တရုတ်နိုင်ငံမှ ပြန်လည်ခေါ်ထုတ် လာပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ ကြောင်း တွေ့ရှိရသည့် ဂျပန် နိုင်ငံသား ၃ ဦးတွင် ၂ ဦးက ရောဂါလက္ခဏာပြခြင်း မရှိသေးကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြောကြား ခဲ့သည်။ လျှင်မြန်စွာ ပြန့်ပွားနေသည့် ဗိုင်းရပ်စ်၏ အန္တရာယ်ကို စိုးရိမ်ကြောင်း သူတို့က ထပ်ပြောသည်။
အဆိုပါ ၃ ဦးမှာ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှ တိုကျိုသို့ ရွှေ့ပြောင်းခဲ့ကြသော ဂျပန်နိုင်ငံသား ၂၀၆ ယောက်ထဲတွင် ပါဝင်သူများ ဖြစ်သည်။ ဝူဟန်မြို့သည် တရုတ်နိုင်ငံတွင်လူ ၁၇၀ ကိုသေစေခဲ့ပြီး ၈၀၀၀ နီးပါး ကို ကူးစက်ခဲ့သော ကပ်ရောဂါ၏ ပင်မနေရာဖြစ်သည်။
ရောဂါဖြစ်ပွားမှု အများစုက တရုတ်နိုင်ငံတွင်ဖြစ်နေသော်လည်း အခြားနိုင်ငံ ၁၅ နိုင်ငံတွင် ရောဂါပိုးတွေ့ရှိ ရမှု ၁၀၀ ကျော် ရှိခဲ့ပြီး ဖြစ်သည်။
ရောဂါကူးစက်ခံရကြောင်း အတည်ပြုပြီးသော်လည်း ရောဂါလက္ခဏာမပြခဲ့သည့်သူ ၂ ဦး သည် ဂျပန်နိုင်ငံတွင် ထိုကဲ့သို့ အဖြစ်မျိုးကို ပထမဆုံး တွေ့ရခြင်း ဖြစ်သည်။ ဗိုင်းရပ်စ် တွေ့ရှိရသော်လည်း ရောဂါလက္ခဏာမပြသောသူများက အခြားသူများကို ရောဂါပိုးကူးစက်နိုင်သည်ဟု သံသယများ မြင့်တက်လာခဲ့ရသည်။
ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် ထိုအဖြစ်အပျက်မျိုးက ပိုမိုခက်ခဲစေလိမ့်မည် ဖြစ်သည်။
ဂျပန်နိုင်ငံက ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဗိုင်းရပ်စ်ကို “သတ်မှတ်ထားသော ကူးစက်ရောဂါ” ဟုသတ်မှတ်ခဲ့သည်။ ထိုသို့ သတ်မှတ်ခဲ့ခြင်းအားဖြင့် မဖြစ်မနေ ဆေးရုံတင်ခွင့် နှင့် ဆေးကုသမှုအတွက် အများပြည်သူနှင့် ဆိုင်သော ရန်ပုံငွေများ အသုံးပြုခွင့်များ ရရှိမည် ဖြစ်သည်။
သို့သော်လည်း ဖေဖော်ဝါရီလ ၇ ရက်တွင် စတင်သက်ရောက်မည့် အမိန့်ပြန်တမ်းက ရောဂါလက္ခဏာ မပြသောသူများနှင့် မသက်ဆိုင်ပါ။
ရောဂါလက္ခဏာများ မပြသောလူများထံမှ ကူးစက်နိုင်သော ဖြစ်နိုင်ချေ အပေါ် စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်၍ မေးမြန်းသည့်အခါ ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ထိုသို့ ဖြစ်ပျက်ခဲ့ခြင်း ရှိ/မရှိ က မသဲကွဲကြောင်း ပြောကြားခဲ့ သည်။
Japan Community Health Care Organization ၏ အကြီးအကဲ Shigeru Omi က တရုတ်နိုင်ငံတွင် ထိုကဲ့သို့ သော ရောဂါ ပြန့်နှံ့ ကူးစက်မှု သတင်းများရှိခဲ့ကြောင်း ပြောသည်။
တရုတ် အမျိုးသား ကျန်းမာရေးကော်မရှင် ဝန်ကြီး Ma Xiaowei က ဗိုင်းရပ်စ်သည် ၁ ရက်မှ ၁၄ ရက်အထိကြာနိုင် သည့် ရောဂါ ပျိုးချိန် အတွင်း ကူးစက်နိုင်ကြောင်း ယခုသီတင်းပတ်အတွင်းတွင် ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်နှိမ်နင်းရေးလုပ်ငန်းအဖွဲ့ စတင် ဖွင့်လှစ်ခြင်း အခန်းအနားတွင် ဂျပန်ဝန်ကြီးချုပ် Shinzo Abe က အစိုးရအနေဖြင့် ဝူဟန်တွင် နေထိုင်ခဲ့သူများကို ခြေရာခံခြင်းနှင့် စစ်ဆေးခြင်းအပါအဝင် ကူးစက်ပြန့်ပွားမှု ကာကွယ်ရေး အဆင့်အားလုံးကို လုပ်ဆောင် သွားမည်ဟု ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံတွင် တွေ့ရှိရသည့် ကူးစက်မှုပေါင်း ၁၁ ခုတွင် တရုတ် ဧည့်သည်များနှင့် ထိတွေ့ပြီးနောက် ကူးစက်ခံခဲ့ရသော ခရီးသည်တင် ဘတ်စ်ကားမောင်းသူတဦး ပါဝင်သည်။
