ပြီးခဲ့သော သီတင်းပတ်အတွင်း ဝူဟန်မှမန္တလေးမြို့သို့ လာရောက်ခဲ့သော တရုတ်နိုင်ငံသား ၇၃ ဦး သွားရောက်ခဲ့ သည့် နေရာများကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေ ရှိ/မရှိ နောက်ကြောင်းပြန်စုံစမ်းမှုများ ပြုလုပ်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။
အဆိုပါ တရုတ်နိုင်ငံသား ၇၃ ဦး အဖွဲ့သည် ဇန်နဝါရီ ၂၃ ရက်က တရုတ်နိုင်ငံ ဝူဟန်မြို့မှ လေကြောင်းဖြင့် ရန်ကုန်မြို့ သို့ ရောက်ရှိခဲ့ပြီး ထိုမှ တဆင့် မန္တလေးသို့ လာရောက်လည်ပတ်ခဲ့ခြင်း ဖြစ်ပြီး၊ မန္တလေးနှင့် တရုတ်နိုင်ငံသို့ ဆက်သွယ် ပျံသန်းနေသော လေကြောင်းလိုင်း အများစုအား ယာယီ ရပ်ဆိုင်းလိုက်သောအခါ တရုတ်နိုင်ငံသား ၇၃ ဦးကို တရုတ် သံရုံးမှ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ဆက်သွယ်ကာ ဇန်နဝါရီ၂၈ ရက် ညပိုင်းက တရုတ်လေကြောင်း လိုင်းဖြင့် ပြန် လည် ခေါ်ဆောင်သွားပြီ ဖြစ်သည်။
ယမန်နေ့ ကိုရိုနာ ဗိုင်းရပ်စ် စောင့်ကြည့်စစ်ဆေး ကုသရေး ကြီးကြပ်မှု ကော်မတီ အစည်းအဝေးတွင် ဦးဇာနည် အောင်က “ဝူဟန်ကနေ ရောက်ခဲ့တဲ့ တရုတ်နိုင်ငံသား ခရီးသည်တွေ ဒီမှာ နေထိုင် စဉ်အတွင်း သူတို့သွား လာ နေထိုင်ခဲ့တဲ့နေရာ တွေကို မှတ်တမ်းတင်ဖို့ လိုပါတယ်။ ဒါမှသာ ရောဂါ ကူးစက်နိုင်မှု ရှိ/မရှိ လိုအပ်တဲ့ ကာကွယ်မှု၊ အစီအမံများကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ဆိုသည်။
တရုတ်နိုင်ငံသား ၇၃ ဦး နေထိုင်သွားသော ဟိုတယ်နှင့် တည်းခိုခန်းများ အပါအဝင် သွားရောက် လည်ပတ်ခဲ့သော နေရာများအား စုံစမ်း၍ ယင်းဧရိယာများတွင် လိုအပ်သော ကျန်းမာရေး ကာကွယ်မှုများ၊ အသိပညာပေးမှုများ ဆောင် ရွက်သွားမည်ရန် မှတ်တမ်း ရယူခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။
ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ တိုင်းဒေသကြီး အဆုတ်ရောင်ရောဂါ စောင့်ကြည့်စစ်ဆေး ကုသရေး ကြီးကြပ်မှု ကော်မတီ (Surveillance Response Team -SRT) ကို မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်အား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးကာ တိုင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ကျန်းမာရေးဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွား၊ အထွေထွေ အုပ်ချုပ်ရေး အစရှိသော ဆက်စပ်ဌာနများ ပါဝင်ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။
အဆိုပါ အဖွဲ့က မန္တလေးတိုင်းသို့ လေကြောင်း၊ ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းဖြင့် ဝင်ရောက်လာသော တရုတ် နိုင်ငံသား ခရီးသွားဧည့်သည်များ၏ ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများနှင့်အတူ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးဆိုင် ရာ အသိပညာပေး လုပ်ငန်းများ၊ စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ဖြစ်သည်။
ထို့ကြောင့် တရုတ်နိုင်ငံသား ဧည့်သည်များ နေထိုင်ခဲ့သော ဟိုတယ်တည်းခိုခန်းများတွင် တရုတ်နိုင်ငံသားများ၏ ကျန်းမာရေး သံသယဖြစ်ဖွယ် တစုံတရာ တွေ့ရှိပါက သက်ဆိုင်ရာ အဖွဲ့အသီးသီးများက တဆင့် SRT အဖွဲ့သို့ အချိန် မရွေး အကြောင်းကြားရန် လိုအပ်သည်ဟု ဝန်ကြီးချုပ် ဦးဇာနည်အောင်က ဆိုသည်။
မန္တလေးမြို့ရှိ Sukura Princess ဟိုတယ်မှ အော်ပရေးရှင်း မန်နေဂျာ ကိုသက်ဆွေဦးက “တရုတ်မှာလည်း ဒီရောဂါပိုး အခြေအနေက အရမ်းပျံ့နှံ့နေတယ်ဆိုတော့ လောလောဆယ် ကျနော်တို့ဆီမှာ တရုတ်နိုင်ငံသား ဧည့်သည်တွေကို လက်ခံ တည်းခိုဖို့ ယာယီ ကန့်သတ်ထားပါတယ်။ ကြိုတင် လက်ခံထားပြီးသား တရုတ်နိုင်ငံသား ဧည့်သည်တွေ တောင် ကျနော်တို့ဘက်က Reservation Cancel လုပ်လိုက်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတွင် တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့မှ စတင် ဖြစ်ပွားခဲ့သော ကူးစက်မြန် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၇၀ ဦး ရှိလာပြီး တရုတ်နိုင်ငံသာမက အခြားနိုင်ငံ ၁၅ နိုင်ငံကျော်ကို ကူးစက်လျက် ရှိကာ ဗိုင်းရပ်စ် ပိုးကူးစက်ခံရသူ ၇၈၀၀ ကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
မန္တလေးတွင် ရောက်ရှိသော ဝူဟန်မှ တရုတ်နိုင်ငံသား ၇၀ ကျော် ပြန်ခေါ်
ဝူဟန်မှ မန္တလေးသို့ ပြန်ခေါ်မည့် မြန်မာကျောင်းသားများ အတွက် အဆင်သင့်ဖြစ် ဟုဆို