တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ကန့်သတ်ထားရာ တရုတ်ဝယ်လက်ကို အဓိကထားသည့် မြန်မာ့ ဖရဲသီးဈေးများ ထက်ဝက်မက ကျဆင်းသွားပြီး ဈေးကွက် ပျောက်နေကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေးစိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ ဗဟိုအသင်းက သိရသည်။
မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေးစိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ ဗဟိုအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက “အခု တရုတ် ဝယ် လက်တွေက ယူနန်ပြည်နယ်၊ ရွှေလီ၊ မန်စီတို့လို မူဆယ်နဲ့ အနီးအနားကပဲ ဝယ်တယ်။ နယ်ဝေး ဝယ်လက်တွေက မဝယ် ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဆီကို ကားတင်လို့မှ ရပါ့မလား၊ လမ်းတွေ ပိတ်နေမလား။ တချို့ဈေးတွေမှာဆို စား မယ့်သူတောင် မရှိဖြစ်တော့ ကုန်သည်က မဝယ်ဘူး။ ဈေးကလည်း နှစ်ကူးမတိုင်ခင်က ရောင်းတဲ့ဈေးနဲ့ အခု နှစ်ကူးပြီးမှ ရောင်းတဲ့ဈေးက ခေါက်ချိုးမက ကျနေတယ်” ဟု ပြောသည်။
ဇန်နဝါရီလ၂၉ ရက်က ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် တညင်းကုန်းဈေးသစ်တွင် ပြုလုပ်သော ဖရဲ၊ သခွားမွှေး လုပ်ငန်း ရှင်များ၊ တောင်သူများ တွေ့ဆုံဆွေးနွေးပွဲ၌ မီဒီယာများကို ထိုသို့ ပြောခြင်းဖြစ်သည်။
မူဆယ် နယ်စပ်မှ တဆင့် တရုတ်နိုင်ငံသို့ နှစ်စဉ် နိုဝင်ဘာလမှ မေလအထိ တရာသီလျှင် ဖရဲသီး တန်ချိန် ၈ သိန်းနှင့် သခွားမွှေး တန်ချိန် ၁ သိန်းခွဲ တင်ပို့ကြောင်း၊ လက်ရှိတွင် တန်ချိန် ဖရဲသီး တန်ချိန်၂ သိန်း ဝန်းကျင်နှင့် သခွားမွှေးတန် ချိန် အနည်းငယ်သာ တင်ပို့နိုင်သေးသည်ဟု ဦးနိုင်ဝင်းက ပြောသည်။
၎င်းက ဆက်လက်၍ “ခါတိုင်းနှစ်တွေနဲ့ယှဉ်ရင် ၄ ပုံ ၁ ပုံလောက်ပဲ တင်ပို့လို့ ရသေးတယ်။ အခုကနေ လာမယ့် မေလ အထိကို ကျနော်တို့ ဖရဲ၊ သခွားက ၁ ရက်ကို ကားအစီးရေ ၅၀၀ ကနေ ၁၀၀၀ အထိ ထွက်ဦးမှာ။ ရှေ့လဆို ပိုထွက်မှာ။ ထွက်ခါနီးမှပဲ ကိုရိုနာဗိုင်းရပ်စ်က ပေါ်လာတော့ ဖရဲစိုက် တောင်သူတွေ အခြေအနေ မကောင်းဘူး။ နောက်ပြီး အခု ထွက် မယ့်အားက ရန်ကုန် ဈေးကွက်နဲ့ ရောင်းလို့ မကုန်နိုင်ဘူး” ဟု ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “ဖရဲသီးက ပန်းလေးကနေ ပန်းကြီး အဲဒီကနေ မှည့်ပြီးတော့ ပုပ်တာဗျ။ ပုပ်တော့ သူက ကုန်စိမ်း။ ၁၂ ဘီး ကားတွေနဲ့ ချရောင်းတယ်၊ ဒါပေမယ့် မကုန်နိုင်ဘူး။ မကုန်ရင် ဘာဖြစ်မလဲ ပုပ်လာမယ် အဲဒီတော့ ဆုံးရှုံးပြီ” ဟု ပြော သည်။
လက်ရှိတွင် အရည်အသွေးရှိသော ဖရဲသီး(ခေါင်သီး) ကား ၁ စီးလျှင် ယခင်က တရုတ်ယွမ် ၄ သောင်းခန့် ရှိရာမှ ယခု အချိန်တွင် အများဆုံး ယွမ် ၁၅၀၀၀ မှ အနိမ့်ဆုံး ယွမ် ၇၀၀၀ သာ ရှိတော့ကြောင်း ကုန်သည်များက ပြောသည်။
