မြန်မာ့သနပ်ခါး ယဉ်ကျေးမှု ဓလေ့ထုံးစံအား ကမ္ဘာ့အမွေအနှစ်စာရင်း (UNESCO) တင်သွင်းနိုင်ရေးအတွက် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
UNESCO သို့ အမည်စာရင်း တင်သွင်းရေးအတွက် အချိန်ဇယား သတ်မှတ်ခြင်းကို ၂၀၁၉ ဇူလိုင်တွင် စတင် ဆောင် ရွက်ခဲ့ပြီး လုပ်ငန်းတာဝန်များ ခွဲဝေ ဆောင်ရွက်လျက်ရှိသည်ဟု အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်း သိမ်းမြှင့်တင်ရေး ကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးရဲမြတ်အောင်က ဧရာဝတီကို အတည်ပြု ပြောဆိုသည်။
ယင်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့က နေပြည်တော်တွင် မြန်မာနိုင်ငံ သနပ်ခါးအသင်း မှ ကိုယ်စားလှယ်များ၊ တက္ကသိုလ်များမှ ဆရာ/ဆရာမများ၊ တိုင်းနှင့် ပြည်နယ် အသီးသီးမှ ဒြပ်မဲ့ယဉ်ကျေးမှုဆိုင်ရာ ပညာရှင်များ၊ ဌာနဆိုင်ရာများမှ ပညာရှင်များ ပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲတခုကို ပြုလုပ်ခဲ့သည်။
ထို အလုပ်ရုံ ဆွေးနွေးပွဲမှ ရရှိလာသည့် ရလဒ်များနှင့် ပညာရှင်များ၏ အကြံပြုချက်များ နှင့်အညီ UNESCO သို့ တင်သွင်းမည့် အဆိုပြုလွှာပုံစံကို စတင်ရေးသားနေပြီဟု ဦးရဲမြတ်အောင်က ရှင်းပြသည်။
ကမ္ဘာ့အမွေအနှစ် အသိအမှတ်ပြုစာရင်းတွင် ပါဝင်ခြင်းဖြင့် မြန်မာ့သနပ်ခါးနှင့် သနပ်ခါးယဉ်ကျေးမှုသည် မြန်မာ နိုင်ငံ နှင့် လူမျိုးကို ကိုယ်စားပြုသည့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် တခုအဖြစ် နိုင်ငံတကာက အသိအမှတ်ပြု လေးစား တန်ဖိုး ထားလာကြမည် ဖြစ်သည်။
ထို့ပြင် ကမ္ဘာ့နိုင်ငံအသီးသီးက မိမိတို့လူမျိုး၏ သဘာဝတရားကို မိမိတို့၏ နေ့စဉ်လူနေမှုဘဝနှင့် လိုက်လျောညီထွေ ဖြစ်အောင် ပြုပြင်တီထွင် ဖန်ဆင်းတတ်သည့် အသိပညာစွမ်းရည်ကို သိမြင်လာမည်ဖြစ်သလို သနပ်ခါး ယဉ်ကျေးမှုကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့ကြပြီး ဆက်လက်ရှင်သန်နေစေရန် ပြည်သူများက ကြိုးပမ်းအားထုတ်နေမှု ကိုလည်း ဖော်ပြနိုင်မည်ဟု ဦးရဲမြတ်အောင်က ရှင်းပြသည်။
