ယူထားသည့် “Concern, Care and Contribute to the IDPs Now” အမည်ရှိ ဖေ့ဘုတ် လူမှုကွန်ရက် စာမျက်နှာမှ တဆင့် Mask များကို အလှူကောက် ခံနေခြင်း ဖြစ်သည်။
ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက “မနေ့က မြစ်ကြီးနားမှာ ကျမတို့ အလှူခံတာ ၅ သောင်းဖိုးတောင်မရ ဘူး။ မြစ်ကြီးနားကနေ ဆိုရင် လိုင်ဇာဘက်ကို ပို့ပေးမယ်။ ဗန်းမော်ကနေဆိုရင် မိုင်ဂျာယန်ဘက်ကို ပို့ပေးမယ်။ အကယ်၍ တနေရာရာမှာ သံသယရှိသူ တဦးဦး တွေ့ခဲ့ရင် ကျန်တဲ့လူတွေကို ကာကွယ်ပေးဖို့က လူပေါင်းစေ့ မရရင် တောင် ရောဂါရနေတဲ့ လူကို အုပ်ထားရမယ်လို့တော့ ကျမတို့ ယူဆပါတယ်” ဟု ပြောသည်။
အလှူခံရာတွင် ငွေကြေးထက် Mask ကိုသာ ဦးစားပေး အလှူခံနေသည်ဟုလည်း ဒေါ်ခွန်ဂျာက ဆိုသည်။
မြန်မာ-တရုတ် နယ်စပ်ဖြစ်ပြီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အုပ်ချုပ်သည့် လိုင်စင်၊ လိုင်ဇာနှင့် မိုင်ဂျာယန် ဒေသများရှိ ရှအိယန်၊ ဂျေယန်း၊ ဝေကျိုင်၊ ဖုန်လွမ်ယန်၊ မဂါ့ယန်၊ ပါကထောင့်၊ ဘွမ်ဆစ်ပါ၊ အင်ခေါန်းပါ၊ ဒွမ်ဘုံး အမည်ရှိ စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံနေသည့် ဒုက္ခသည် ၄ သောင်းကျော် ရှိသည်။
၎င်းတို့သည် တပ်မတော်နှင့် KIA ကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး နယ်စပ်ရှိ စစ် ဘေးရှောင် စခန်းများတွင် ခိုလှုံနေကြရသည့် ဒုက္ခသည် ၁ သိန်းကျော် အနက် အပါအဝင် ဖြစ်သည်။
ဒေါ်ခွန်ဂျာ က “Mask က ၄ သောင်းရတယ် ဆိုရင်တောင် တယောက်ကို တခုပဲ သုံးလို့ ရမယ်။ ရေရှည်သုံးဖို့အတွက် ဆိုရင်တော့ ထိတွေ့မှု အများဆုံး ရှိတဲ့ ဒေသကို ပိုဦးစားပေးရမယ့် သဘောမှာ ရှိပါတယ်။ ဥပမာ မိုင်ဂျာယန်လိုမျိုးဆို တဝက်လောက်က တရုတ်တွေရဲ့ လောင်းကစားဝိုင်း စင်တာတွေ ရှိတယ်။ အဝင်အထွက်လည်း ပိုများတော့ မိုင်ဂျာ ယန်ကို ပိုဦးစားပေးရမှာပါ” ဟု ဆိုသည်။
စစ်ဘေးရှောင် ဒုက္ခသည်များကို၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အပါအဝင် နိုင်ငံ တကာအဖွဲ့အစည်းများမှ ထောက်ပံ့ခဲ့သော်လည်း ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထောက်ပံ့မှုများ လျှော့ချခဲ့ရာ ယခုအ ခါ ၁ လလျှင် တဦးကို ကျပ်တသောင်းခန့်သာ ရရှိသည်။
စစ်ဘေးရှောင် ဒုက္ခသည် စခန်းဖြစ်သဖြင့် ၁၀ ပေ ပတ်လည် အခန်းများ၊ အတွဲလိုက်ဆောက်ထားသည့် အိမ်ခန်းများ တွင် စုပေါင်း နေထိုင်နေကြရသူများ ဖြစ်သည်။
ကချင် စစ်ဘေးရှောင် စခန်းများကို အကူအညီပေးနေသည့် ဂရုဏာ အဖွဲ့အစည်း (KMSS) မှ စီမံကိန်း ညှိနှိုင်းရေးမှူး ဒေါ်ဆိုင်းနူးက ၎င်းတို့ အဖွ့ဲအစည်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ကာကွယ်ရန် ဒုက္ခသည်များကို Mask များ အခမဲ့ ဖြန့်ဝေပေးခြင်းများ ပြုလုပ်ပေးနိုင်ခြင်း မရှိသေးပါဟု ပြောသည်။
ဒေါ်ဆိုင်းနူးက “ဂျေယန်း၊ ဖုန်လွမ်ယန်တို့ ဝေကျိုင်တို့ဆို လူဦးရေ အများကြီးပဲ။ အားလုံးက ပြွတ်သိပ်နေတာ ဖြစ်တဲ့အ တွက် တဦးတယောက်က ရောဂါ ကူးစက်ခံရမယ်ဆိုရင် ခဏလေး တနာရီအတွင်း ဖြစ်ဖြစ် တရက်အတွင်း ဖြစ်ဖြစ် ပျံ့နှံ့မှုနှုန်း၊ ကူးစက်မှုနှုန်းက အရမ်းမြန်ဆန်တာ ဖြစ်တဲ့အတွက် ရောဂါအတွက်တော့ အရမ်းစိုးရိမ်ပါတယ်” ဟု ဆို သည်။
ဒုက္ခသည်စခန်းများသို့ သွားရောက်ပြီး ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် ဟောပြောပွဲများလည်း လုပ်ပေးနိုင်ခြင်း မရှိသေးဘဲ စခန်း တာဝန်ခံများမှ တဆင့်သာ သတင်းစကားများ ဖြန့်ဝေပေးနိုင်ပါသည်ဟုလည်း ဒေါ်ဆိုင်းနူးက ပြောသည်။
