ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ဖြင့် တရားစွဲခံနေရသော လက္ကာ ရွာသားများ အမှု၌ တရားလိုပြသက်သေ စစ်ဘက်ဆိုင်ရာမှ အရာရှိ ၁ ဦးနှင့် ရဲအရာရှိ ၁ ဦး တို့ကို စစ်တွေခရိုင် တရားရုံးတွင် ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် စစ်ဆေးခဲ့သည်။
ယနေ့ စစ်တွေခရိုင် တရားရုံး၌ စစ်ဆေးခဲ့သူများမှာ စစ်တွေတပ်နယ်မှ ဗိုလ်ကြီး ထင်လင်းနှင့် မြောက်ဦး အမှတ် ( ၃၁ ) ရဲတပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့သော ဒုရဲမှူး ဇော်မျိုးဝင်းတို့ ဖြစ်ကြောင်း အမှုအား လိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော် ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက “ ဒီနေ့ တရားရုံးမှာ စစ်ဘက်ဆိုင်ရာက ဗိုလ်ကြီး ၁ ဦးနဲ့ ရဲအရာရှိ ၁ တို့ကို စစ်ဆေးခဲ့တယ်။ ဗိုလ်ကြီး ထင်လင်းကတော့ သူ အထက်ဌာနက ညွန်ကြားချက်အရ ဒီအကြမ်းဖက်မှုမှာ ရဲစခန်းမှာ တိုင် တန်း အမှုဖွင့်ခဲ့တာ ဖြစ်တယ်။ နောက်ပြီးတော့ ရုံးရှေ့ စွပ်စွဲခံရသူတွေကို ဖမ်းဆီးစဉ် မပါခဲ့ပေမယ့် စစ်ဆေးစဉ်ကာလ တုန်းက ပါခဲ့တယ်ပေါ့။ သူ့ရုံးရှေ့ ထွက်ဆိုချက် တွေဟာလည်း စစ်ကြောစဉ် ကာလက သိရှိခဲ့တဲ့ အချက်အလက်များသာ ဖြစ်တယ် ဆိုပြီး အဲဒီလို ထွက်ဆိုခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ လက္ကာရွာသားများအမှု ရုံးထုတ်ရာတွင် မိသားစုဝင်များကလည်း တရားရုံးသို့ လာရောက်ခဲ့ကြသည်ကို တွေ့ရပြီး ယင်းအထဲတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံထောင်ကျေးရွာ အုပ်စု ဗန်းပွေး ကျေးရွာမှ ဖမ်းဆီးခံ ကိုခင်မောင်၏ ဇနီးမယုယုခင်လည်း ယနေ့ ရုံးချိန်းတွင် လာရောက်ခဲ့သည်။
မယုယုခင်က “အမှု စစ်တဲ့ကိစ္စတော့ ကျမလည်း နားမလည်ဘူး။ ကိုခင်မောင်နဲ့တွေ့ဖြစ်တယ်။ သူ့အတွက်တော့ မစိုးရိမ်နဲ့ ကလေးတွေကိုပဲ ဂရုစိုက်ပေးဖို့နဲ့ ကျောင်းထားပေးဖို့ အဲဒီလိုပဲမှာတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကိုခင်မောင်နှင့်မယုယုခင်တို့သည် မြောက်ဦး KBZ တွင်အပ်နှံထားသော ငွေများကို ထုတ်ယူရန်အတွက် ၎င်းတို့နေထိုင်ရာ ကျေးရွာမှ လေးမြို့ချောင်းအတိုင်း စက်လှေဖြင့် လာရောက်စဉ် ဘဏ်ပိတ်ထားသဖြင့် လက္ကာရွာတွင် တညတာ တည်းခို ရာမှ နောက်တနေ့တွင် အခြားရွာသားများနှင့်အတူ ကိုခင်မောင်မှာ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း ဇနီးဖြစ်သူ က ရှင်းပြ သည်။