“သနပ်ခါးဟာ အပူပိုင်းဒေသရဲ့ ရတနာ။ သနပ်ခါးကို ချစ်တာဟာ မြန်မာကို ချစ်တာပါပဲ။ အခုလိုအချိန်မှာ အား သစ်လောင်းတဲ့ ပုံစံမျိုးပေါ့။ နောင်လာနောက်သားတွေအတွက် သနပ်ခါးဆိုတာလေး သနပ်ခါးရဲ့ ရိုးရာယဉ်ကျေး မှုလေးတွေ မပပျောက် မတိမ်းကောအောင် အဲဒီလိုဟာလေးတွေ ပါဝင်ဆုံးဖြတ်ပါတယ်” ဟုလည်း မြန်မာနိုင်ငံ သနပ် ခါးအသင်း ဥက္ကဋ္ဌ ဦးကျော်မိုးကလည်း ပြောသည်။
UNESCO သို့ တင်သွင်းမည့် အဆိုပြုလွှာပုံစံကို လာမည့် မတ်လတွင် တင်သွင်းသွားရန်ရှိပြီး ၂၀၂၁ မတ်လ တွင် အသိအမှတ် ပြု၊ မပြု ဆုံးဖြတ်မည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။
အသင်းအနေဖြင့် မြန်မာ့သနပ်ခါး ရိုးရာအစဉ်လာ မပျောက်ပျက်စေရေးအတွက် ပြပွဲ၊ ပြိုင်ပွဲများ၊ အသိ ပညာပေး ဟောပြောပွဲများ၊ လက်ကမ်းစာစောင်နှင့် စတစ်ကာ ပေးဝေခြင်းများ၊ သမိုင်း အထောက်အထားဆိုင်ရာ ရှာဖွေ တင်ပြမှုများ ဆောင်ရွက်လျက်ရှိသည်ဟုလည်း ၎င်းက ရှင်းပြသည်။
ရှေးဟောင်းသုတေသန အထောက်အထားများအရ ပုဂံခေတ် အေဒီ ၁၁၁၃ ခုနှစ်တွင် တည်ခဲ့သည့် မြင်းကပါ ဂူပြောက်ကြီးဘုရား နံရံဆေးရေးပန်းချီများ၌ သနပ်ခါး လိမ်းခြယ်သည့် ဓလေ့နှင့် ပတ်သက်သည့် အထောက် အထားများ တွေ့ရှိရကြောင်း သိရသည်။
ထို့ပြင် နိုင်ငံ၏ သမိုင်းတလျှောက်တွင် ရေးစပ်ခဲ့သည့် ပျို့၊ ကဗျာ၊ သံပေါက်၊ ဧချင်း၊ လွမ်းချင်း၊ လမိုင်းသူ ဟန်ချင်း၊ ဆန်ဖွတ်တေးများတွင်လည်း သနပ်ခါးအကြောင်း ထည့်သွင်းစပ်ဆို ထားကြသည်မှာလည်း မြန်မာ့လူ့အဖွဲ့အစည်းတွင် သနပ်ခါး ယဉ်ကျေးမှု၏ အရေးပါမှုကို တွေ့မြင်နိုင်သည်ဟုလည်း ဆိုထားသည်။
မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့သည် ယူနက်စကို၏ ၂၀၀၃ ကွန်ဗင်းရှင်းပါ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ကို အဓိက နယ်ပယ် ၅ ခုဖြင့် သတ်မှတ်ထားချက်များဖြင့်လည်း အကျုံးဝင်နေသည်ဟုလည်း ရှေး/သု၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
လက်ရှိတွင် မြန်မာ့သနပ်ခါး ဈေးကွက်သည် သနပ်ခါး မပါဘဲ သနပ်ခါးအမည်တပ်ထားသည့် ထိုင်း၊ ကိုရီးယားမှ ဝင်လာသော အလှကုန်များ၊ ပြည်တွင်းမှ ထုတ်လုပ်သည့် သနပ်ခါး ပါဝင်မှု ရာခိုင်နှုန်း ဖော်ပြထားခြင်း မရှိသည့် သနပ်ခါး အမည်တပ် အလှကုန်များကြောင့် ဈေးကွက်မကောင်းကြောင်း ဦးကျော်မိုးက ပြောသည်။
အရာတော်မြို့ရှိ တချို့သော သနပ်ခါးစိုက်ခင်းများနေရာတွင် ဈေးကောင်းသည့် လျှော်ဖြူနှင့် ဒန့်ဒလွန်ပင်များ အစားထိုးစိုက်ပျိုးလာသည်ကို မြင်တွေ့နေရသည်ဟုလည်း ၎င်းက ဆိုသည်။