ဇန်ဝါရီလ ၂၉ ရက်နေ့က ပြန်လည်ခေါ်ထုတ်လာခဲ့သော လူပေါင်း ၂၀၆ ယောက် အနက် ၁၂ ယောက်က အဖျားနှင့် ချောင်းဆိုး ခြင်းကဲ့သို့သော ရောဂါလက္ခဏာများရှိသောကြောင့် ဆေးရုံတင်ထားရသည်။ ၂ ဦး က ဆေးစစ်ရန် ဆေးရုံသို့ ခေါ်ဆောင်ခြင်းကို ငြင်းဆန်ခဲ့သော်လည်း အိမ်တွင် အစောင့်အကြပ်ဖြင့် ထားရှိသည်။
အဆိုပါ ၂ ဦးက စစ်ဆေးရန် ညင်းဆန်ခဲ့ခြင်းက ဝမ်းနည်းစရာ ဖြစ်သည်ဟု ဂျပန်ဝန်ကြီးချုပ် Shinzo Abe က ပါလီမန် တွင် ပြောကြားခဲ့သည်။ သို့သော်လည်း အစိုးရက တရားဝင်လုပ်နိုင်သည့် ကိစ္စများတွင် ကန့်သတ်ချက်များ ရှိနေခဲ့သည်ဟု လည်း သူက ဆိုသည်။
“ နိုင်ငံသား အခွင့်အရေးရှုထောင့်တွေ ရှိတယ်၊ ကျနော်တို့ လုပ်နိုင်တာ တွေနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေရှိတယ်” ဟု သူကပြောသည်။
သို့သော်လည်း ထိုရပ်တည်ချက်က ပြည်သူလူထုကို ဒေါသဖြစ်စေခဲ့သည်။
Twitter အသုံးပြုသူတဦး ဖြစ်သည့် “ Ritsu” က“ စမ်းသပ်ဖို့ ငြင်းဆန်တာကို ‘ဟုတ်တယ်၊ OK?’ လို့ပြောတာက မိုက်မဲတာပဲ” ဟု ပြောသည်။
အချို့ကလည်း တရုတ် နိုင်ငံမှ လာရောက်လည်ပတ်သူများကို တားမြစ်ရန် တောင်းဆိုခဲ့သည်။
GooDondon ဟု အမည်ရသည့် Twitter အခြား အသုံးပြုသူတဦးက ” ကမာ္ဘလှည့်ခရီးသည်တွေဆီက ငွေရှာတာကို ဦးစားပေးတာက မမှန်ပါဘူး ” ဟုပြောခဲ့သည်။
အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းနှင့် အခြားဧရိယာများအပေါ် ဗိုင်းရပ်စ်၏ မည်သည့် အကျိုးသက်ရောက်မှုကို မဆို စောင့်ကြည့်နေပြီး ပြည်သူများ၏ဘဝနှင့် ကျန်းမာရေးကို အကာအကွယ်ပေးရန် အရာရာတိုင်းကို ပြုလုပ်သွားမည်ဟု ဂျပန်ဝန်ကြီးချုပ် Shinzo Abe က ပြောကြားခဲ့သည်။
၂၀၀၂-၂၀၀၃ ခုနှစ် က တရုတ်နိုင်ငံတွင် အစပြုခဲ့ပြီး ကမာ္ဘ တလွှားတွင် တွင်လူ ၈၀၀ ခန့်သေဆုံးခဲ့ရသည့် SARS ထက် ပို၍ တရုတ်နိုင်ငံ၏ အိမ်နီးချင်းများအတွက် စီးပွားရေး အန္တရာယ် ပိုမို ကြီးမားဖွယ်ရှိသည်ဟု များပြားလာဖွယ်ရှိသည်ဟု Moody’s rating service ကပြောသည်။ အဘယ်ကြောင့် ဆိုသော် တရုတ်နိုင်ငံက နိုင်ငံအများအပြားအတွက် အကြီးမားဆုံးသော နိုင်ငံခြားသား ကမာ္ဘလှည့်ခရီးသည် အရင်းအမြစ် ဖြစ်သောကြောင့်ပင်။
ဂျပန် ကုမ္ပဏီအချို့ကမူ ဝန်ထမ်းများကို အိမ်မှအလုပ်လုပ်ရန် ပြောကြသည်။ အချို့ကမူ ထိုသို့ လုပ်ရန် စဉ်းစားနေပြီး အခြေအနေကို စောင့်ကြည့်နေသည်။
ဂျပန်နိုင်ငံသား ၂၁၀ ဦး လိုက်ပါလာသည့် ဒုတိယမြောက် စင်းလုံးငှား လေယာဉ်က ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တိုကျိုသို့ ရောက်ရှိခဲ့သည်။ ၎င်းတို့ အနက်မှ ၁၃ ဦးက နေမကောင်းသလို ခံစားနေကြရသည်ဟု အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် Yoshihide Suga က သတင်းစာရှင်းလင်းပွဲတခုတွင် ပြောကြားခဲ့သည်။
ကိုးကား ။ ။ Reuters
You may also like these stories:
ဝူဟန်ရောက် မြန်မာကျောင်းသားများ ပြန်လည်ခေါ်ယူရေး ၁ လ ခန့် ကြာမြင့်နိုင် ဟုဆို
အီဘိုလာ၊ ဆားစ်ရောဂါတွေထက် ပြင်းထန်ပြီး ကူးစက်မြန်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရအောင် ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းများ
ကိုရိုနာကြောင့် မြန်မာ-တရုတ် နယ်စပ် ကန်ပိုက်တည်ဂိတ်ကို ယာယီပိတ်