အမျိုးသားလွှတ်တော်၊ “အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ ကော်မတီ” အနေဖြင့် လုပ်ငန်း တာဝန်နှင့် ကချင်ပြည်နယ်၊ ဖားကန့်ဒေသသို့ ကွင်းဆင်းစစ်ဆေးရာ၌ နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးလာသည့် လာဘ်ငွေ များကို လုံးဝ လက်ခံခဲ့ခြင်း မရှိကြောင်း ရှင်းလင်းပြောကြားသည်။
ယနေ့ နေပြည်တော် လွှတ်တော် အဆောက်အဦဝင်းထဲရှိ ယင်းကော်မတီ၏ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေက မီဒီယာများသို့ အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ယင်းကော်မတီသည် ဖားကန့်ဒေသသို့ ဇန်နဝါရီလ ၅ ရက်နေ့မှ ၁၄ ရက်နေ့အထိ သွားရောက်ခဲ့ရာ ဇန်နဝါရီ ၇ ရက် နေ့ညတွင် ကျောက်မျက်လုပ်ငန်းရှင် အသင်းက အမည်ခံပြီး ဖိတ်ကျွေးသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပြီး အပြန် တွင် ထည့်ပေးလိုက်သည့် ဒေသထွက်ကုန်တချို့ကို လက်ခံမိခဲ့ကြောင်း သိရှိရသည်။
ဒေသထွက်ကုန် ဆိုသဖြင့် စားစရာ၊ ဒေသထွက် ကချင် ပုဆိုးများ ပေးသည်ဟု နားလည်ပြီး လက်ခံခဲ့ရာ နောက်တ ရက် ဇန်နဝါရီလ ၈ ရက်နေ့ မနက်ပိုင်းတွင် ယင်းလက်ဆောင်ပစ္စည်းများထဲတွင် ငွေ ၁ သောင်း ကျပ်တန်များ အထပ် လိုက် ပါဝင်နေကြောင်း သိရှိခဲ့ရသည်ဟု အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဦးသိမ်းဆွေက ပြောသည်။
ယင်းလက်ဆောင် ထည့်ပေးလိုက်သူမှာ ပွင့်ထူးစံ ကုမ္ပဏီပိုင်ရှင် တင်ချန့် ဆိုသူ ဖြစ်ကြောင်း သိရှိရသဖြင့် ယင်းငွေ ကြေးများကို ပြန်လာယူရန်နှင့် လက်ဆောင်ပစ္စည်းများပါ ပြန်ထည့်ပေးလိုက်ကြောင်း၊ ပြန်ရရှိသည့် အကြောင်းကို လည်း စာရေးပြီး လက်မှတ်ထိုးခိုင်းခဲ့သည်ဟု သိရသည်။
ဦးသိမ်းဆွေက “ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တွေ့တာကတော့ ၁ သောင်းတန်တွေ အထပ်လိုက်ပါ။ ဒါက နှစ်သစ်ကူး ပေးတာ။ အဲဒီလို ပေးတာကို အခုလို ပြန်ပေးတာကို တခါမှ မကြုံခဲ့ရဘူးတဲ့။ ဒါတော့ ကျနော် မယူချင် ဘူးတဲ့။ ဒါက လက်ဆောင် ပေးတာပဲတဲ့။ ဒါပေမယ့် လက်ခံလို့ မရဘူးလို့။ ပြန်ပေးလိုက်ပါတယ်”ဟု ပြောသည်။
ဇန်နဝါရီလ ၇ ရက်နေ့က ပြုလုပ်သည့် ညစာစားပွဲသို့ တက်ရောက်သူများမှာ အမျိုးသား လွှတ်တော်မှ ကော်မတီဝင် များ သာမက တပ်မတော်မှ နယ်မြေခံ တပ်မမှူးများ၊ ရဲဗျူဟာမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောက်မျက် လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌလည်း ပါဝင်သဖြင့် ၎င်းတို့ ရရှိသည့် လက်ဆောင်ပစ္စည်းများကိုမူ ပြန်လည် ပေးအပ်ခြင်း ရှိ၊ မရှိ မသိရကြောင်း အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ ကော်မတီထံမှ သိရသည်။
