ကိုရိုနာဗိုင်းရပ်စ် စတင် ဖြစ်ပွားသည့် တရုတ်နိုင်ငံ ဝူဟန်မြို့တွင်း၌ ပိတ်မိနေသော မြန်မာ ကျောင်းသားများကို ပြန်လည် ခေါ်ယူရန်အတွက် တရုတ်အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရခြင်းနှင့် သက်ဆိုင်ရာ ဒေသန္တရ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအရ အချိန် ၁ လခန့် ကြာမြင့်နိုင်ကြောင်း သိရသည်။
ဝူဟန်မြို့တွင် မြန်မာနိုင်ငံသား ပညာတော်သင် ကျောင်းသား ၁၅၀ ကျော် တက်ရောက်လျက်ရှိပြီး ပြည်နယ် အာဏာပိုင် များက မြို့ အဝင်အထွက်ကို ဇန်နဝါရီလ၂၃ ရက်၌ တားမြစ်လိုက်သဖြင့် မြန်မာကျောင်းသား ၆၃ ဦး မြို့တွင်း၌ ပိတ်မိနေ ကာ ထိုကျောင်းသားများကို တရုတ်နိုင်ငံ ဟူနန်ပြည်နယ်၊ ချန်းရှမြို့မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေး အတွက် မြန်မာသံရုံး၊ တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သက်ဆိုင်ရာ ပြည်နယ် နိုင်ငံခြားရေးရုံးများနှင့် ချိတ်ဆက်ညှိ နှိုင်းနေကြောင်း မြန်မာသံရုံး (ဘေဂျင်းမြို့) ဇန်နဝါရီလ ၃၀ ရက်တွင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ထို့ပြင် ပိတ်မိ မြန်မာ ကျောင်းသား ၆၃ ဦးကို အထူးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူသွားမည် ဖြစ်ကြောင်း ဘေဂျင်းမြို့ရှိ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ဆိုထားသည်။
တရုတ်ပြည်သူ့ သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယ အတွင်းဝန် ဦးစိုးပြည့်ဝင်းက “Charter Flight (အထူးလေယာဉ်) က မြန်မာ အစိုးရ ခွင့်ပြုမိန့်နဲ့ စီစဉ်ပေးမှာဗျ။ လေယာဉ်က မြန်မာပြည်က လာမှာပါ” ဟု ဧရာဝတီသို့ ပြောကြားသည်။
လက်ရှိတွင် ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ကသာ ပိတ်မိနေသော ၎င်းတို့ နိုင်ငံသားများကို ပြန်လည် ခေါ်ယူသွားပြီး ဖြစ်ကြောင်း ဦးစိုးပြည့်ဝင်းက ပြောကြားသည်။
“သက်ဆိုင်ရာ Flight တောင်းထားတဲ့ နိုင်ငံတွေ ၇ နိုင်ငံ ၈ နိုင်ငံလောက် ရှိသေးတယ်။ စောင့်ဆိုင်းနေတဲ့ နိုင်ငံတွေထဲမှာ ကျနော်တို့လည်း ပါတယ်ပေါ့။ ဘယ်လောက်ကြာသလဲ သတ်မှတ်ချက် မရှိဘူး။ မြန်ကောင်းလည်း မြန်နိုင်တယ်။ ကြာတာ လည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ကာလရှည်ကြာတာမျိုး ဖြစ်မယ်လို့ ကျနော်တို့ မယူဆပါဘူး” ဟု ၎င်းက ဆက်လက် ပြော ဆိုသည်။
မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မြန်မာကျောင်းသား ၆၃ ဦးကို အထူး လေယာဉ်ဖြင့် ပြန်လည် ခေါ်ယူသွား မည် ဖြစ်ကြောင်း၊ ပြည်တွင်းသို့ ပြန်ရောက်လာပါက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရှိ မရှိကို ကျန်းမာရေးအရ စောင့်ကြပ် စစ် ဆေးသွားမည် ဖြစ်ကြောင်းလည်း ဇန်နဝါရီလ ၃၀ ရက် သတင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
မြန်မာ အစိုးရဘက်က ကျောင်းသူ၊ ကျောင်းသားများကို ပြန်လည် ခေါ်ယူရန် စီစဉ်နေသည်ကို သိရှိသော်လည်း မည်သည့် အချိန်တွင် မည်သည့်နေရာမှ တဆင့် မည်သည့်မြို့သို့ ပြန်လည်ခေါ်ယူမည်ကို မသိရှိသေးကြောင်း ဝူဟန်မြို့တွင် ပါရဂူဘွဲ့ အတွက် ကျောင်းတက်နေသည် မြန်မာနိုင်ငံမှ ကထိက ဆရာမတဦးက ပြောသည်။
