ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲနှင့် နမ့်ဆန်မြို့နယ်၌ ဇန်နဝါရီလအတွင်း မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသည့် အရပ်သား ၁၀ ဦး ရှိပြီဟု ကျောက်မဲနှင့် နမ့်ဆန်မြို့နယ်တို့မှ မိုင်းထိသူများကို ကယ်ဆယ်ရေး လုပ်ပေးနေသည့် အိုမ်တမာဝ် လူမှုကူညီရေး အသင်းက ပြောသည်။
အိုမ်တမာဝ် လူမှုကူညီရေး အသင်း၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုတမိုင်း က “မနေ့က ထပ်ထိတဲ့ ၃ ယောက်နဲ့ ဆို ဒီလထဲမှာ မိုင်းထိတာ ၁၀ ယောက် ရှိပါပြီ။ ထိတဲ့ ၁၀ ယောက်ထဲမှာ ထိခိုက်ဒဏ်ရာတွေ တော်တော် ဆိုးဆိုးဝါးဝါး ရှိတယ်။ ခြေကျိုးပြီး လုံးဝ ခြေဖြတ်ပစ်လိုက်ရတာက၂ ယောက်ပါ။ ဒါက ဇန်နဝါရီလ ၆ ရက်ကနေ စပြီး ဒီနေ့ထိ ထိတဲ့ စာရင်းပါ” ဟု ပြောသည်။
မိုင်းထိသူ ၁၀ ဦးသည် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ကွင်းစလန်း ကျေးရွာအုပ်စု ကွင်းစလန်းရွာ၊ ပန်လော့ရွာ၊ ကျောက်မဲမြို့နယ်၊ အာဗြောင်ရွာ၊ ခုံငင်းရွာ၊ ကြက်သေရွာ၊ နမ့်ဆန်မြို့နယ်၊ နမ့်တွေရွာနှင့် ပန်နင်းကျေးရွာတို့မှ ဖြစ် သည်။
လက်ရှိတွင် မိုင်းထိထားသူများမှာ ကျောက်မဲနှင့် လားရှိုးမြို့ရှိ ဆေးရုံများတွင် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်ဟု သိရသည်။
မိုင်းထိထားသူများထဲမှ ခုံငင်းရွာနှင့် အာဗြောင်ရွာမှ ဒေသခံ ၂ ဦးမှာ ခြေထောက်များ ဖြတ်တောက်ပစ်ရသည့် အ ဆင့် မရှိသေးသော်လည်း ပေါင်ရင်းမှကျိုးသွားပြီး ခြေနှစ်ဖက်လုံးတွင် ဒဏ်ရာများ ပြင်းပြင်းထန်ထန် ရရှိထားသည် ဟု ကိုတမိုင်းက ပြောသည်။
ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ်သည် တောင်ပေါ်လမ်းများ အတိုင်း ကျေးရွာ တရွာနှင့်တရွာ နယ်နိမိတ် ဆက် စပ်နေပြီး အရပ်သားများ မိုင်းထိသည့် နေရာများသည် တပ်မတော်နှင့် တအန်း အမျိုးသား လွတ်မြောက်ရေး တပ် မတော် (TNLA) တို့ လှုပ်ရှားပြီး ၎င်းတို့ကြား စစ်ရေး တင်းမာမှုများ ရှိနေသည့် ဒေသများ ဖြစ်သည်။
ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ် ဆက်စပ်ထားသည့် တောင်ပေါ် ဒေသတကြောတွင် TNLA နှင့် စစ်ရေးအရ ပြေ လည်ခြင်း မရှိသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တပ်ဖွဲ့ဝင်များလည်း လှုပ်ရှားသည်။
ယခုလ အတွင်း မိုင်းထိသူ ၁၀ ဦးအနက် ၉ ဦးမှာ ၎င်းတို့ ပုံမှန်သွားလာနေကြ တရွာနှင့် တရွာဆက်ထားသည့် ကား လမ်းမ၊ တောင်ပေါ်ရှိ လက်ဖက်ခြံနှင့် တောင်ယာလုပ်ငန်းများကို လုပ်ကိုင်ရန်အတွက် သွားလာသည့် လမ်းများတွင် မိုင်းနင်းမိကြခြင်း ဖြစ်သည်ဟု ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
