တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ၁၃၂ ဦးအထိရှိလာပြီး ရောဂါအဓိက ဖြစ်ပွားရာဒေသတွင် နောက်ထပ်ကူးစက်မှု ၈၄၀ ရှိကြောင်း အာဏာပိုင်များက အတည်ပြုလိုက်သော်လည်း တရုတ်အစိုးရက ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်သည်ဟု ယုံကြည်နေဆဲဖြစ်သည်။
တရုတ်နိုင်ငံတွင် ရောဂါကူးစက်ခံရသူအရေအတွက်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ၅၉၇၄ ဦးအထိရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ကြေညာသည်။
ဗိုင်းရပ်ပိုးကူးစက်ခံရသည်ဟု သံသယရှိသူ ၉၀၀၀ ကျော်ကို စောင့်ကြည့်နေကြောင်းလည်း ထိုကော်မရှင်က ပြောသည်။
ထိုဗိုင်းရပ်ပျံ့နှံ့မည်ကို စိုးရိမ်သောကြောင့် လေကြောင်းလိုင်းများသည် တရုတ်နိုင်ငံသို့ ခရီးစဉ်များကို လျှော့ချပြီး နိုင်ငံတကာကုမ္ပဏီများသည် တရုတ်နိုင်ငံသို့ ၎င်းတို့၏ ဝန်ထမ်းများသွားလာခြင်းကို ကန့်သတ်ထားကြသည်။
အင်္ဂါနေ့ကုန်ဆုံးသောအခါ နောက်ထပ်လူ ၂၅ ဦး ထိုဗိုင်းရပ်ပိုးကြောင့် သေဆုံးကြောင်း ဟူဘေးပြည်နယ် ကျန်းမာရေး အာဏာပိုင်များက ကြေညာသည်။
ထိုဗိုင်းရပ်ပိုးသည် လွန်ခဲ့သောနှစ်ကုန်က ဟူဘေးပြည်နယ် မြို့တော်သယ်ယူပို့ဆောင်ရေး ဗဟိုချက် ဝူဟန်တွင် ပေါ်ပေါက်လာပြီး ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန် တရုတ်နိုင်ငံက ထိုပြည်နယ်၏ ဒေသအများစုကို ပိတ်ဆို့ထားသည်။
ဟူဘေးပြည်နယ်မှ နောက်ဆုံးရရှိသော ကိန်းဂဏန်များအရ စုစုပေါင်း ကူးစက်ခံရသူအရေအတွက်မှာ ၂၀၀၃ ခုနှစ်က ပြင်းထန်သော အသက်ရှူလမ်းကြောင်းရောဂါ SARS ကူးစက်ခံရသူအရေအတွက်ထက် ပိုမိုများပြားနေသည်။
ထိုတုပ်ကွေးကဲ့သို့သောရောဂါသည် နိုင်ငံပေါင်း တဒါဇင်ကျော်သို့လည်း ကူးစက်နေသည်။
သို့သော် တရုတ်နိုင်ငံပြင်ပတွင် သေဆုံးမှုမရှိသေးပေ။
လူမှလူသို့ကူးစက်မှုများကို တရုတ်နိုင်ငံသို့ခရီးသွားခဲ့သူ တဦးအပြင် ဂျာမနီ၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ ဂျပန်တို့တွင်တွေ့ရပြီး ပူပန်မှုများမြင့်မားလာနေသည်။
ဝူဟန်တွင် ထိုဗိုင်းရပ်ပိုး ကူးစက်ခံရသူများကိုကုသရန် ဆေးရုံနှစ်ရုံ အမြန်တည်ဆောက်နေပြီး ပထမဆုံး ကုတင် ၁၀၀၀ ဆံ့ ဆေးရုံက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပြီးစီးမည်ဖြစ်သည်။ ဒုတိယဆေးရုံသည် ကုတင် ၁၃၀၀ မှ ၁၆၀၀ အထိ ရှိမည်ဖြစ်ကြောင်း ပြည်သူ့နေ့စဉ် သတင်းစာက ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရေးသားသည်။
2019-nCoV ဟု သိကြသော အသစ်တွေ့ရှိသည့် ကိုရိုနာဗိုင်းရပ်သည် နမိုးနီးယား ရောဂါကိုဖြစ်စေပြီး အခြား အသက်ရှူလမ်းကြောင်း ရောဂါများကဲ့သို့ပင် ချောင်းဆိုးနှာချေရာတွင် ထွက်လာသည့် ရေမှုန်များမှတဆင့် လူလူချင်းကူးစက်သည်။
