ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန် တချို့မှာ လူအစုလိုက်ဖြင့် လုပ်ကိုင်နေကြရသည် ဖြစ်သည့်အတွက် ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ရန် နှာခေါင်းစည်း (Mask) များကို မဖြစ်မနေတပ်ရန် ညွှန်ကြားမှုများ ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) ရှိ အထည်ချုပ်နှင့် စက်ရုံတချို့တွင် ထိုကဲ့သို့ နှာခေါင်းစည်းများ တပ်ဆင်ကာ အလုပ်လုပ်ကြရန် ယမန်နေ့ (ဇန်နဝါရီ ၂၈) ရက်ကတည်းက ညွှန်ကြားလုပ်ကိုင်လာသလို တရုတ် နိုင်ငံသားများနှင့် နှီးနှော ဆက်နွယ် နေသည့် စက်ရုံတချို့၌လည်း ထိုကဲ့သို့ လုပ်ကိုင်ရန် စီမံလာကြကြောင်း အဆိုပါ စက်ရုံ တာဝန်ရှိသူ တချို့ က ပြောသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ ကျောက်စိမ်းဖိနပ်စက်ရုံမှ လူ့စွမ်းအား အရင်းအမြစ်ဌာန မန်နေဂျာဖြစ်သူ ကိုဇော်ဇော် အောင်က စက်ရုံအတွင်း လူစုလူဝေးဖြင့် လုပ်ကိုင်နေရသည့်အတွက် နှာခေါင်းစည်းများ တပ်ဆင်၍ အလုပ်လုပ်ကြရန် စီမံလုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြောသည်။
ကိုဇော်ဇော်အောင် က “ကျနော်တို့ကိုတော့ ဘယ်အုပ်ချုပ်ရေးပိုင်းကမှ ဒီလို လုပ်ရမယ်လို့ တရားဝင် ညွှန်ကြားချက်မျိုး မထုတ်ပြန်သေးပါဘူး။ ဒါပေမယ့် လူအများနဲ့ လုပ်ရတဲ့အတွက် ကိုယ့်အစီမံနဲ့ကိုယ် လုပ်နေပါပြီ။ ဒါက လူအများနဲ့ဆိုတော့ လိုအပ်တယ်လို့ ယူဆတယ်။ လူတွေ ရာနဲ့ချီ၊ ထောင်နဲ့ချီ လုပ်ကိုင်နေကြရတဲ့ စက်ရုံတွေမှာ ဒီလိုမျိုးက လုပ်သင့်တယ် လို့လည်း ကျနော်တို့ ယူဆတယ်” ဟု ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံ အတွင်းရှိ စက်ရုံ အလုပ်ရုံများတွင် တရုတ်နိုင်ငံသား အများအပြား ဝင်ရောက် လုပ်ကိုင်နေကြလျက် ရှိပြီး၊ ယခု တရုတ်နှစ်သစ်ကူးချိန်တွင် ၎င်းတို့ နေရပ်ထံပြန်သွားကာ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်လာကြ သည်ဆိုသော်လည်း လူအများနှင့် ထိစပ်နေသည့် လုပ်ငန်းများတွင် ထိုကဲ့သို့ ကြိုတင် ကာကွယ်မှုများ ပြုလုပ်ရမည် ဖြစ် သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
စက်ရုံ၊ အလုပ်ရုံများနှင့် ပတ်သက်ပြီး ယခင်ကတည်းက လူ ၁၀၀ ကျော်လျှင် ဆေးပေးခန်း၊ လူ ၃ဝဝ ကျော် လျှင် ဆေးပေးခန်းအပြင် သူနာပြု ဆရာမ၊ လူထောင်ကျော်လျှင် ဆရာဝန်များ ခန့်အပ်ထားရမည် ဆိုသည့် သတ်မှတ် ချက်များက ရှိနှင့်ပြီးသား ဖြစ်သလို စက်ရုံ အလုပ်ရုံများတွင် နှာခေါင်းစည်းများ အလုံအလောက် ထားရှိရန်၊ လူအများ အတွက် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြည့်ပြည့်စုံစုံ ထားရှိရန် စီစဉ်ထားပြီး ဖြစ်ကြောင်း ရွှေလင်ဗန်း စက် မှုဇုန်၊ ဇုန်စီမံခန့်ခွဲမှု ကော်မတီမှ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။
ထိုကဲ့သို့ လုပ်ဆောင်ရန်သည် မိမိတို့ စီမံခန့်ခွဲရေး ကော်မတီ အပြင် စက်ရုံ၊ အလုပ်ရုံများ၏ မူရင်း အော်ဒါအပ်နှံသူများ ကိုယ်တိုင် ကြီးကြပ်ထိန်းကွပ်မှုများ ပြုလုပ်ကြောင်း၊ ယခုလို ကိုရိုနာ ဗိုင်းရပ်စ်ပိုး မြန်မာနိုင်ငံသို့ ကူးစက်ခံရသည် ဆိုသည့် သတင်းများ မထွက်ပေါ်သေးသော်လည်း ထိုကဲ့သို့ လုပ်ကိုင်လာကြသည့် အတွက် ယခုလို စက်ရုံ အလုပ်ရုံများ၏ လုပ်ရပ် ကို ကြိုဆိုရမည် ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