“ဈေးကွက်ကို ရယ်ဒီမိတ်သနပ်ခါးတွေက ကြော်ငြာကောင်းကောင်း ထုတ်ပိုးမှုပုံစံ ကောင်းကောင်းတွေနဲ့ စားသုံးသူကို ထင်ယောင်ထင်မှားဖြစ်စေအောင် လုပ်နေတာတွေက မြန်မာ့သနပ်ခါး အမှန်တကယ် စိုက်ပျိုးထုတ်လုပ်သူတွေ အတွက် တော်တော်ကို နစ်နာပါတယ်” ဟု ၎င်းက ပြောသည်။
ဦးကျော်မိုးက ပြည်တွင်းကပဲ ထုတ်သည်ဖြစ်စေ၊ ပြည်ပကပဲ တင်သွင်းသည် ဖြစ်စေ သနပ်ခါးပါဝင်မှု ရာခိုုင်နှုန်းကို တိတိကျကျ ဖော်ပြစေချင်ကြောင်း၊ သနပ်ခါး အနည်းဆုံး ၂၀ ရာခိုင်နှုန်း ပါဝင်မှသာလျှင် သနပ်ခါး အမည်တပ် ကုန် ပစ္စည်းများကို ခွင့်ပြုသင့်ကြောင်း ထောက်ပြပြောဆိုသည်။
မြန်မာနိုင်ငံ သနပ်ခါးအသင်းအနေဖြင့် ဈေးကွက်ထဲရှိ ပြည်တွင်းပြည်ပမှ သနပ်ခါးအမည်တပ် အမျိုးအစားပေါင်း ၇၀ ခန့် နမူနာဝယ်ယူကာ သနပ်ခါး ပါဝင်မှုနှုန်း စစ်ဆေးပေးရန် သက်ဆိုင်ရာဌာနများသို့ တင်ပြထားသော်လည်း ယနေ့ အချိန်ထိ ထိရောက်သည့် ကိုင်တွယ်မှု မရှိသေးကြောင်း ၎င်းက ပြောသည်။
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုလိုက်လျှင် သနပ်ခါးသည် မြန်မာ့မူပိုင်ဖြစ်ကြောင်း တိတိကျ ကျ ဖော်ပြပြီး ဖြစ်သလို ပုံစံမျိုးစုံဖြင့် ဈေးကွက်တွင်း ဝင်ရောက်လာမှုကိုလည်း အကာအကွယ်ပေးရာ ရောက်မည်ဖြစ်ကာ သနပ်ခါးကုန်ကြမ်း ဝယ်လိုအားတက်လာပြီး သနပ်ခါးဈေးကွက် ပြန်ကောင်းလာနိုင်မည်ဟုလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် သနပ်ခါး စိုက်ပျိုးဧက စုစုပေါင်း ၃ သိန်းဝန်းကျင်ရှိပြီး ဧက ၁ သိန်းကျော် ရှိသည့် အရာတော် တွင် အများဆုံးဖြစ်ကြောင်း၊ ဒုတိယအနေဖြင့် ရေစကြို၊ မြိုင်၊ ပေါက်၊ မုံရွာ၊ ဘုတလင်၊ ယင်းမာပင်၊ ပုလဲတို့ဖြစ်ပြီး ရွှေ ဘိုတွင် အနည်းအကျဉ်းသာ ရှိတော့ကြောင်း သိရသည်။
မြန်မာတို့၏ ရိုးရာအမွေအနှစ် သနပ်ခါး ယဉ်ကျေးမှု ဓလေ့ကို UNESCO သို့ အမည်စာရင်း တင်သွင်းရာတွင် ပြည်သူ များ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် လှုပ်ရှားမှု အဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွင် လူထုသဘောထား စစ်တမ်းကောက်ယူမှုတခုကို ဇန်နဝါရီ ၂၇ ရက်က စတင် လုပ်ဆောင် နေသည်။
ဆက်စပ်ဖတ်ရှု့ရန်
အာရှတခွင် ပျံ့နှံ့လာနေသည့် မြန်မာ့ရိုးရာ သနပ်ခါး