“ကျနော်တို့ကို သီးခြား ကော်မတီကိုချည်းပဲ ဖိတ်တာ မဟုတ်ပါဘူး။ ကျနော်တို့အားလုံးကို ညစာကျွေးချင်လို့ပါ ဆိုတဲ့ အတွက် အားလုံး သွားပြီး စားပါတယ်။ စားပြီးတဲ့အခါ အပြန်မှာ ဒေသထွက် ပုဆိုးလေးတွေ ပေးချင်တယ်ဆိုပြီးတော့ ပြောပါတယ်။ ကျနော်တို့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ လက်နဲ့ မထိတွေ့ပါဘူး”ဟု ဦးသိန်းဆွေက ပြောသည်။
ယင်းလက်ဆောင်ထုပ်များကို ကော်မတီဝင်များ၏ ကားပေါ်သို့ သက်ဆိုင်ရာ ကျောက်မျက်အသင်းမှ ပုဂ္ဂိုလ်များက တင်ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ အိတ်ကို တိပ်နှင့် ပိတ်ထားကြောင်း၊ နှစ်သစ်ကူးလက်ဆောင် အန်ပေါင်းပေးသည် ဟု ပြောဆိုပြီး ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ဆောင်ပေးလိုက်သည့် ပုဂ္ဂိုလ် ပိုင်ဆိုင်သော ပွင့်ထူးစံ ကုမ္ပဏီမှာ ဖားကန့်ဒေသတွင် တရားဝင် မှတ်ပုံတင်ထား သည့် သက်တမ်းရှိ အစိုးရနှင့် အကျိုးတူ လုပ်ကွက်စာရင်းတွင်လည်း မပါဝင်ကြောင်း၊ ဖားကန့်ဒေသတွင် အစိုးရနှင့် အကျိုးတူ ကုမ္ပဏီ ၇ ခုသာ ရှိကြောင်းလည်း ဦးသိမ်းဆွေက ပြောသည်။
“အဲဒီပုဂ္ဂိုလ်ရောက်လာတဲ့အခါမှာ လက်ဆောင်ပေးတာကို ကျေးဇူးတင်တယ်။ ဒါပေမယ့် ဒီငွေကို လက်ခံလို့ မရဘူး။ အဲဒါကြောင့် ဒီငွေအကုန်လုံး ဒါတွေ အကုန်လုံးကို ပြန်ယူသွားပါ ဆိုပြီးတော့ အကုန်လုံး ပြန်ပြီး ပေးအပ်လိုက်ပါတယ်။
ကျနော်တို့ သံသယကင်းစွာ အလုပ်လုပ်နိုင်ဖို့ ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။
သို့သော် ၎င်းတို့ ကော်မတီ ကွင်းဆင်း စစ်ဆေးနေစဉ်အတွင်း ဇန်နဝါရီလ ၉ ရက်နေ့၌ Moe Zay Nyein အကောင့်ပိုင် ရှင်က “ဖားကန့်မှာ တရားမဝင် ကျောက်စိမ်း အကြီးအကျယ် ခိုးတူးနေတဲ့ ပွင့်ထူးစံ ကုမ္ပဏီက အမျိုးသား လွှတ်တော် အမတ်တွေကို ညစာဖိတ်ကျွေးပြီး လက်ဆောင်ပစ္စည်းတွေထဲ ငွေထုပ်ထည့်ပေးလိုက်လို့ ခိုးကျင်းကိစ္စ ပါးစပ်ပိတ်သွား ကြတယ်။ ပွင့်ထူးစံ ကုမ္ပဏီ ပိုင်ရှင် တင်ချန့်ဆိုသူဟာ ၁၀၁ တပ်မမှူး မောင်မောင်ဇံနဲ့ ကချင်ပြည်နယ်က စစ်တိုင်းမှူး အပါအဝင် ဗိုလ်ချုပ်တွေကို ထောင်ထဲပို့ခဲ့သူပါ”ဟု ရေးသားခဲ့သည်။