ကျန် ၁ ဦး ဖြစ်သည့် ကျောက်ဖြူရွာ ဒေသခံ၊ အသက် ၄၉ နှစ် အရွယ် မိုင်းအိုက်လင်းမှာ တပ်မတော်စစ်ကြောင်း၏ လမ်းပြအဖြစ် ခေါ်ဆောင်သွားခံရပြီး ဇန်နဝါရီ ၂၈ ရက်တွင် မိုင်းထိသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
မိုင်းအိုက်လင်းကို ဆေးရုံပို့ပေးသည့် အိုမ်တမာဝ် အဖွဲ့ကလည်း တပ်မတော် စစ်ကြောင်းက လမ်းပြအဖြစ် ခေါ်သွားပြီး လမ်းတွင် မိုင်းပေါက်ကွဲခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။
မိုင်းအိုက်လင်းကို လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီးနောက် မိုင်းထိသည့် သတင်း အချက်အလက်နှင့် ပတ်သက်၍ မေး မြန်းရန် ဧရာဝတီမှ တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူများကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှလည်း မိုင်းအိုက်လင်း မိုင်းနင်းမိပြီး ဆေးရုံရောက်သည့် သတင်းကို ထုတ်ပြန် ထားခြင်း မရှိသေးပါ။
ကိုတမိုင်း က “တိုက်ပွဲ မဖြစ်တဲ့ နေရာတွေကျတော့ မိုင်းထိတာ သိပ်မကြားရဘူး။ တရက်နှစ်ရက် တိုက်ပွဲဖြစ် ထားပြီ ဆိုရင် သေချာတယ် ရွာသားတွေ မိုင်းထိကြတယ်။ ဘယ်သူ့ မိုင်းဆိုတာကတော့ ပြောလို့မရဘူး။ ဒီမှာက အဖွဲ့ပေါင်းစုံ လည်းရှိတော့ ဘယ်အဖွဲ့က ဆိုတာ ပြောလို့မရဘူး။ အခုက မိုင်းက ဘယ်အဖွဲ့အစည်းမဆို အကုန် သုံးနေကြတာ” ဟု ပြောသည်။
မိုင်းထိပြီး ဒဏ်ရာရရှိထားကြသည့် အရပ်သားများမှာ တောင်ပေါ်ရွာနေ လက်ဖက် စိုက်ခင်းများကို အဓိက စိုက်ပျိုးပြီး စီးပွားရေး လုပ်ကြကာ စီးပွားရေး ပြေလည်ကြသူများ မဟုတ်သဖြင့် ဆေးရုံတက်ရသည့် စရိတ်နှင့် ဆေးဖိုးဝါးခများကို အိုမ်တမာဝ်အဖွဲ့မှ ကူညီထားပြီး အခြား အရပ်ဘက်အဖွဲ့အစည်းများ၊ ပြင်ပ အလှူရှင်များထံမှ အလှူငွေ ရရန်လည်း ချိတ်ဆက်ပေးထားသည်ဟု ကိုတမိုင်းက ဆိုသည်။
ဆက်လက်ပြီး ၎င်းက “အခု ၂၀၂၀ ထဲမှာ မိုင်းထိသူအားလုံးက မိသားစုက မှီခိုနေရသူတွေချည်းပဲ။ မနေ့က ထိတဲ့ သားအမိ နှစ်ယောက်ဆိုရင် လက်ဖက်ခြံထဲမှာ ထိတာ။ သေချာတယ် သူတို့မိသားစု စားဝတ်နေရေး အဆင်ပြေမှာ မဟုတ်ဘူး။ နောက် အမျိုးသားတွေ ဆိုရင်လည်း အိမ်တွေမှာ အိမ်ထောင်ဦးစီး တာဝန်ယူထား သူတွေပါပဲ။ ခြေဖြတ် ပစ်ရတဲ့ ၂ ယောက်ဆိုရင် တယောက်က သူ့အမေက မှီခိုနေရတာ တယောက်ကလည်း အိမ်ရဲ့ စားဝတ်နေရေးကို တာဝန်ယူနေရတဲ့ အမျိုးသမီးပါ” ဟု ပြောသည်။