ဦးအေးသောင်း က “အရင်တုန်းကလို အော်ဒါပေး၊ ဒီဘက်က ချုပ်၊ ပြီးတာနဲ့ ပြန်ပို့ ဆိုတဲ့ခေတ် မရှိတော့ဘူး။ အခုက အော် ဒါ အပ်နှံတဲ့ နိုင်ငံက ကုမ္ပဏီတွေ ကိုယ်တိုင် ဘယ်လို စက်ရုံတွင်း ဘယ်လို လုပ်ကိုင်ရမယ် ဆိုတဲ့ လမ်းညွှန်ချက်တွေ၊ စည်း မျဉ်းတွေ ဆိုတာ ရှိလာတယ်။ သူတို့ အသိအမှတ်ပြု အဖွဲ့တွေက လာစစ်ကြလာပြီ” ဟု ဆိုသည်။
ထိုကဲ့သို့ စက်မှုဇုန်တိုင်းမှ လူအများနှင့် လုပ်ကိုင်နေကြရသည့် စက်ရုံတိုင်း အနေဖြင့် ထိုကဲ့သို့ မဖြစ်မနေ နှာခေါင်းစည်း များ အသုံးပြုကာ လုပ်ငန်းခွင် ဝင်နိုင်ရေးအတွက် တိုင်းအစိုးရ အနေဖြင့် သီးသန့် ညွှန်ကြားချက် ထုတ်ပြန်ပေးမှသာ စက်ရုံအားလုံးက လိုက်နာနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) စက်မှုဇုန်မှ GEG အထည်ချုပ်စက်ရုံတွင် ဝင်ရောက် လုပ်ကိုင်နေသည့် မသန္တာ က “ကျမတို့ စက်ရုံ က မဖြစ်မနေဆိုပြီး mask တွေ ဇန်နဝါရီ ၂၈ က တပ်ခိုင်းတယ်။ အရင်က တပ်ခိုင်းတာမျိုး မရှိဘူး။ တခါတလေ တချို့ ဂွမ်း ကပ်တွေပါတဲ့ အထည်အော်ဒါ ချုပ်ရတဲ့အခါမှပဲ သူ့နဲ့ သက်ဆိုင်တဲ့ ချုပ်ရတဲ့ နေရာတွေကို တပ်ခိုင်းတာ။ အခုက စက်ရုံ တခုလုံး တပ်ခိုင်းတာ။ ၃ ရက်ကို နှာခေါင်းစည်း တခု ထုတ်ပေးမယ်တဲ့။ ကိုယ်တွေက ပေသွားလို့ နောက်နေ့ တပ်မရဘူး ဆိုရင်တော့ ကိုယ့်ဘာသာ အိမ်က ဝယ်တပ်ခဲ့ရမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း၌ စက်မှုဇုန်ပေါင်း ၂၂ ခု ရှိကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင် သေဆုံးသူဦးရေ ၁၃၂ ဦး အထိ မြင့်တက်လာကြောင်း တရုတ်နိုင်ငံ ကျန်းမာရေး အရာရှိများကို ကိုးကားပြီး ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းတွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့နှင့် စင်ကာပူနိုင်ငံတို့တွင် အခြေစိုက် သည့် CNBC သတင်းဌာနက ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ ပြင်ပတွင် ၁၃ နိုင်ငံအထိ အဆိုပါ ဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားနေပြီး မြန်မာနိုင်ငံတွင်မူ အဆိုပါ ဗိုင်းရပ်စ် ကူး စက်ခံရမှု မရှိသေးကြောင်းကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းနေသည့် တရုတ်လေကြောင်းလိုင်း ခရီးစဉ်များ ရပ်နားထားခြင်း၊ အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် နယ်စပ် ဝင်ထွက်ပေါက်များတွင် စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်-
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် မန္တလေးတိုင်းအတွင်း ပြင်ဆင်မှုပြုလုပ်ထားဟုဆို
ကိုရိုနာကြောင့် မြန်မာ-တရုတ် နယ်စပ် ကန်ပိုက်တည်ဂိတ်ကို ယာယီပိတ်
မြန်မာတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ မရှိသေးဟု ကျန်းမာရေး ဝန်ကြီးဌာန အတည်ပြု