ထို့ပြင် ဝူဟန်မြို့တွင် ပညာသင်ကြားနေတဲ့ ကထိက တဦးကလည်း “သူတို့က မလုပ်ရဲတာ၊ တရုတ်ကို ကြောက်နေတာ။ တရုတ်ရဲ့ခွင့်ပြုချက် မပါဘဲနဲ့ မဝင်ရဲဘူး ဖြစ်နေတာ။ ကျမတို့ဘဝက အဲဒီလိုမျိုး ဖြစ်နေတာ။ ဒီက အမေရိကန် ကျောင်း သားတွေ၊ ဂျပန်၊ ပါကစ္စတန်၊ နီပေါစတဲ့ ကျောင်းသားတွေနဲ့ တယောက်မဟုတ် တယောက်နဲ့ အဆက်သွယ် ရှိနေကြတာပဲ။ သူတို့နိုင်ငံတွေက ခေါ်ထုတ်သွားတာ သိနေကြပါတယ်” ဟု ဧရာဝတီကို ပြောဆိုသည်။
၎င်းက ဆက်လက်၍ “ကျမတို့ မြန်မာကို သူတို့က အနိုင်ကျင့်နေတာ။ ဂျပန်တို့၊ အမေရိကန်တို့ကျ သူတို့ အနိုင်မကျင့်ရဲ ဘူးလေ။ အခုလည်း ဒီက သံရုံးက သူတို့ပူးပေါင်း ဆောင်ရွက်နေတာကို မဟုတ်မမှန် သတင်း ထုတ်ပြီး သံရုံးကို အပုပ်မချ ဖို့နဲ့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ပါကြောင်း ဆိုတာ စာထုတ်ထားတယ်” ဟု ဆိုသည်။
ဝူဟန်မြို့မှ မြန်မာကျောင်းသားများကို မန္တလေးမြို့သို့ ခေါ်ယူနိုင်ရန် ပြင်ဆင်နေပြီး မြန်မာကျောင်းသား ၆၀ ကျော် ရောက်ရှိ လာပါက လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်နိုင်ရန် အဆင်သင့် ပြင်ထားပြီး ဖြစ်ကြောင်းလည်း မန္တလေး တိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ဧရာဝတီကို ပြောကြားထားသည်။
“ဝူဟန်မြို့မှာ ရောက်ရှိနေတဲ့ ကျောင်းသား ၆၀ တင်မကပါဘူး။ ကျနော်တို့ နိုင်ငံသား မည်သူမဆို၊ သံသယ ရှိတဲ့ လူနာ၊ ရောဂါဖြစ်ပွားတဲ့သူ ရှိလာခဲ့ရင် စောင့်ရှောက်ဖို့က Quarantine (ယာယီ ကျန်းမာရေးစခန်း)က လုပ်ငန်းစဉ်တခုဖြစ် တယ်။ အဲဒီအတွက်ကို နေရာဒေသ၊ ဆေးရုံ ပြင်ဆင်ပြီး ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
မြန်မာ ကျောင်းသားများအား ပြန်လည်ခေါ်ယူမည့် အစီစဉ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံ အစိုးရသည် ကမာ္ဘ့ကျန်းမာရေး အဖွဲ့ (WHO) စံနှုန်းနှင့် အညီ ဗိုင်းရပ်စ်ကို ကာကွယ်နေပြီး ၎င်းတို့ နိုင်ငံအတွင်း ရောက်ရှိနေသော နိုင်ငံခြားသားများအား နေရပ် ပြန်လည် ခေါ်ယူရမည့် အဆင့်အထိ အခြေအနေ မဆိုးသေးဘဲ လိုအပ်သော အစားအစာနှင့် ဆေးဝါးများအား ထောက်ပံ့လျက် ရှိသည်ဟု တရုတ်သံရုံးဘက်က အကြောင်းပြန်ထားကြောင်း ဦးဇာနည်အောင်က ဆက်လက် ပြောပြ သည်။
လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက်မှာ ကမာ္ဘတွင် လူဦးရေ ၇၇၀၀ အထိ ရှိလာပြီ ဖြစ်ပြီး သေဆုံးသူ ၁၇၀ ဦး ရှိကြောင်း တရုတ်ကျန်းမာရေး အရာရှိများကို ကိုးကား၍ CNBC သတင်းဌာနက သတင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ထိုင်း၊ ပြင်သစ်၊ အမေရိကန်နှင့် သြစတြေးလျနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူစက်ခံရ သူများရှိနေပြီး တရုတ်နိုင်ငံပြင်ပတွင် ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ မရှိသေးကြောင်း သိရသည်။
You may also like these stories:
ဝူဟန်ဗိုင်းရပ်ကြောင့် သေဆုံးသူ ၁၃၂ ဦးရှိလာချိန် လေကြောင်းခရီးစဉ်တချို့ ဆိုင်းငံ့
ဝူဟန်မှ မန္တလေးသို့ ပြန်ခေါ်မည့် မြန်မာကျောင်းသားများ အတွက် အဆင်သင့်ဖြစ် ဟုဆို