ထိုသို့ ရေးသားအပြီး ၂ ရက်အကြာတွင် ယင်းပို့စ်ကို ပြန်ဖြုတ်သွားခဲ့သော်လည်း ကော်ပီ ကူးယူသူတချို့က ပြန်လည် တင်ပြနေသဖြင့် ၎င်းတို့ ကော်မတီနှင့် ကော်မတီဝင်များ၏ ဂုဏ်သိက္ခာတို့ ထိခိုက်ရသဖြင့် ယင်းအကောင့် ပိုင်ရှင်ကို အရေးယူပေးရန် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မှတဆင့် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ထံ ကော်မတီက တင်ပြထားသည်။
ဖားကန့်သို့ သွားရောက်ခဲ့သည့် အမျိုးသား လွှတ်တော်မှ ကော်မတီဝင်များမှာ ယင်းကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေ၊ ကြံ့ခိုင်ရေးပါတီဝင် ယင်းကော်မတီအတွင်းရေးမှူး ဦးကျော်နီနိုင်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်ဆွေ၊ ဦးမင်းဆွေနိုင်၊ ဦးမွန်အေး၊ ဒေါက်တာ ခွန်ဝင်းသောင်း၊ ဦးခင်မောင် လတ်၊ ဒေါ်မြတ်သီတာထွန်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြသီတာဝင်းတို့ ဖြစ်ကြောင်း သိရသည်။
ယင်းဖားကန့်ဒေသ အရေးအရာများကို အမျိုးသား လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သူ NLD ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကိုလည်း ကေ်ာမတီက ခေါ်ယူသဖြင့် လိုက်ပါကြောင်း သိရသည်။
ယခု ငွေပေးသည့် ကိစ္စနှင့် ပတ်သက်၍ ဦးခင်မောင်မြင့်က ယခုကိစ္စသည် တိုင်းနှင့်ပြည်နယ် ဝန်ကြီးများ၊ ဝန်ကြီးချုပ် များကို လွှတ်တော်က Check and Balance လုပ်ရမည်ကို ပြသလိုက်သည့် ခေါင်းလောင်းဖြစ်ကြောင်း မီဒီယာများကို ပြောသည်။
“ကျနော်တို့ ပြည်နယ်တခုတည်း မဟုတ်ဘူး။ တိုင်းနဲ့ပြည်နယ် အားလုံးမှာ ကျနော်ပြောချင်တာက ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေပါ ကျနော်တို့ ပါတီကနေမှ ထိန်းဖို့ လိုအပ်နေပြီဆိုတာ ပွင့်ပွင့်လင်းလင်း ပြောပါတယ်”ဟု ဦးခင်မောင်မြင့် က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ မေလက အစိုးရက လုပ်ကွက် သက်တမ်း ထပ်မံ မတိုးတော့သည့် ကချင်ပြည်နယ် ဖားကန့် မြို့နယ်ရှိ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများကို လာဘ်ယူကာ ဆက်လက် တူးဖော်ခွင့်ပြုခဲ့သော အနောက်တောင် တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူနေသူ ဗိုလ်ချုပ် ညီညီဆွေနှင့် အမှတ် ၁၀၁ တပ်မမှူးဖြစ်သူ ဗိုလ်မှူးချုပ် မောင်မောင်ဇံတို့မှာ တာဝန်မှ ရပ်စဲခံခဲ့ရဖူးသည်။
ဆက်စပ်လင့်
ဖားကန့်တွင် လာဘ်စားမှုဖြင့် တပ်မတော် အရာရှိကြီးများ တာဝန်မှ ရပ်ဆိုင်း