တောင်ဒဂုံတွင် ဖြစ်ပွားခဲ့သည့် ခင်ပွန်းဟောင်းမှ ဇနီးသည်အား ဓာတ်ဆီလောင်း မီးရှို့ခဲ့သည့် ဖြစ်စဉ်အပေါ် မှန်ကန် မြန် ဆန်စွာ အမှုမှန် ပေါ်ပေါက်ရန် မျက်မြင်သက်သေများ ထွက်ဆိုပေးရန် အခက်အခဲရှိနေကြောင်း သိရသည်။
မီးရှို့ခံရသည့် မလွင်မာဦးနှင့် တရားဝင် ကွာရှင်းထားသည့် ခင်ပွန်းဟောင်းဖြစ်သူ တောင်ဒဂုံ (၂၆) ရပ်ကွက် ဂျပန်ကုန်း ကန်ဘက် ဝန်းကျင်တွင် နေထိုင်သည့် စိုးသူရ (ခေါ်) စိုးကြီးက ဇန်နဝါရီ ၁၁ ရက်က လာခေါ်သွားပြီး ၁၂ ရက် မနက် ၁၁ နာရီ ဝန်းကျင်၌ မိသားစုက မလွင်မာဦးကို ရန်ကုန်ဆေးရုံကြီးပေါ်တွင် မီးလောင်ဒဏ်ရာများနှင့် တွေ့ရှိခြင်း ဖြစ်သည်။
မလွင်မာဦးသည် မီးရှို့ခံရမှုကြောင့် ၎င်း၏ ခန္ဓာကိုယ် ၇၀ ရာခိုင်နှုန်းခန့် မီးလောင်ကျွမ်း ပျက်စီးသွားရသောကြောင့် ယခု အခါ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရသည်။
ထို့အတွက် မျက်မြင်သက်သေများက တရားရုံးတွင် မှန်ကန်သည့် ထွက်ဆိုချက်များဖြင့် ရဲရဲတင်းတင်း သက်သေထွက်ဆို ပေးကြရန် တောင်ဒဂုံ (၂၆) ရက်ကွက် ဂျပန်ကုန်း ကန်သာယာလမ်း ဝန်းကျင်ရှိ ရပ်ကွက်နေ ဒေသခံ အသိုင်းအဝိုင်းကို ကိုအောင်အောင်ဦးက တောင်းဆိုထားသည်။
မလွင်မာဦး၏ အစ်ကိုဖြစ်သူ ကိုအောင်အောင်ဦး က “ဒီအမှုက သာမန်လင်မယား ရန်ဖြစ်တဲ့ အမှု မဟုတ်ပါဘူး။ ဒါလူ သတ်မှုပါ။ အခုက အမှုအတွက် သက်သေ မထွက်ဆိုပေးရဲကြဘူး။ ဒီအတွက် မျက်မြင်တွေက မှန်ကန်တဲ့ ထွက်ဆိုချက် တွေနဲ့ ရဲရဲတင်းတင်း သက်သေ ထွက်ဆိုပေးကြဖို့ ကျနော်လိုက်ပြီး တောင်းဆိုချင်တယ်။ ကျနော်ကတော့ အပြင်ထွက်လို့ မရဘူး ဖြစ်နေလို့” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းအမှုဖြစ်ပွားခဲ့ရာ နေရာ၌ အနီးနားဝန်းကျင် အိမ်များမှ ၃ ဦးခန့် မြင်တွေ့ကြသည်ဟု ဧရာဝတီသို့ ပြောဆိုသော်လည်း ၎င်းတို့သည် ဌာနဆိုင်ရာသို့ သွားရောက်၍ သက်သေထွက်ဆိုရန် အခက်အခဲ ရှိနေသည်ဟု သိရသည်။
အခင်းဖြစ်ပွားသည့် ကားဘော်ဒီရုံအရှေ့တွင် နေထိုင်သည့် မျက်မြင်သက်သေ အမျိုးသမီးတဦးက “ကျမတို့က စိုးကြီးနဲ့လည်း ဘာအကန့်မှ မရှိဘူး။ ဘဲဥမ (လွင်မာဦး) နဲ့လည်း ဘာအကန့်မှ မရှိဘူး။ ကျမတို့က လက်လုပ်လက်စားတွေ ကိုယ့်အလုပ် ကိုယ်လုပ်မှ ကိုယ့်မိသားစု စားလို့ရတာ။ ရုံးရောက် ဂတ်ရောက်တွေလည်း ကျမတို့က မလုပ်ချင်ဘူး” ဟု ပြောသည်။
ထို့ပြင် တောင်ဒဂုံ ရဲစခန်းကလည်း အမှုစစ်လာပြီး နောက်ပိုင်း မည်သည့် ဆက်သွယ်မှုမျိုးမှ မလုပ်ခဲ့သည့် အတွက် ၎င်း အနေဖြင့် အမှုမှန် ပေါ်ပေါက်ရေး အတွက် စိုးရိမ်မှုရှိနေသည်ဟု ကိုအောင်အောင်ဦးက ဆိုသည်။
၎င်းက “ရဲစခန်းကတော့ အားမရဘူး။ ကျနော်တို့ ဖုန်းဆက်လည်း မကိုင်ဘူး။ အမှုစစ်ကို ဖုန်းဆက်တာတောင် မကိုင်ဘူး ဖြစ်နေတယ်။ ဒါပေမယ့် မနေ့ကတော့ (ဇန်နဝါရီ ၂၈ရက်) ရဲမှုခင်းဆိုင်ရာ ဆရာဝန်နဲ့ လာတွေ့မယ်။ ဆေးစစ်ချက် လာယူ မယ်လို့ ပြောတယ်။ အဲဒါ ကျနော့်ဆီတော့ မလာဘူး။ ဆရာဝန်ကြီးကို တိုက်ရိုက်သွားတွေ့တာလားတော့ မသိဘူး” ဟု ပြောသည်။