“ဒီဗိုင်းရပ်က မကောင်းဆိုးရွားဖြစ်ပြီး ဒီမကောင်းဆိုးရွား ပုန်းအောင်းနေခွင့်မပြုနိုင်ဘူး” ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရို အက်ဟန်နွန် ဂျီဘရေးရီးစပ်နှင့် အင်္ဂါနေ့က ဘေဂျင်းတွင် တွေ့ဆုံစဉ်ပြောကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားက ဖော်ပြသည်။
“တရုတ်နိုင်ငံသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည်ဖြစ်ပြီး ဗိုင်းရပ်တားဆီးရာတွင် WHO ပါဝင်ဆောင်ရွက်ခြင်းကို ကြိုဆိုသည်။ တရုတ်နိုင်ငံသည်ထိုဗိုင်းရပ်နှင့် စစ်ပွဲတွင် အနိုင်ရမည်ဟု ယုံကြည်သည်” ဟုလည်း ပြောသည်။
သို့သော် တရုတ်နိုင်ငံ၏ အာမခံချက်သည် စိုးရိန်ပူပန်မှုများအား လျော့ကျစေခြင်းမရှိဘဲ ကမ္ဘာတဝှမ်းမှ ကျန်းမာရေးအာဏာပိုင်များသည် ၎င်းတို့နိုင်ငံများသို့ ရောဂါ မကူးစက်စေရန် အားထုတ်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေသည်။
အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်င်မှရောက်ရှိလာသည့် ခရီးသည်များအား ရောဂါရှာဖွေခြင်းကို လေဆိပ် ၅ ခုတွင်သာ ပြုလုပ်ရာမှ လေဆိပ် ၂၀ အထိ တိုးမြှင့်လုပ်ဆောင်နေပြီး ခရီးသွားလာမှု နောက်ထပ်ထိန်းချုပ်မှုများ ပြုလုပ်ရန် စဉ်းစားနေသည်။
“ခရီးသွားလာမှု ကန့်သတ်ခြင်းအပါအဝင် ကူးစက်ရောဂါပျံ့နှံ့မှုနဲ့ပတ်သက်ပြီး လုပ်ဆောင်စရာအားလုံး အသင့်ရှိတယ်” ဟု အမေရိကန်ကျန်းမာရေးဝန်ကြီး အဲလက် အက်ဇာက ပြောသည်။
အိမ်ဖြူတော်သည် တရုတ်နိုင်ငံမှ အမေရိကန်သို့ လေကြောင်းလိုင်းများကို ဆိုင်းငံ့ရန် မရွေးချယ်ဘဲ ထိုဗိုင်းရပ် ပြဿနာကို ဖြေရှင်းရန်ဆွေးနွေးနေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
ထရမ့်အစိုးရသည် အစည်းအဝေးတခုအပြီးတွင် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းရန် မစဉ်းစားကြောင်း လေကြောင်းကုမ္ပဏီများကို ပြောသည်ဟု လေကြောင်းလိုင်းများနှင့် အစိုးရ အရာရှိများက ပြောသည်။
ပြင်သစ်မှ ဂျပန်အထိ အစိုးရများသည် ၎င်းတို့ နိုင်ငံသားများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် စဉ်းစားနေပြီး တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ လနှင့်ချီဖြစ်ပွားရာ ဟောင်ကောင်သည် ပြည်မကြီးနှင့် ရထား၊ သင်္ဘောလမ်းကြောင်းများ ပိတ်ပင်ရန် စီစဉ်နေသည်။
ကျိုဒိုသတင်းတပုဒ်၏အဆိုအရ ဝူဟန်မြို့ရှိ ဂျပန်နိုင်ငံသား ၂၀၀ ကို လေယာဉ်တစီးဖြင့် ယနေ့မနက်ပိုင်းက ပြန်လည်သယ်ယူခဲ့ကြောင်း သိရသည်။
ယူနိုက်တက် လေကြောင်းလိုင်းကမူ လက်မှတ်ဝယ်လိုအား သိသိသာသာ ကျဆင်းနေသောကြောင့် အမေရိကန်နှင့် တရုတ်အကြား လေကြောင်းလိုင်းများကို စနေနေ့မှစတင်ပြီး တပတ်ကြာ ဆိုင်းငံ့ကြောင်း ကြေညာသည်။
၎င်းတို့၏ ကောင်စစ်ဝန်ရုံးဝန်ထမ်းများကို သယ်ဆောင်ရန် စင်းလုံးငှား လေယာဉ်တစင်း လာမည်ဖြစ်ကြောင်း ဘေဂျင်းရှိ အမေရိကန် သံရုံးက ကြေညာသည်။
