နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက် ၁/၂၀၁၇ ကို ဖောက်ဖျက်ပြီး မန္တလေးတက္ကသိုလ်တွင် Food Court ဆောက်လုပ်မှုနှင့် ပတ်သက်၍ အမိန့်ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သီတာဝင်း အား အငြိမ်းစားပေးလိုက်သည်ဟုဆိုကာ ပညာရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၂၈ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
ယမန်နေ့က နေပြည်တော်ရှိ ပညာရေးဆိုင်ရာ အခမ်းအနားတခုတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ် တက္ကသိုလ်ကျောင်းသား တချို့က ပညာရေးပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ဆန္ဒပြကြရာတွင် “မန္တလေး တက္ကသိုလ် သပိတ် ချက်ချင်း ဖြေရှင်းပေး”ဟူသော ဆိုင်းဘုတ်လည်း ကိုင်ဆောင်ခဲ့ကြသည်။
ထိုဆန္ဒပြမှု အပြီးတွင် နိုင်ငံတော်သမ္မတရုံး၏ ဇန်နဝါရီ ၂၈ ရက်နေ့ ရက်စွဲပါ စာအမှတ် ၇၁၆(၉၄)/၁၄/သမ္မတရုံး အရ အဆင့်မြင့် ပညာဦးစီးဌာန မန္တလေးတက္ကသိုလ်တွင် Food Count တည်ဆောက်မှုနှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းအား ၂၀၂၀ ပြည့် ဇန်နဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ အငြိမ်းစားပေးခြင်း ထုတ်ပြန်စာကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ၏ အမိန့်အရ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာကျော်နိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
“ဒီလိုမျိုး ပါမောက္ခချုပ်ကို အငြိမ်းစားပေးပြီး ထုတ်ပယ်တာမျိုးကို ကျနော်တို့အနေနဲ့ လက်ခံပါတယ်၊ ဒါပေမယ့်် ဒီကိစ္စမှာ ကျောင်းရဲ့စီမံခန့်ခွဲရေး အဖွဲ့ဝင်တွေကို ဘယ်လို အရေးယူမှုတွေ ဆက်လုပ်သွားမလဲ ဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်၊ အခုဟာက အပြီးသတ်ရလဒ် မထွက်လာသေးဘူးလေ၊ အခုဟာက ကျနော်တို့ သပိတ်မှောက်ရတဲ့ အကြောင်းအရင်းထဲက တစိတ်တပိုင်းတော့ အဆင်ပြေသွားပြီလို့ ပြောရမှာပေါ့”ဟု မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ သပိတ်မှောက် ဦးဆောင်ကော်မတီ မှ ကိုရန်စိုးပိုင်က ပြောသည်။
ပါမောက္ခချုပ်အား အငြိမ်းစားပေးသည့် ကိစ္စနှင့် ပတ်သက်ပြီး အဆိုပါ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သီတာဝင်းအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းသော်လည်း မရခဲ့ပါ။
နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်ကို လိုက်နာမှု မရှိဘဲ တင်ဒါ ပရောဂျက် ခေါ်ဖို့ ပျက်ကွက်တယ်။ သူက လုပ်ထုံးလုပ်နည်းနဲ့မညီတဲ့အတွက် အနားပေးခဲ့ခြင်း ဖြစ်တယ်။ အဲဒီမှာ အဂတိလိုက်စားတာတို့၊ နိုင်ငံတော် ဘဏ္ဍာ ဆုံးရှုံးတာတို့တော့ မရှိခဲ့ပါဘူး။ သင်ခန်းစာကတော့ စေတနာနဲ့လုပ်သည်ဖြစ်စေ၊ ကောင်းရာ ကောင်း ကျိုး လုပ်သည်ဖြစ်စေ လုပ်ထုံးလုပ်နည်းတွေကို မကျော်လွန်ဖို့ လိုတယ် ဟု ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဧရာဝတီသို့ ပြောသည်။
