တရုတ်နိုင်ငံ ဝူဟန်မြို့မှ မန္တလေးသို့ ပြန်လည် ခေါ်ဆောင်ရန် စီစဉ်နေသည့် မြန်မာကျောင်းသား ၆၀ ကျော်ရောက်ရှိ လာပါက လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်နိုင်ရန် အဆင်သင့် ပြင်ထားပြီး ဖြစ်ကြောင်း မန္တလေး တိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ဧရာဝတီကို ပြောသည်။
“ဝူဟန်မြို့မှာ ရောက်ရှိနေတဲ့ ကျောင်းသား ၆၀ တင်မကပါဘူး။ ကျနော်တို့ နိုင်ငံသား မည်သူမဆို ဒါ့အပြင် သံသ ယ ရှိတဲ့လူနာ၊ ရောဂါဖြစ်ပွားတဲ့သူ ရှိလာခဲ့ရင် စောင့်ရှောက်ဖို့က Quarantine (ယာယီ ကျန်းမာရေးစခန်း) က လုပ် ငန်းစဉ် တခုဖြစ်တယ်။ အဲဒီအတွက်ကို နေရာဒေသ၊ ဆေးရုံ ပြင်ဆင်ပြီး ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ဇန်နဝါရီ၂၆ ရက်က နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တဆင့် တရုတ်သံရုံးသို့ ချိတ်ဆက်ကာ လက်ရှိ တရုတ်နိုင်ငံ ဝူဟန်မြို့ တွင် ရောက်ရှိနေသော မြန်မာကျောင်းသားများအား နေရပ်ပြန်လည် ခေါ်ဆောင်ရေးအတွက် ဆောင်ရွက်လျက် ရှိ သည်ဟု သိရသည်။
အဆိုပါ ကျောင်းသားများအား ဝူဟန်မြို့မှ အနီးဆုံး လေကြောင်းခရီးစဉ် ဖြစ်သော မန္တလေးမြို့သို့ ပို့ဆောင်ပေးရန် အစီအစဉ် ဖြစ်သော်လည်း ဇန်နဝါရီ ၂၇ ရက်က တရုတ်သံရုံးဘက်မှ အကြောင်းပြန်ကြားချက်အရ တရုတ်နိုင်ငံ အစိုးရ သည် WHO စံနှုန်းနှင့် အညီ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်လျက်ရှိသလို ၎င်းတို့နိုင်ငံအတွင်း ရောက်ရှိနေသော နိုင်ငံ ခြားသားများအား နေရပ် ပြန်လည်ခေါ်ယူရန် အဆင့်အထိ အခြေအနေ မဆိုးရွားသေးဘဲ လိုအပ်သော အစာနှင့် ဆေး ဝါးများအား ထောက်ပံ့လျက် ရှိသည်ဟုလည်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောပြသည်။
တရုတ်နိုင်ငံဘက်မှ ထိုသို့ ပြောဆိုနေသော်လည်း အာရှတနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံကမူ ဝူဟန်မြို့တွင် ရောက်ရှိနေ သည့် ယင်းတို့ နိုင်ငံသားများကို စင်းလုံးငှား လေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးနေပြီဖြစ်ကြောင်း ကမ္ဘာ့သတင်းများတွင် ဖော်ပြနေသည်။
မြန်မာ ကျောင်းသားများအား နေရပ်ပြန်လည် ခေါ်ယူရေးမှာ ရက်အတိအကျ မသိရှိရသေးသော်လည်း ရောက်ရှိလာ ပါက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ/မရှိနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်နိုင်ရန်အတွက် မန္တလေးမြို့တွင် ပြင်ဆင်ထားပြီး ဖြစ်သည်ဟု မန္တလေးတိုင်း အဆုတ်ရောင်ရောဂါ 2019 Novel coronavirus စောင့် ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီ (Surveillance and Respond Team – SRT) ဥက္ကဋ္ဌ မန္တလေး မြို့ တော်ဝန် ဒေါက်တာ ရဲလွင်က ပြောသည်။
“မြန်မာ ကျောင်းသားတွေ ပြန်လာမယ်ဆိုရင် ပြန်လာနိုင်တဲ့ အနေအထားမျိုးလည်း ရှိလာပြီဆိုတော့ မန္တလေးမှာ အ ကုန် ready လုပ်ထားပေးပြီးပြီ။ ဒါပေမယ့် သူတို့ အကုန်လုံးက သာမန်လူကောင်းတွေချည်းပဲ။ ဘာမှ စိုးရိမ်စရာ မရှိ ဘူး။ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (Under surveillance) လုပ်ပေးတဲ့ သဘောမျိုးပါပဲ” ဟု ဒေါက်တာ ရဲလွင် က ပြောဆိုသည်။
ထို့အတွက် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ ကန်တော် နဒီဆေးရုံတွင် သီးသန့် ပြင်ဆင်ထားပြီး ကျောင်းသားများ ရောက်ရှိ လာပါက ၁၄ ရက် ကျန်းမာရေး စောင့်ကြည့်မှု (Quarantine) ခံယူရရန် ဆောင်ရွက်ပြီး ဖြစ်သည်ဟု သိရသည်။
ဦးဇာနည်အောင်က “ဒီကိစ္စက မန္တလေးတိုင်း အစိုးရအဖွဲ့က ဆောင်ရွက်နိုင်တဲ့ အတိုင်းအတာရဲ့ အပြင်ဘက်မှာ ရှိ တယ်။ သို့သော် ကျနော် နားလည် ယုံကြည်တာက လက်ရှိ အစိုးရကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု အစိုး ရအဖွဲ့က ဒါကို လျစ်လျူရှုနေမှာ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံအတွင်းမှာ မရှိပေမယ့် မည်သည့်နေရာမှာ ရောက်နေ ရောက်နေ ကိုယ့်နိုင်ငံသားတွေရဲ့ အကျိုးစီးပွား၊ စိတ်လုံခြုံမှုအတွက် နှောင့်နှေးကြန့်ကြာခြင်း မရှိဘဲ ရနိုင်တဲ့ နည်း လမ်းများနဲ့ပဲ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ယနေ့တွင် တရုတ်နိုင်ငံ ဝူဟန်မြို့ရောက် အမေရိကန်နှင့် ဂျပန်နိုင်ငံသားများအား သက်ဆိုင်ရာ နိုင်ငံများ၏ သံရုံးများမှ တဆင့် နေရပ်သို့ ပြန်လည် ခေါ်ဆောင်သွားပြီး ဖြစ်ရာ ဝူဟန်ရောက် မြန်မာနိုင်ငံသားများ အနေဖြင့်လည်း နေရပ်သို့ ပြန်ခွင့်ရရန် စောင့်ဆိုင်းလျက် ရှိသည်ဟု လက်ရှိ ဝူဟန်မြို့တွင် ကျောင်းတက်နေသော မြန်မာကျောင်းသား ကိုစည်သူ ထွန်းက ၎င်း၏ Facebook တွင် ရေးသားထားသည်။
တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃၂ ဦး ရှိလာပြီး တရုတ်နိုင်ငံသာမက အခြားနိုင်ငံ ၁၅ နိုင်ငံကျော်ကို ကူးစက်လျက်ရှိကာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၆၀၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း ယနေ့မနက် ထုတ်ပြန်ချက်များ အရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
မန္တလေးတွင် ရောက်ရှိသော ဝူဟန်မှ တရုတ်နိုင်ငံသား ၇၀ ကျော် ပြန်ခေါ်
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် မန္တလေးတိုင်းအတွင်း ပြင်ဆင်မှုပြုလုပ်ထားဟုဆို