ဧရာဝတီမှလည်း ဇန်နဝါရီ ၂၈ ရက်၌ ရဲစခန်းသို့ ၃ ကြိမ် တိတိသွားရောက် မေးမြန်းသည့်အခါတွင်လည်း စခန်းမှူး မရှိခြင်း၊ အမှုကိုင် အရာရှိ မရှိခြင်းများကြောင့် တခြားသော ရဲတပ်ဖွဲ့ဝင် အရာရှိများက မှတ်ချက် တစုံတရာ မပြုခဲ့ပါ။ တယ်လီဖုန်းဖြင့် သီးခြားဆက်သွယ်ရာတွင်လည်း ဖြေကြားခြင်း မရှိပါ။
အမျိုးသမီးများ၏ နစ်နာမှုများ၊ အကြမ်းဖက်ခံရမှု စသည့် အရေးကိစ္စများအား ဥပဒေကြောင်းအရ လိုက်ပါ ဆောင်ရွက်ပေး နေသည့် ဥပဒေရေးရာ ကုစားရေးအဖွဲ့ (Legal Clinic Myanmar) က မလွင်မာဦး၏ အမှုကိစ္စကို တာဝန်ယူ ဆောင်ရွက် ပေးနေသည်ဟု သိရသည်။
ကိုအောင်အောင်ဦးက “ဒါပေမယ့် Legal clinic က ၂၇ ရက်ကနေ ၁ ရက် အထိ ခွင့်ယူထားတယ်။ အမှုအတွက်ကတော့ သူတို့ အစ/အဆုံး လုပ်ပေးမယ် ပြောတယ်။ လိုအပ်ရင်လည်း သူတို့ကို ဖုန်းဆက်ခေါ်ပါလို့ ပြောတယ်” ဟု ပြောသည်။
တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီကလည်း မြို့နယ်ပါတီ တာဝန်ရှိသူများ၊ ကာယကံ ရှင် မိသားစု အပါအဝင် မျက်မြင် သက်သေတချို့နှင့် သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပြီး ဖြစ်ကြောင်း၊ သို့သော် တွေ့ဆုံခဲ့ သည့် တင်ပြချက်များ မရှိသေးသည့်အတွက် လတ်တလော မျက်ချက် မပြုနိုင်သေးကြောင်း အမှုမှန်ပေါ်ရန် ကြိုးစားမည် ဟု ဆိုသည်။
၎င်းက “ကျနော်တို့ လူမှုရေး ကော်မတီကိုတော့ မိသားစုဝင်တွေ ကိုယ်တိုင် လိပ်မူပြီးတော့ တိုင်စာပို့လာမယ် ဆိုရင်တော့ ကော်မတီအနေနဲ့ ဒီကိစ္စကို စုံစမ်း စစ်ဆေးလို့ရမှာပါ” ဟု ဆက်လက်ပြောသည်။
ထိုအမှုကိစ္စသည် ၎င်းတို့မိသားစု တစုတည်း၏ ပြဿနာ ဖြစ်သော်လည်း ကျူးလွန်သူကို ကျသင့်သည့် ပြစ်ဒဏ်မချမိပါက နောင်တွင် ထိုသို့ မိုက်ရူးရဲစိတ်ရှိသောသူများ အများအပြား ရှိလာစေနိုင်ပြီး အလားတူ ဖြစ်စဉ်များမျိုးလည်း တနှစ်ထက် တနှစ် တိုးပွားလာနိုင်ကြောင်း ကိုအောင်အောင်ဦးက ထောက်ပြပြောဆိုသည်။
ထို့ကြောင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ခရိုင် လူမှုဝန်ထမ်း ဦးစီးဌာန (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးမှူးရုံး၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အမျိုးသမီးရေးရာ ကော်မတီ၊ ပြည်သူ့လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် ကော်မတီ ဥက္ကဋ္ဌ (နေပြည်တော်)၊ အမျိုးသား လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် ကော်မတီ ဥက္ကဋ္ဌ -(နေပြည်တော်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ၊ ရန်ကုန်တိုင်းလွှတ်တော်နှင့် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သို့ စာပို့ တောင်းဆိုသွားမည်ဟု သိရသည်။
You may also like these stories:
ဓာတ်ဆီလောင်း၍ မီးရှို့ခြင်း ခံခဲ့ရသည့် အမျိုးသမီး တရားမျှတမှုရမလား