မန္တလေးတက္ကသိုလ်ထဲတွင် နိုင်ငံတကာ ကွန်ဖရန့်များ၊ Seminar များ မကြာခဏ ပြုလုပ်လေ့ရှိရာ စားသောက် ရန် နေရာကောင်း မရှိသည့်အတွက် ဝန်ဆောင်မှုကောင်းမွန်သည့် Oriental House Food Court ကို စီစဉ်ခဲ့ ခြင်း ဖြစ်ကြောင်း၊ သို့သော် လုပ်ထုံးလုပ်နည်းများကို ကျော်လွှားသည့် ဖြတ်လမ်းနည်းမှာ မရှိကြောင်း၊ ယခု အငြိမ်းစားပေးသည့် ကိစ္စမှာလည်း ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဆက်လက်ပြီး ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက“ကျောင်းသားတွေကတော့ သူတို့သပိတ်မှောက်လို့ ကျနော်တို့ ဆောင်ရွက်တယ်လို့ထင်တာ။ တကယ်တော့ ဘာမှမဆိုင်ဘူး။ သူတို့သပိတ်မှောက်တာက တပိုင်း ကျနော်တို့ ဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်တွေ အတိုင်း ပုံမှန်သွားနေတာဖြစ်တယ်။ မဟုတ်ရင် ကျောင်းသားတွေ သပိတ်မှောက်တာနဲ့ ဒေါ်သီတာဝင်းကို အငြိမ်းစားပေးတာ ဆိုင်သလို ဖြစ်နေတယ်’’ဟု ပြောပြသည်။
မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် အနေဖြင့် နိုင်ငံတော်သမ္မတ ညွှန်ကြားချက်အား ချိုးဖောက်ပြီး ၎င်းနှင့် ရင်းနှီးကျွမ်းဝင်သည့် လုပ်ငန်းရှင်အား Food Court လုပ်ပိုင်ခွင့် ပေးသည့်ကိစ္စနှင့် ပတ်သက်၍ ပြင်းထန်စွာ အရေးယူပေးရန်အတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာအတွင်းက မန္တလေးတက္ကသိုလ် ကျောင်းသားကျောင်းသူများက သပိတ်မှောက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ထိုသို့ သပိတ်မှောက် ဆန္ဒပြတောင်းဆိုမှုကြောင့် ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမော်ထွန်း၊ မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်တို့ ပါဝင်သော စစ်ဆေးရေးအဖွဲ့ဖြင့် မန္တလေးတက္ကသိုလ် ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူများအား ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က စတင်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေမှုကြောင့် မန္တလေးတက္ကသိုလ်ကျာင်းသား၊ ကျောင်းသူများ အနေဖြင့် သပိတ်မှောက် ဆန္ဒပြ တောင်းဆိုမှုကို စက်တင်ဘာလ ၉ ရက်မှစ၍ ရပ်နားပေးခဲ့ပြီး စစ်ဆေးမှု အခြေအနေများကို မန္တလေးတက္ကသိုလ် ကျောင်း သားများ သမဂ္ဂ သပိတ်မှောက် ဦးဆောင်ကော်မတီက စုံစမ်းမေးမြန်းသော်လည်း တစုံတရာ ဖြေကြားမှု မရှိခြင်းကြောင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်တွင် သပိတ်မှောက်ဆန္ဒပြမှုကို ပြန်လည် စတင်ခဲ့သည်။
၂၀၁၈ ခုနှစ် သြဂုတ်လကတည်းက မန္တလေးတက္ကသိုလ်အတွင်း Food Court ကို တင်ဒါခေါ်ယူခြင်း မရှိဘဲ ဆောင်ရွက်ကာ ဆောက်လုပ်ခြင်းဖြစ်ပြီး ကျောင်းသားသမဂ္ဂအနေဖြင့် ထောက်ခံသည့်ပုံစံ အတုအယောင်များ လုပ်ဆောင်ထားခြင်းလည်း ရှိနေခြင်းကြောင့် နိုင်ငံတော်သမ္မတနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားထားကြောင်း သိရသည်။
အဆိုပါ Food Court မှာ ယခုအခါ ပြီးစီးနေပြီရာ ယင်းနှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့၊ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့နှင့် Food Court ပိုင်ရှင်တို့ ညှိနှိုင်းပြီး ဆက်လက် လုပ်ဆောင်သွားမည်ဟု သိရသည်။
ပညာရေးဝန်ကြီးဌာန စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အပြီးသတ် ဆုံးဖြတ်ချက် ထုတ်ပြန်ပေးမှုနှင့် ဥပဒေချိုးဖောက်သည့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို အရေးမယူမချင်း သပိတ်မှောက်မှုကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သလို သပိတ်လှန်သင့်၊ မလှန်သင့်ကို ကျောင်းသားထု အစည်းအဝေး ဆုံးဖြတ်ချက်ရယူသွားမည်ဟု သိရသည်။
You may also like these stories:
ဆန္ဒပြ၍ အခမ်းအနားများကို အလွဲမသုံးဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး
အဝေးသင်ပညာရေး စနစ်သစ် အလိုမရှိကြောင်း မန္တလေးကျောင်းသားများ ဆန္ဒပြ