အရည်အသွေး ကောင်းမွန်သည့် ဖရဲသီးမှာ ၁ လအထိ အထားခံသော်လည်း အချိုဓာတ်အားဖြင့် ကြည့်လျှင် ၁၅ ရက်အ တွင်းသာ ကောင်းကြောင်း သိရသည်။
စိမ်းလန်းမြေ ပွဲရုံပိုင်ရှင် ကိုဇော်မင်းက “တရုတ်နှစ်သစ်ကူး ပြီးတာနဲ့ ရှုံးပါတယ်။ နှစ်သစ် မကူးခင်တုန်းကတော့ မြတ်ပါ တယ်။ ကျနော် ဝယ်ထားတာ ၁ လုံးကို ကျပ် ၆၀၀၀ ဖြစ်တယ်။ သယ်ယူစရိတ်နဲ့ ဆိုရင် ၁ လုံးကို ကျပ် ၇၅၀၀ လောက် ကျ ပါတယ်။ အဲဒါကို အခု မူဆယ်ကို တင်ပို့လို့ မရတော့ ကျနော်တို့ ကားတွေ လမ်းကနေ ပြန်ခေါက်လာရတာ ရှိပါတယ်။ အခု ရန်ကုန်မှာတလုံးကို ကျပ် ၂၅၀၀ ကနေ ကျပ် ၃၀၀၀ နဲ့ ပြန်ရပါတယ်။ အဲဒီတော့ ရှုံးပါတယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “ကျနော် ဝယ်ထားတာက ကားဆယ်စီးစာလောက် ကျန်သေးတယ်။ အခု ဖြစ်နေတာက ကျပ်သိန်း ၁၀၀ ဖိုးဝယ်ရင် ကျပ်သိန်း ၃၀၊ ၄၀ လောက် စရံ ပစ်ထားတယ်။ အခုဆိုရင် ဒီစရံက ရှုံးပြီ။ ခူးရင် ကျပ်သိန်း ၄၀ လောက် ဆုံးမယ်။ ကျနော်တို့က အခု မရောင်းရလို့ စရံအရှုံးခံမယ်ဆိုရင် ကျပ်သိန်း ၃၀ ရှုံးပေမယ့် နောက်ပိုင်း မရောင်းမှာစိုးလို့ ခူးတဲ့ခပါ ဖြေရှင်းပြီး တောင်သူကို ပြန်ငဲ့ရတဲ့အတွက် ကျပ်သိန်း စုစုပေါင်း ၇၀ လောက် ရှုံးပါတယ်” ဟု ဆိုသည်။
လက်ရှိ ရန်ကုန် တညင်းကုန်းဈေးတွင်လည်း အရောင်းအဝယ်မှာ တရက်လျှင် ကျပ် ၄ သိန်းနှင့် ၅ သိန်း ကြားသာ ဖြစ် နေသောကြောင့် ရောင်းလိုအားနှင့် ဝယ်လိုအား မမျှဖြစ်နေသည်ဟု ကိုဇော်မင်းက ပြောဆိုသည်။
တရုတ် နှစ်သစ်ကူးကာလ မူဆယ် ၁၀၅ မိုင်ရှိ သစ်သီး အရောင်းကွင်းကို ဇန်နဝါရီ၂၄၊ ၂၅၊ ၂၆ ရက် ၃ ရက် ပိတ်ထားပြီး ဇန်နဝါရီ ၂၇ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင် ဒေသတွင်း သယ်ယူ ပို့ ဆောင်ရေး လမ်းကြောင်းများအား ကန့်သတ်ထားသဖြင့် သစ်သီး အရောင်းကွင်းသို့ လာရောက် ဝယ်ယူမည့် ကုန်သည် မရှိသလောက် နည်းပါးနေသည်ဟု မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်က သိရသည်။
လတ်တလောတွင် တရုတ်နိုင်ငံ၌ ဗိုင်းရပ်စ် ကူးစက်မှု အခြေအနေ အရ ဖရဲ၊ သခွား အရောင်းအဝယ်မှာ ယာယီ ရပ်တန့် နေမည့် အနေအထား ရှိသဖြင့် တောင်သူများ အနေဖြင့် ဆုံးရှုံးနစ်နာမှု မဖြစ်စေရန်အတွက် ပြည်တွင်းရှိ နယ်အသီးသီးမှ မူဆယ်သို့ တင်ပို့လျက်ရှိသော ဖရဲသခွားများအား မတင်ပို့သေးဘဲ အခြေအနေ စောင့်ဆိုင်းကြည့်သင့်သည်ဟု မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်က ဇန်နဝါရီလ ၂၇ ရက်က အသိပေး ထုတ်ပြန်ထားသည်။
ယင်းပြင် ပြည်တွင်း၌လည်း ယခုလများသည် ဖရဲ၊ သခွား စားသုံးမှု အနည်းဆုံးဖြစ်သည့် ကာလများဖြစ်ခြင်း၊ ရာသီစာသီး နှံများဖြစ်သည့် စိမ်းစားဥ၊ ဇီးသီးနှင့် လိမ္မော်သီးများ လှိုင်လှိုင်ပေါ်သည့် ကာလဖြစ်ခြင်းတို့ကြောင့်် ဈေးကွက်မှာ ပျောက်နေ ခြင်း ဖြစ်ကြောင်း ကုန်သည်၊ ပွဲစားများထံမှ သိရသည်။