ပြီးခဲ့သော ရုံးချိန်း၌လည်း မြောက်ဦးမြို့မစခန်းမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒုရဲမှူး အောင်သူရနှင့် အမှတ် ( ၃၁ ) ရဲတပ်ရင်းမှ ရဲတပ်သား ၁ ဦးတို့ကို စစ်ဆေးခဲ့သည်။
အဆိုပါ အကြမ်းဖက်မှု ဥပဒေဖြင့် တရားစွဲခံရသည့် လက္ကာကျေးရွာသားများ အမှုတွင် တရားလိုဘက်က စစ်ဘက်၊ ရဲဘက် ၊ အရပ်ဘက် အပါအဝင် တရားလိုပြ သက်သေ ၂၆ ဦး အား ရုံးတော်၌ တင်ပြထားကြောင်းလည်း အမှုလိုက်ရှေ့နေများ ထံမှ သိရသည်။
ထိုသို့ တရားလိုဘက်က တင်ပြထားသည့် သက်သေ ၂၆ ဦးထဲမှ လက်ရှိအချိန်တွင် တရားလို အပါအဝင် တရားလိုပြ သက်သေ ၈ ဦး စစ်ဆေးမှု ပြီးစီးခဲ့ကာ တရားရုံးချိန်း ၂၀ ကျော်အထိ ရှိလာပြီ ဖြစ်သည်။
မြောက်ဦးမြို့နယ်အတွင်း ရဲတပ်ရင်း ၁ ခုနှင့် လေးမြို့မြစ်ကမ်းရှိ တပ်မတော် က ယာယီစခန်း ၁ ခုကို AA က ၂၀၁၉ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ ညဉ့်အချိန်က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နောက်တနေ့တွင် လက္ကာ ကျေးရွာသို့ တပ်မတော် စစ်ကြောင်း က ဝင်ရောက် စစ်ဆေးခဲ့ရာ အရပ်သား ယောင်ဆောင် ထားသည့် AA တပ်ဖွဲ့ဝင် ၂၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တပ်မ တာ်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောဆိုထားသည်။
ထိုသို့ ဖမ်းဆီးခဲ့ပြီးနောက် လက္ကာ ရွာသားများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ ( က )၊ ၅၀ ( ဈ )၊ ၅၄၊ ၁၉၄၉ လက်နက်အရေးပေါ် ယာယီ ဥပဒေ ပုဒ်မ ၂ ( ၁ )၊ ( က ) တို့ဖြင့် ရဲတပ်ဖွဲ့မှ မေလ ၃၁ ရက်နေ့တွင် မြောက်ဦးခရိုင် တရားရုံး၌ တရားစွဲဆိုခဲ့ရာမှ လုံခြုံရေးအခြေအနေကြောင့် စစ်တွေခရိုင်တရားရုံးသို့ ရုံးပြောင်းကာ အမှု စစ်ဆေးနေခြင်း ဖြစ်သည်။
ယင်းသို့ အကြမ်းဖက် ဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် လက္ကာ ရွာသားများအမှုတွင် အသက်မပြည့်သေးသူ လူငယ် ၂ ဦး ပါဝင်ပြီး လက်ရှိအချိန်တွင် ၎င်းလူငယ် ၂ ဦးကို အကြမ်းဖက် ဥပဒေဖြင့် မြောက်ဦးမြို့နယ် ကလေးသူငယ် တရားရုံးတွင် ၁ ဦး နှင့် စစ်တွေမြို့နယ် ကလေးသူငယ် တရားရုံးတွင် ၁ ဦးအား အမှု စစ်ဆေးနေကြောင်းလည်း အမှုလိုက်ပါဆောင်သူ တရားလွှတ်တော် ရှေ့နေ ဦးအောင်စစ်မင်းက ဆိုသည်။
ရက္ခိုင့်တပ်တော် ( AA )ကမူ ယင်းမြောက်ဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်းက AA တပ်ဖွဲ့ဝင်များ ဖမ်းဆီး ခံရမှု မရှိကြောင်း AA သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဧရာဝတီ သို့ ပြောသည်။