ဧရာဝတီမှ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲနှင့် နမ့်ဆန်မြို့နယ် တကြောရှိ နေထိုင်နေကြသည့် အရပ်သား ၃၀ ခန့်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာက ကွင်းဆင်းမေးမြန်းထားရာ ၎င်းတို့ အားလုံးမှာ ရွာလမ်းမ အတိုင်း လက်ဖက်ခြံသို့ သွားလျှင်ပင် မိုင်းနင်းမိမည်ကို စိုးရိမ်နေကြကြောင်း ဖြေဆိုကြသည်။
မိုင်းငေါ့မြို့နယ်ရှိ ကျေးရွာတခုတွင် နေထိုင်သည့် အုပ်ချုပ်ရေးမှူးတဦး က “ဒီတိုင်း လမ်းမမှာကို တဖက်တချက်စီ ကြိုး တန်းပြီး တိုက်မိုင်းထောင်ကြတာ။ ဘယ်အဖွဲ့က ထောင်တယ်ဆိုတာ ကျနော်တို့က မပြောရဲပါဘူး။ ဒီမှာ ညနေစောင်း ရင် တရွာနဲ့တရွာ ကျနော်တို့ မကူးရဲကြပါဘူး။ ဒီနေရာတွေက မလုံခြုံတာ အားလုံးသိပါတယ်။ လက်ဖက်ခြံတွေဆို တာကလည်း မလုပ်မဖြစ် ဒါလေးပဲ ရှိလို့ သွားနေကြရတာပါ” ဟု ပြောသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) တို့ ပူးပေါင်းပြီး ရှမ်း၊ ကချင်၊ ကရင်နှင့် ကယားပြည်နယ်တို့တွင် မိုင်းအန္တရာယ် အသိပေးမှုများ လုပ်နေ သည့် မိုင်းအန္တရာယ် အသိပေးလုပ်ငန်းအဖွဲ့မှ ဦးကျော်ဝင်းဦးကလည်း မိုင်းထိကြသည့် အရပ်သားများမှာ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ အတွက် ပုံမှန်သွားလာနေကြသည့် လုပ်ငန်းခွင်များကိုသွားသည့် လမ်းတွင် မိုင်းထိကြသူများ ပိုများသည်ဟု ဆိုသည်။
ဦးကျော်ဝင်းဦး က “၂၀၁၉ မှာတော့ ကျောက်မဲက အများဆုံးပဲ ရှမ်းမြောက်မှာဆိုရင် ကျောက်မဲရယ်၊ နမ့်ဆန်ရယ်။ ၂၀၁၉ မှာ အထူးသဖြင့် တပ်မတော်နဲ့ ရှမ်းပြည်မှာ ဖြစ်တဲ့ တိုက်ပွဲတွေက အဲဒီ ပတ်ဝန်းကျင်တဝိုက်မှာ ဖြစ်တာ ပိုများ လို့ပါ ခင်ဗျ။ အဲဒီလိုပဲ သုံးသပ်ပါတယ်” ဟု ပြောသည်။
မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းအဖွဲ့မှ နှစ်စဉ် ပဋိပက္ခဒေသမှ မိုင်းထိသူများ စာရင်းကို ကောက်ယူထားသော် လည်း ပေါက်ကွဲသည့် မိုင်းအမျိုးအစားနှင့် မည်သည့် တပ်ဖွဲ့မှ ထောင်ထားသည့် မိုင်းဖြစ်သည်တို့ကို စုံစမ်းစာရင်းပြု ခြင်းများ ပြုလုပ်နိုင်ခြင်း မရှိသေးပါဟု ဦးကျော်ဝင်းဦးက ပြောဆိုသည်။
