ဖေဖော်ဝါရီလတွင်လည်း အအေးပိုဦးမည်
မြန်မာနိုင်ငံ အနေဖြင့် လာမည့် ဖေဖော်ဝါရီလတွင် ပုံမှန်ရှိတတ်သည့် အပူချိန်ထက် လျော့ကျပြီး အအေးပိုဦးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) မှ ခန့်မှန်းသည်။
မိုး/ဇလ ဒု ညွှန်ကြားရေးမှူး ဦးလှထွန်းက “အခုအေးတာက နောက်တရက် နှစ်ရက်လောက်နေရင် ပြန်နွေးလာပြီး တော့ ဖေဖော်ဝါရီမှာလည်း တခါ ပြန်အေးလာနိုင် သေးတာပေါ့။ ဖေဖော်ဝါရီလရဲ့ ပုံမှန်အပူချိန်ထက် လျော့ရင် အေးတယ် လို့ ပြောလို့ရတယ် ဒီလိုလျော့ဖို့လည်း ရှိသေးတယ်။ ဒီဇင်ဘာ၊ ဇန်နဝါရီတုန်းက အေးတာလောက်တော့ ရောက်ချင်မှ ရောက် မယ်”ဟု ပြောသည်။
မြန်မာနိုင်ငံ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ လေအေး ရပ်ဝန်းနှစ်ခုလုံး အားကောင်းနေသဖြင့် အအေး ပိုနေခြင်း ဖြစ်ကြောင်း မိုး/ဇလ မှ သိရသည်။

ဒု ညွှန်ကြားရေးမှူး ဦးလှထွန်းက “ပြီးခဲ့တဲ့ ရက်တွေတုန်းကတော့ ဟိမဝန္တာဘက်က လေအေးတွေရော တိဘက် ဒေသက လေအေးတွေရော နှစ်ခုလုံးက အားကောင်းပြီးတော့ မြန်မာနိုင်ငံဘက်ကို ရောက်လာတဲ့ အခါကျတော့ ည အပူချိန်တွေ ကျလာပြီး အအေးပိုလာတာ”ဟု ပြောသည်။
ဆောင်းရာသီတွင် တိဘက်ဒေသရှိ လေအေးရပ်ဝန်း အားကောင်းပါက မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းကို အအေး သက်ရောက် စေပြီး ဟိမဝန္တာရှိ လေအေးရပ်ဝန်း အားကောင်းပါက မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းကို အအေး သက်ရောက် စေကြောင်း မိုး/ဇလ ထံမှ သိရသည်။
ယခုကဲ့သို့ ရာသီဥတုအေးသည့် ကာလများတွင် ရာသီတုပ်ကွေး၊ အအေးပတ်ခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်းများ ဖြစ်တတ် သဖြင့် သတိပြုဆင်ခြင်ရန်နှင့် တကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ရန်၊ လူထူထပ်သည့် နေရာများ မသွားရောက်ရန် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ မျိုးသန့်က ပြောသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် လားရှိုး၊ ကျိုင်းတုံ၊ တောင်ကြီး၊ ဟာခါး နှင့် လွိုင်ကော် တို့တွင် အနိမ့်ဆုံး အပူချိန် ၀ ဒီဂရီ စင်တီဂရိတ် အောက် ရောက်ရှိကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။
ထို့ပြင် နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်တွေ၊ ပဲခူးနှင့် ပုသိမ်တို့တွင် အနိမ့်ဆုံး အပူချိန် ၁၄ ဒီဂရီစင်တီဂရိတ် အထိ ရှိခဲ့ သည့် အပြင် ရန်ကုန်၊ ဘားအံ နှင့် မော်လမြိုင်တို့တွင် ၁၆ ဒီဂရီစင်တီဂရိတ် အထိ ရှိကြောင်း မိုး/ဇလ ထုတ်ပြန်ချက်တွင် ပါရှိသည်။
You may also like these stories:
မီးတောင်ကို ကျော်၍ ပြာပူများကို ဖြတ်သန်းခြင်
လေထုအရည်အသွေး ကျဆင်းမှုကြောင့် ထိုင်းနိုင်ငံမှာ ကျောင်းပေါင်း ၄၅၀ နီးပါး ပိတ်ထား
ပင်လယ်ရေ မြင့်တက်လာမှုကြောင့် အင်ဒိုနီးရှားနိုင်ငံက ကျွန်း ၂ ကျွန်း ကွယ်ပျောက်