အဂတိမှုဖြင့် တရားစွဲဆိုခံထားရသည့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိဟောင်း ဦးစန်းမောင်ဦးတို့ ဇနီးမောင်နှံ၏ ဘဏ်အကောင့်များမှ သံသယဖြစ်ဖွယ်ရာ ငွေလွဲပြောင်းမှုများ စစ်ဆေးတွေ့ရှိကြောင်း တရားလိုမှ ထွက်ဆိုခဲ့သည်ဟု သိရသည်။
ထိုထွက်ဆိုချက်ကို တရားလိုဖြစ်သည့် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ လက်ထောက် ညွန်ကြားရေးမှူး ဦးမိုးကျော်လွင်က ဇန်နဝါရီလ ၂၈ ရက်နေ့၊ ရန်ကုန်တိုင်းတရားရုံးတွင် ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။
တရားလို ဦးမိုးကျော်လွင် က “ကျနော်တို့က သူတို့တွေရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးခဲ့တယ်။ စန်းမောင်ဦးရဲ့ ဘဏ်စာရင်းက ၂၁ ခု၊ သူ့အမျိုးသမီးရဲ့ ဘဏ်စာရင်းက ၂၉ ခုရှိတယ်။ အဲဒါကိုတွေ့တယ်။ နောက် မသင်္ကာစရာ ရှိတဲ့ ငွေသွင်းငွေထုတ်နဲ့ပတ်သက်ပြီး စီစစ်တယ်။ စစ်ဆေးပေါ်ပေါက်ချက်တွေအရ ကျနော်တို့ကနေ ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို လွှဲပေးခဲ့တယ်ဆိုပြီး ကျနော် တရားခွင်မှာ ထွက်ဆိုခဲ့တယ်” ဟု ပြောသည်။
ဦးစန်းမောင်ဦးသည် မြန်မာနိုင်ငံတွင် ဘဏ်အကောင့် ၂၀ ခုနှင့် ထိုင်းနိုင်ငံ Kbank တွင်လည်း ဘဏ်အကောင့် ၁ ခု ဖွင့်ထားပြီး ၎င်း၏ ဇနီးဖြစ်သူ ကလည်း မြန်မာနိုင်ငံ၌ ဖွင့်ထားသည့် ဘဏ်အကောင့် ၂၉ ခု ရှိကြောင်း သိရသည်။
စစ်ဆေးမှုနှင့်ပတ်သက်ပြီး “ငွေသွင်းငွေထုတ်ဆိုတာက အရမ်းများတဲ့အတွက် အဲဒါတွေတော့ မထည့်တော့ဘူး။ အဲဒီအထဲကမှ မသင်္ကာ ဖွယ်ရာ ငွေသွင်းငွေထုတ် ပမာဏများတဲ့ သိန်းတရာတို့၊ သိန်း ၂၀၀ တို့ အဲဒါတွေကို အကြမ်းဖျင်း စိစစ်တာ” ဟု ၎င်းက ရှင်းပြသည်။
သံအရာရှိဟောင်း ဦးစန်းမောင်ဦး တာဝန်ထမ်းဆောင်နေသည့် ၁ နှစ်အတွင်း ပြည်ပ အလုပ်အကိုင် အေဂျင်စီ ကုမ္ပဏီများ ထံမှ ထိုင်းဘတ်ငွေ ၄၄၄၇၃၀၀ (ကျပ်သိန်းနှစ်ထောင်ကျော်) ကို လာဘ်ငွေ ရယူခဲ့ကြောင်း တိုင်ကြား ခံထားရသူဖြစ်သည်။
အဂတိကော်မရှင်၏ စစ်ဆေးချက်အရ ဦးစန်းမောင်ဦးသည် ပြည်ပ အလုပ်အကိုင် အေဂျင်စီ ကုမ္ပဏီများထံမှ လာဘ်ငွေရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ၎င်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ဖြင့် တရားစွဲဆို အရေးယူထားခြင်းဖြစ်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ တွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူ မည်သူမဆို လာဘ်ပေးလာဘ်ယူ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ဦးစန်းမောင်ဦး၏အမှုကို ဖေဖော်ဝါရီလ ၄ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ပြီး ထိုရုံးချိန်းတွင် အပြန်အလှန် စစ်မေးခြင်းများပြုလုပ်မည်ဟု သိရသည်။
You may also like these stories:
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမားသံအရာရှိဟောင်း အဂတိလိုက်စားမှု စတင်စစ်ဆေး
အလုပ်သမား သံအရာရှိဟောင်း၏ အဂတိအမှု ရဲမလာ၍ မစစ်ဆေးဖြစ်
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား သံအရာရှိကို အဂတိ လိုက်စားဖြင့် အရေးယူ
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ လာဘ်စားမှုဖြင့်စစ်ဆေးခံရ