လိုင်ဇာမြို့တွင်း နေထိုင်သူ ၅ ဦးခန့်ကို ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာ လိုင်ဇာမြို့တွင်း ဆေးဆိုင်များတွင် Mask များ ဝယ်ယူ၍ မရတော့သဖြင့် မြစ်ကြီးနားမြို့ဘက်မှ ဆွေမျိုးများ၊ အသိမိတ်ဆွေများထံမှ တဆင့် မှာယူနေရသည်ဟု ပြောဆိုကြသည်။
KIA၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KIA အုပ်ချုပ်သည့် နယ်မြေ အတွင်းရှိ ပြည်သူ လူ ထုကို Laiza FM၊ Laiza TV တို့မှ တဆင့် ကိုရိုနာဗိုင်းရပ်စ်အတွက် ဆောင်ရန် ရှောင်ရန် သတင်းစကားများ ထုတ် လွှင့်ပေးနေပါသည်ဟု ပြောသည်။
လိုင်ဇာနှင့် မိုင်ဂျာယန်မြို့များမှ တရုတ်နိုင်ငံဘက်သို့ ဝင်ထွက်ရန် တရားဝင် နယ်စပ်ဂိတ်၂ ဂိတ် ရှိပြီး ထိုဂိတ်များကို ပိတ်ထားခြင်း မရှိသေးပါဟုလည်း ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
ဒေသတွင်း ပြည်သူလူထုနှင့် စစ်ဘေးရှောင်စခန်းများမှ ဒုက္ခသည်များအတွက် Mask များ လုံလုံလောက်လောက် ရရှိ နိုင်ခြင်း၊ ဝယ်ယူနိုင်ခြင်း ရှိမရှိ မေးမြန်းရာ ၎င်းက KIA အနေဖြင့် Mask များ အခမဲ့ ဝေပေးရန် အစီအစဉ် မရှိသေးဟု လည်း ပြောသည်။
ဆက်လက်ပြီး ဗိုလ်မှူးကြီး နော်ဘူက “တကယ်လို့ ရောဂါပြန့်နှံ့လာတယ်ဆိုရင်တော့ အဲဒါ ဝယ်ဖို့ နေရာ အခက်အခဲ တော့ ရှိနိုင်ပါတယ်။ တရုတ်ပြည်ဘက်ကမ်းမှာတော့ တော်တော်လေး မရှိသလောက်ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ကြားပါတယ်။ မြစ်ကြီးနားဘက်မှာလည်း တော်တော်များများ ကုန်သွားတယ်လို့ ကြားပါတယ်။ အခု လောလော ဆယ် တော့ အခက်အခဲတော့ မရှိပါဘူး” ဟု ပြောသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ရှိသည်ဟု သံသယရှိပါကလည်း လိုင်ဇာနှင့် မိုင်ဂျာယန်မြို့များတွင် စစ်ဆေးခြင်း၊ ကု သခြင်းများ ပြုလုပ်နိုင်မည် မဟုတ်သဖြင့် အိမ်နီးချင်း၊ တရုတ်နိုင်ငံ၊ တယ်ဟုန်ပြည်နယ်ဘက်သို့ အကူအညီ တောင်း ထားပြီး လူနာရှိလာပါက တရုတ်နိုင်ငံဘက်သို့ ပို့ကာ ကုသရန် တရုတ်အာဏာပိုင်များနှင့်လည်း ညှိနှိုင်းထားပြီး ဖြစ် သည်ဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာတွင် အစပြုခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ရောဂါသည် အသက်ရူ လမ်း ကြောင်းမှ တဆင့် ဆက်လက်ကူးစက်ခံနေရပြီး ယခုအခါ တရုတ်နိုင်ငံတွင်း ကူးစက်ခံရသူ ၄၃၀၀ ကျော်ရှိပြီဖြစ်ပြီး သေဆုံးသူ ၁၀၆ ဦးအထိ မြင့်တတ်လာပြီ ဖြစ်သည်။
တရုတ်နိုင်ငံမှ တဆင့် ကနေဒါ၊ ဂျာမနီ၊ ပြင်သစ်၊ အမေရိကန်၊ တောင်ကိုးရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအို၊ သြစတေးလျ၊ ဗီယက်နမ်၊ စက်ကာပူ၊ ကမ္ဘောဒီးယား၊ မလေးရှား၊ သီရီလင်္ကာ၊ နီပေါ နှင့် ထိုင်းနိုင်ငံတို့တွင် လည်း ကူးစက်ခံရသူ ၇၃ ဦး ရှိပြီ ဖြစ်သည်။
မြန်မာနိုင်ငံအတွင်းတွင် ယနေ့ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားသူနှင့် သံသယရှိသူများ တွေ့ရှိခြင်း မရှိသေး ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ဖော် ပြောဆိုထားသည်။
ဆက်စပ်ဖတ်ရှုရန်
ကိုရိုနာကြောင့် မြန်မာ-တရုတ် နယ်စပ် ကန်ပိုက်တည်ဂိတ်ကို ယာယီပိတ်
မြန်မာတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ မရှိသေးဟု ကျန်းမာရေး ဝန်ကြီးဌာန အတည်ပြု
ရန်ကုန်ဆေးရုံကြီးတွင် ရောက်နေသည့် လူနာမှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူမဟုတ်ဟု တာဝန်ရှိသူပြော