ဥရောပကော်မရှင်ကလည်း ၎င်းတို့နိုင်ငံသားများကို သယ်ဆောင်ရန် လေယာဉ်နှစ်စင်း အတွက် ငွေကြေးထုတ်ပေးမည်ဖြစ်ပြီး ပထမဆုံးလေယာဉ် ခရီးစဉ်တွင် ပြင်သစ်နိုင်ငံသား ၂၅၀ ပါဝင်မည်ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံသည် ဝူဟန်နှင့် ဟူဘေးပြည်နယ်မှ ဖိလစ်ပိုင်နိုင်ငံသားများကို ပြန်လည်ခေါ်ယူရန် စီစဉ်နေသည်။ နိုင်ငံခြားရေးဌာနသည် ဟူဘေးမှ လေကြောင်းလိုင်းများ ရရှိရန် စီစဉ်နေသည်ဟု ကြေညာချက်တစောင်တွင် ဖော်ပြသည်။ ဖိလစ်ပိုင်သို့ ပြန်လာသူများသည် ၁၄ ရက်ကြာ သီးခြားထားရှိ စောင့်ကြည့်ခြင်း ခံရမည်ဖြစ်သည်။
သြစတြေးလျသည်လည်း ၎င်းတို့နိုင်ငံသားများ ဟူဘေးပြည်နယ်မှ ထွက်ခွာရန် ကူညီမည်ဖြစ်ပြီး ပြန်လာသူများကို ခရစ်စမတ်ကျွန်းတွင် သီးခြားထားရှိ စောင့်ကြည့်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် စကော့မောရစ်ဆင်က တရုတ်အစိုးရ သတင်းစာရှင်းလင်းပွဲတခုအပြီး ဇန်နဝါရီလ ၂၉ ရက်နေ့က ကြေညာသည်။
ကိုရိုနာဗိုင်းရပ်သည် ၎င်းတို့၏ စီးပွားရေးအပေါ်ရိုက်ခတ်မှုကို ပြောဆိုရန် စောလွန်းသေးကြောင်း Qantas လေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် အလန်ဂျိုက်စ်က ပြောသော်လည်း ဘေဂျင်းလေကြောင်းလိုင်းများကို အဆုံးသတ်ရန် သုံးသပ်နေကြောင်းပြောသည်။
သြစတြေးလျနိုင်ငံသည် ထိုကိုရိုနာဗိုင်းရပ်ကို အောင်မြင်စွာပွားယူပြီး ထိုသို့ လုပ်ဆောင်နိုင်ခြင်းက ကူးစက်ရောဂါပျံ့နှံ့ခြင်းကို ထိန်းချုပ်နိုင်မည်ဟု ကျွမ်းကျင်သူများက ပြောသည်။
WHO အနေဖြင့် ကိုရိုနာဗိုင်းရပ်ကို ပိုမိုနားလည်ရေးနှင့် ကူးစက်မှုကို ကမ္ဘာတဝှမ်း တုန့်ပြန်ရေးအတွက် နိုင်ငံတကာ ကျွမ်းကျင်သူများစေလွှတ်ရန် တရုတ်နိုင်ငံက သဘောတူထားသည်ဟု WHO က အင်္ဂါနေ့တွင် ပြောသည်။
အင်အားနည်းသော ကိုရိုနာဗိုင်းရပ်ကူးစက်မှုမှ နာလန်ထရန် တပတ်ကြာမည်ဖြစ်ကြောင်း တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်မှ ကျွမ်းကျင်သူတဦးက ပြောသည်။
ထိုဗိုင်းရပ်သည် ၁၀ ရက်အတွင်း အထွဋ်အထိပ် ရောက်သွားနိုင်ကြောင်း တရုတ်အစိုးရအဖွဲ့ထဲမှ ထိပ်သီး ကျွမ်းကျင်သူတဦးက ပြောသည်။
တချိန်တည်းတွင် ဘေဂျင်းရှိ ဆေးဆိုင်တဆိုင်သည် အွန်လိုင်း မျက်နှာဖုံးဈေးကို ၆ ဆ အထိ မြှင့်တင်လိုက်သောကြောင့် ယွမ် ၃ သန်း (ဒေါ်လာ ၅၉၀၀၀၀) ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း ဘေဂျင်းမြူနီစပယ် ဈေးကြီးကြပ်သူများက ကြေညာသည်။
ကိုးကား။ ။ The Straits Time, South China Morning Post
You may also like these stories:
မန္တလေးတွင် ရောက်ရှိသော ဝူဟန်မှ တရုတ်နိုင်ငံသား ၇၀ ကျော် ပြန်ခေါ်
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုဒုတိယအများဆုံးနိုင်ငံ ဖြစ်လာတဲ့ ထိုင်းနိုင်ငံ
ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ ဘယ်လို Mask မျိုး သုံးသင့်သလဲ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရအောင် ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းများ