မန္တလေးမြို့တွင် ဝူဟန်မြို့မှ ရောက်ရှိနေသော တရုတ်နိုင်ငံသား ၇၃ ဦးအား ဇန်နဝါရီ ၂၈ ရက်ညက တရုတ်လေကြောင်းလိုင်း လေယာဉ်ဖြင့် ပြန်လည်ခေါ်ယူသွားကြောင်း မန္တလေးတံတားဦး လေဆိပ်မှ Airport Facilitation Committee အတွင်းရေးမှုး ဦးတင်မောင်ကျော်က ဧရာဝတီကို ပြောသည်။
အဆိုပါ တရုတ်နိုင်ငံသား ၇၃ ဦး နေရပ်ပြန်လည်ခေါ်ဆောင်ရန်အတွက် ဇန်နဝါရီ ၂၈ ရက်က တရုတ်နိုင်ငံ ရှန်ဟိုင်းမှ မန္တလေးသို့ ပျံသန်းခဲ့သော China Eastern လေကြောင်းလိုင်းဖြင့် မန္တလေးမှ ဝူဟန်မြို့သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဦးတင်မောင်ကျော် က “ဒီလ၂၃ ရက်နေ့က ဝူဟန်ကနေ ရန်ကုန်ကို ရောက်တဲ့ အဖွဲ့ ပြန်ထွက်တာပါ။ သူတို့အဖွဲ့ လိုက်လာတဲ့သူတွေ ဖြစ်တော့ ပြန်ခေါ်တော့လဲ အဖွဲ့လိုက်ပဲခေါ်တဲ့သဘောပါပဲ” ဟု ပြောသည်။
မြန်မာနိုင်ငံရှိ တရုတ်ကောင်စစ်ဝန်ရုံးမှ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်တွင်းလေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့အား ဆက်သွယ်အကြောင်းကြားကာ ၎င်းနိုင်ငံသားများအား ပြန်လည် ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု မန္တလေးတိုင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီကို ပြောသည်။
လက်ရှိ တရုတ်နိုင်ငံ ဟူဘိပြည်နယ် ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃၂ ဦးရှိပြီး တရုတ်နိုင်ငံသာမက အခြားနိုင်ငံ ၁၅ နိုင်ငံကျော်ကို ကူးစက်လျက်ရှိကာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၆၀၀၀ ကျော်ရှိပြီးဖြစ်ကြောင်း သိရသည်။
ထို့အတွက်ကြောင့် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပညာတော်သင်ရောက်ရှိနေသော မြန်မာကျောင်းသားများ အား နေရပ်ပြန်လည်ခေါ်ယူရေးအတွက် သံရုံးများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က “တရုတ်သံရုံးရဲ့ အကြောင်းကြားချက်ကတော့ လက်ရှိ အခြေအနေက အဲဒီလောက်မဆိုးသေးပါဘူး ဆိုတာရယ် တရုတ်အစိုးရက သူ့နိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား သာမက တခြားနိုင်ငံသား တွေကိုလဲ အလောတကြီး ပြန်ပို့ပေးဖို့ အခြေအနေ မလိုအပ်သေးပါဘူးပေါ့။ သူတို့ အနေနဲ့ ရောဂါကာ ကွယ်ရေးကို WHO စံနှုန်းနဲ့အညီ ဆောင်ရွက်နေသလို သူနိုင်ငံမှာ လက်ရှိရှိနေတဲ့ နိုင်ငံခြားသားတွေကိုလဲ လိုအပ်တဲ့ ထောက်ပံ့မှုတွေ လုပ်ပေး နေပါတယ်လို့ပြောပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဇန်နဝါရီ ၂၇ ရက်က တရုတ်သံရုံးဘက်မှ အကြောင်းကြားလာခြင်းဖြစ်ပြီး လက်ရှိတွင် မြန်မာကျောင်းသား အယောက် ၆၀ ကျော်အား ဝူဟန်မှ တဆင့် မန္တလေးမြို့သို့ ပြန်ပို့မည့်ကိစ္စသည် ရက်အတိအကျပြောမရ သေးဟု ဆိုသည်။
ဦးဇာနည်အောင် က “တို့ကျောင်းသားတွေကတော့ ပြန်ချင်တာပေါ့။ သူတို့ကိုယ်တိုင်ကလဲ မြန်မာသံရုံးကို စာရေးပြီး ဆက်သွယ် လာတာလေ။ ခုလိုအချိန်မှာနေရတာက အစားအသောက်ဆေးဝါးကအစ ရှားပါး နေသလို၊ စိတ်ဓာတ် ရေးရာအရကော ကိုယ့်နိုင်ငံကို ပြန်ချင်တယ်ဆိုပြီး တောင်းဆိုထားကြတယ်” ဟု ပြောပြသည်။
လက်ရှိ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ၂ နှစ်ပညာတော်သင် ရောက်ရှိနေသော ကျောင်းသူ တဦးက “ဒီမှာ အခြေအနေကဆိုးတော့ ကိုယ့်ကိုမကူးအောင် မနည်းဂရုစိုက်နေရတယ်။ ဖြစ်ရင်မလွယ်ဘူးလေ။ ပြီးတော့ ဗီတာမင်စီစတဲ့ ဆေးတို့ mask တို့ကလဲ ဝယ်မရတော့ဘူး။ ကိုယ့်ရှိတာလေးနဲ့ အဆင်ပြေအောင်နေနေပြီး အခန်းထဲပဲ အောင်းနေနေရတယ်၊ သူတို့ ရောဂါကိုထိန်းချုပ်နိုင်ဖို့ပဲ ဆုတောင်း နေရတယ်” ဟု ဧရာဝတီကို ပြောသည်။
မန္တလေးလေဆိပ်တွင် တရုတ်လေကြောင်းလိုင်း ၁၀ လိုင်းဖြင့် ၂၅ မြို့ကို ပျံသန်းပြေးဆွဲလျက်ရှိရာ တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားချိန်မှ ယနေ့အထိ တရုတ်လေကြောင်းလိုင်း ၇ လိုင်းအား မန္တလေးနှင့် ဆက်သွယ် ပျံသန်းခြင်းကို ယာယီ ရပ်နားထားလိုက်ပြီဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့မှ သိရသည်။
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် မန္တလေးတိုင်းအတွင်း ပြင်ဆင်မှုပြုလုပ်ထားဟုဆို
ထိန်ပင် အမှိုက်ပုံသည် ကိုရိုနာဗိုင်းရပ်စ် ဖိတ်ခေါ်သလိုဖြစ်နေဟု လွှတ်တော် အမတ်ဆို
ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ၁၀၆ ဦး ရှိလာပြီး ဆေးဝါးပြတ်တောက်ကြောင်း တရုတ်ဝန်ခံ