ထိုသို့ ဖရဲ၊ သခွားဈေးကွက်များ ပျောက်နေခြင်းကြောင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်မှ ယနေ့ မနက် ၁၀ နာရီတွင် အသင်းဥက္ကဋ္ဌနှင့် ကုန်သည်တို့ကို ခေါ်ယူ တွေ့ဆုံပြီး လတ်တလော ထို ဖရဲသီးများ ရောင်းချနိုင်ရန်အတွက် မြေနေများ စီစဉ် ပေးမည်ဟု ပြောဆိုခဲ့ကြောင်းသိရသည်။
အသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက “အခက်အခဲကို တင်ပြတဲ့အခါ တိုင်းရင်းသား သွေးချင်းတို့ မြေပွဲမှာ ရောင်းချင်ရင်လည်း ဝန်ကြီးချုပ်က စီစဉ် ပေးမယ်။ ကန်တော်ကြီးထဲက မြေပဒေသာမှာ ရောင်းချင်တယ်ဆိုလည်း သူတို့က စီစဉ်ပေးမယ်။ ဒါက ယာယီပေါ့လေ။ ရေရှည်မှာလည်း ဘာကူညီရမလည်း ဆိုတာ ဝန်ကြီးချုပ်နဲ့ မြို့တော်ဝန်နဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ တိုင်ပင် ပြီး အဖြေပေးမယ်လို့ ပြောလိုက်ပါတယ်” ဟု ပြောသည်။
အသင်းအနေနှင့်လည်း လတ်တလော အဆင်ပြေစေရန် ဖရဲ၊သခွားများ ရောင်းချရန်အတွက် နေရာများကို တိုင်းအစိုးရသို့ တောင်းခံရန် အသင်းသားများနှင့် ဆွေးနွေးနေသည်ဟု ဆိုသည်။
ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်စိုးနှင့် ကုန်သွယ်မှု မြှင့်တင်ရေး ဌာန ဦးမျိုးသူ တို့မှလည်း လိုအပ်သည့် အခက်အခဲများကို Email ဖြင့် တင်ပြပေးရန် မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ ဗဟိုအသင်းသို့ ပြောဆိုထားကြောင်း သိရသည်။
မူဆယ် သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က “ကုန်စည်ဒိုင်မှာ အရောင်းအဝယ်က သိပ်မဖြစ်ဘူး။ ဇန်နဝါရီလ ၂၇ ရက်က သစ်သီးကွင်းဖို့တော့ လာတယ်။ အရင်ရက်တွေက လာတဲ့ ကားက အစီး ၃၀၀ လောက်ရှိတော့ ရောင်း မကုန်ဘူး။ အစီး ၅၀ လောက်ပဲ ကုန်တယ်။ ကားအစီးရေ ၂၀၀ လောက်ကို ကျနသေးတယ်။ ဈေးကလည်း ထက်ဝက်ကျော် ကျနေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခင်ရက်က ပို့ထားသော ဖရဲ၊ သခွား သစ်သီးကားများမှာ ရက်ကြာလေ အရည်အသွေး ကျလေဖြစ်သောကြောင့် ယခင် က ကျပ်သိန်း ၁၀၀ တန်သည့် ကားတစီးလျှင် ယခု ကျပ်သိန်း၂၀ သာ အများဆုံး ရနိုင်မည် ဖြစ်ပြီး အရည်အသွေး ညံံ့ သည့် အသီးများမှာ အသီးဖိုးပင် ပြန်ရနိုင်မည် မဟုတ်ကြောင်း လက်ရှိ အခြေအနေကို ၎င်းက သုံးသပ်ပြောဆိုသည်။
You may also like these stories:
တရုတ်နှစ်သစ်ကူးကာလ မူဆယ်သစ်သီးဒိုင်အချို့ အရောင်းအဝယ် ခေတ္တရပ်နားမည်
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အခက်အခဲ ပိုများလာ ဟုဆို
ပြည်ပက မျက်နှာသစ် ပြိုင်ဘက်များ ဝင်လာတော့မည့် ပို့ကုန်ကဏ္ဍ