၂၀၁၉ ခုနှစ်၊ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေး အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ အရ တပ်မတော်က မိုင်းရှာစက်ဖြင့် ရှာဖွေလျှင်ပင် မတွေ့ရှိနိုင်သည့် အစိတ်အပိုင်းများ တပ်ဆင်ထားသည့် မိုင်းများကို စက်ရုံတွင် ထုတ်လုပ်နေပြီး တရုတ်၊ အိန္ဒိယ၊ အီတလီ၊ ဆိုဗီယက်ပြည်ထောင်စု၊ အမေရိကန် နိုင်ငံတို့မှလည်း မိုင်းများ ဝယ်ယူ အသုံးပြုနေသည်ဟု ဖော်ပြထားသည်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအနက် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ “ဝ” ပြည် သွေးစည်းညီ ညွတ်ရေး တပ်မတော် (UWSA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၊ ကရင်နီအမျိုးသား လွတ် မြောက်ရေး တပ်မတော် (KNPP) တို့က ၎င်းတို့ပိုင် လက်နက်စက်ရုံများမှ ရှေ့ထွက်မိုင်း၊ အဝေးထိန်းကား မိုင်းများကို ထုတ်လုပ်နေကြသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
အခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည်လည်း တိုက်မိုင်း၊ ဆွဲမိုင်း၊ ပေါက်ကွဲမှုပြင်းအား အမျိုးမျိုးရှိသည့် မြေမြှုပ်မိုင်းနှင့် ရီမုကွန်ထရိုးမိုင်းများကို စစ်ဆင်ရေးများတွင် အသုံးပြုနေကြဆဲ ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ လေ့ကျင့်ရေး စခန်းများတွင် လက်လုပ်မိုင်းများ ပြုလုပ်နည်းနှင့် မိုင်းထောင် ခြင်း၊ ဖောက်ခွဲခြင်း သင်တန်းများကိုလည်း ပို့ချ သင်ကြားပေးပြီး ရှေ့တန်း တပ်စခန်းများတွင်လည်း စစ်ဆင်ရေးတွင် အသုံးပြုရန် ဖောက်ခွဲရေးနှင့် ပတ်သက်ပြီး ကျွမ်းကျင်သည့် ရဲဘော်များ ရှိကြသည်။
နိုင်ငံတကာ အဖွ့ဲအစည်းများမှ တိုက်တွန်းနေသော်လည်း မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ် ပိတ်ပင် ခြင်းဆိုင်ရာ သဘောတူစာချုပ်၊ ထပ်ဆင့် ပေါက်ကွဲ စေတတ်သည့် စစ်လက်နက် ပစ္စည်းများ အသုံးပြုမှု တားမြစ် ပိတ် ပင်ခြင်း ဆိုင်ရာ သဘောတူစာချုပ် တို့ကို ပါဝင် လက်မှတ်ရေးထိုးခြင်း မရှိပါ။
မြေမြှုပ်မိုင်းနှင့် ထပ်ဆင့် ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ဖော်ပြချက်များအရ မြန်မာနိုင်ငံသည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အား လုံးဖြင့် ချုပ်ဆိုပြီး ပြည်တွင်းစစ် အပြီးသတ်သွားမှသာ မိုင်းအသုံးမပြုတော့မည့် စာချုပ်များတွင် ပါဝင်လက်မှတ်ရေး ထိုးမည် ဖြစ်ကြောင်း စာချုပ်ဆိုင်ရာ အထူးကိုယ်စားလှယ် ဂျော်ဒန်အိမ်ရှေ့မင်းသား မီရာရာ ဇိအယ်ဟူစိန်ကို ၂၀၁၈ ခုနှစ် မေလက အကြောင်းပြန်ထားသည်ဟု သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ရပ်ထဲရွာထဲအထိ ရောက်လာတဲ့ မြေမြှုပ်မိုင်း နဲ့ ကျီးလန့်စာစား ဘဝများ
စစ်ပွဲလက်ကျန် ဗုံးပေါက်ကွဲမှုကြောင့် နမ့်ခမ်းတွင် ကလေးငယ်နှစ်ဦး သေဆုံး