လက္ကာကျေးရွာသားများအား တပ်မတော်က ဖမ်းဆီး စစ်ဆေးခဲ့စဉ်က ညှဉ်းပန်းနှိပ်စက်မှုများကို ဆိုးဝါးစွာ ခံခဲ့ရကြောင်း လည်း ဖမ်းဆီးခံ ရွာသားများက မေလ ၁၇ ရက်နေ့က ဒုတိယအကြိမ် ရမန်ယူပြီး စစ်တွေမြိ့နယ် တရားရုံးမှ အပြန်တွင် သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
ဖမ်းဆီးခံ ရွာသား ၂၇ ဦးတွင် တပ်မတော် စစ်ကြောရေး၌ အသက် ၂၅ နှစ်အရွယ် ကိုဇော်မျိုးထွန်း၊ အသက် ၃၅ နှစ်အရွယ် ဦးသိန်းထွန်းစိန်နှင့် အသက် ၄၁ နှစ်ရှိ ဦးမောင်သန်းနု တို့မှာ သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသည့် ကျေးရွာသား ၃ ဦးနှင့် ပတ်သက်ပြီး တပ်မတော်ဘက်က ထုတ်ပြန်ရာတွင် ဆေးပြတ်၍ သေဆုံးသူ ၁ ဦး၊ကြိုးဆွဲချ သေဆုံးသူ ၁ ဦးနှင့် နှလုံးဖောက်၍ သေဆုံးသူ ၁ ဦး စသည့် ဖြစ်စဉ်များကြောင့် သေဆုံးကြောင်း ထုတ် ပြန်ခဲ့သည်။
ရွာသား ၃ ဦး သေဆုံးမှုနှင့် ပတ်သက်ပြီးလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်တွေမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ ရင်ခွဲ စစ်ဆေးချက်များကို ရယူခဲ့ပြီး တဖက်တွင်လည်း သက်ဆိုင်ရာ ရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှု ဖွင့်ခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောဆိုထားသည်။
သို့သော်လည်း သေဆုံးသူ မိသားစုဝင်များမှာ အလောင်းများကိုလည်း တွေ့မြင်ခွင့် မရခဲ့သလို တပ်မတော်ဘက်က အကြောင်းချက်ပေးသည့် အပေါ်လည်း အယုံအကြည် မရှိဟု ဆိုကြသည်။
လက်ရှိအခြေအနေတွင် အကြမ်းဖက်ဥပဒေဖြင့် တရားရင်ဆိုင်နေရသော အဆိုပါ လက္ကာကျေးရွာသား ၂၄ ဦးထဲမှ ရွာသား ၁၆ ဦးကို မြောက်ဦး ကိုးသောင်းဘုရားအနီးရှိ ရဲတပ်ရင်းကို ဝင်တိုက်ရာတွင် ပါဝင်သည်ဟုဆိုကာ ရဲတပ်ဖွဲ့က အကြမ်းဖက်မှု ဥပဒေ ဖြင့် ထပ်မံ တရားစွဲဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်ဥပဒေပုဒ်မဖြင့် ထပ်မံတရားစွဲဆိုခဲ့ရသည့် လက္ကာကျေးရွာသားများမှာ ဦးခင်မောင်စိုး၊ ဦးဖိုးသာလူ၊ ကိုကျော်သန်းနိုင်၊ ဦးထွန်းမောင်၊ ဦးထွန်းကြည်၊ ကိုပျက်ယေ အပါအဝင် လက္ကာရွာသား ၁၆ ဦး ပါဝင်ကြောင်းလည်း မိသားစုဝင်များနှင့် အမှုလိုက်ပါ ဆောင်ရွက်သည့် ရှေ့နေများက ပြောသည်။
ထိုထပ်မံ အကြမ်းဖက်မှုဖြင့် စွဲဆိုခဲ့ရသည့် လက္ကာရွာသား ၁၆ ဦး အမှုတွင် တရားခံပြေး အဖြစ် AA ခေါင်း ဆောင်များ ဖြစ်ကြသည့် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်၊ ဦးခိုင်သုခ အပါအဝင် လူပေါင်း ၁၆၀ ကျော် ပါဝင်ကြောင်း သိရသည်။
ဆက်စပ်လင့်-
လက္ကာရွာသားများအမှုမှ တရားလိုနှင့် သက်သေများကို စတင်စစ်ဆေး
လက္ကာရွာသား ၁၆ ဦးကို အကြမ်းဖက်မှု ဥပဒေဖြင့် ထပ်မံ တရားစွဲဆို