ရက္ခိုင့်စစ်တပ် (AA) စစ်ဦးစီးချုပ်၏ ညီမနှင့် ယောက်ဖတို့ကို တရားစွဲဆိုနိုင်ရေး အထောက်အထားရရှိရန် ထိုင်းနှင့် လာအိုနိုင်ငံတို့မှ ထောက်လှမ်းရေးများ၏ အကူအညီ ရယူသည်ဟု မြန်မာနိုင်ငံ ထောက်လှမ်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူး မင်းခိုင်က ယနေ့ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံး၌ ထွက်ဆိုသည်။
ဒုရဲမှူး မင်းခိုင်သည် AA စစ်ဦးစီးချုပ်၏ ညီမနှင့် ယောက်ဖကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲ ဆိုထားသည့် တရားလိုဖြစ်ပြီး ယနေ့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် အမှုကို တရားလိုပြသက်သေ စတင် စစ်ဆေးရာ တရားရုံးတော်တွင် ထိုသို့ ထွက်ဆိုချက်ပေးခြင်း ဖြစ်သည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီမ မမိုးနှင်းဖြူနှင့် ယောက်ဖ ကိုကျော်နိုင်ကို၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၉ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး အကြမ်းဖက် ဥပဒေပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆိုထားသည်။
ဒုရဲမှူး မင်းခိုင်က တရားရုံးတွင် သက်သေထွက်ဆိုရာ ကိုကျော်နိုင်သည် လက်နက်မှုဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရသူ AA တပ်ဖွဲ့ဝင် မောင်မောင်စိုးနှင့် ထိုင်းနိုင်ငံတွင် တွေ့ဆုံပြီး လာအိုနိုင်ငံသို့ သွားစဉ် ဟိုတယ်စရိတ်များ အကုန်ကျခံပေး ခဲ့ပြီး ထိုင်းနိုင်ငံသို့ ပြန်လာရာတွင်လည်း မောင်မောင်စိုးကို ထိုင်းဘတ်ငွေ၂၀၀၀ (မြန်မာကျပ် ၉၃၀၀၀ ခန့်) ကို ထောက်ပံ့သည် ဟူ၍ ပြောဆိုသည်။
ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတွင်း သွားလာခဲ့သည့် မှတ်တမ်းများအား ကိုကျော်နိုင်နှင့် မမိုးနှင်းဖြူတို့အား ဖမ်းဆီးပြီး နောက် အောက်တိုဘာ၂၀ ရက်တွင် တိုင်ချက်ဖွင့်ပြီးမှ စုံစမ်းထောက်လှမ်းခဲ့ခြင်း ဖြစ်သည်ဟုလည်း ဒုရဲမှူးမင်းခိုင်၏ ထွက်ချက်အရ သိရသည်။
ထို့ပြင် ကိုကျော်နိုင်နှင့် သမီးဖြစ်သူတို့မှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ စင်ထရယ်ပလာဇာ၌ ဈေးဝယ်ရာတွင်လည်း မောင် မောင်စိုးနှင့်အတူ သွားလာနေသည့် မှတ်တမ်း ဓာတ်ပုံကိုလည်း တရားရုံးသို့ သက်သေအဖြစ် ယနေ့ တင်သွင်းသည်။
ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးမှ သတင်းပြန်ကြားရေး အရာရှိ ဦးဇော်ဇော်ထွန်းက “ယနေ့ ဒုရဲမှူးမင်းခိုင်ကို စစ်ဆေးတယ်။ ဒုရဲမှူး မင်းခိုင်ရဲ့တယ်လီဖုန်းအတွင်းမှာရှိတဲ့ ဓာတ်ပုံတပုံနဲ့ စပ်လျဉ်းပြီး ဒုရဲမှူးဝင်းကျော်နဲ့ ဆိုင်တဲ့ သက်သေခံ တင်သွင်းတော့ တရားခံဘက်က ကန့်ကွက်ပါတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံအတွင်း ကိုကျော်နိုင်နှင့် မောင်မောင်စိုးတို့အတူ သွားလာနေသည့် မှတ်တမ်းအချက် အလက်များနှင့် ဓာတ်ပုံမှတ်တမ်းများ ရရှိရန် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံမှ မိတ်ဖက် ထောက်လှမ်းရေး အဖွဲ့အစည်းများ က ကူညီပေးခြင်း ဖြစ်ပါသည်ဟုလည်း ဒုရဲမှူးမင်းခိုင် က ထွက်ဆိုသည်။
ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံမှ မိတ်ဖက် ထောက်လှမ်းရေး အဖွဲ့အစည်းများမှ မြန်မာနိုင်ငံ ထောက်လှမ်းရေး ရဲတပ်ဖွဲ့၊ စုံစမ်းရေး အဖွဲ့ခေါင်းဆောင်သို့ အချက်အလက်များ ပေးပို့ရာ ထိုခေါင်းဆောင်မှ တဆင့် မိမိထံသို့ Viber ဖြင့် ပြန်လည် ပေးပို့ထားသည့် ဓာတ်ပုံကို သက်သေအဖြစ် တရားရုံးသို့ တင်သွင်းခြင်း ဖြစ်သည်။
သို့သော် Viber Account မှာ တရားလို ဒုရဲမှူးမင်းခိုင်၏ Account မဟုတ်ဘဲ တရားလိုပြ သက်သေ ဒုရဲမှူး ဝင်းကျော် ၏ Account ဖြစ်နေသဖြင့် တရားခံဘက်မှ ရှေ့နေက ကန့်ကွက်ခြင်း ဖြစ်သည်။
ဦးဇော်ဇော်ထွန်းက “အဆိုပါ ကိစ္စအပေါ် အမိန့်တရပ် ချမှတ်ရန်နှင့် တရားလို ဒုရဲမှူးမင်းခိုင်ကို ဆက်လက်စစ်ဆေးရန် ချိန်းဆိုခဲ့ပါတယ်” ဟု ပြောသည်။
တရားလို ဒုရဲမှူး မင်းခိုင်မှ တရားရုံးသို့ သက်သေအဖြစ် တင်ပြချက်တွင် ကိုကျော်နိုင်ကိုသာ စွပ်စွဲထားချက်ပါရှိပြီး AA စစ်ဦးစီးချုပ်၏ ညီမ မမိုးနှင်းဖြူနှင့် ပတ်သက်၍ ပါဝင်ခြင်း မရှိသေးပါ။
ကိုကျော်နိုင်နှင့် မမိုးနှင်းဖြူတို့၏ ရှေ့နေ ဦးအောင်ကျော်စိန်က “မိုးနှင်းဖြူကိုလည်း တနေ့တည်း ဖမ်းတယ်။ အတူတူ ဖမ်းပြီး သူတို့ စုံစမ်းဖော်ထုတ်ပြီးမှ တိုင်ချက်ဖွင့်တာ။ မိုးနှင်းဖြူပါ ငြိတယ်ဆိုရင် သူ့ကိုပါ တရားစွဲလေ။ အခုက သူ့ကို မတိုင်ဘဲ သူ့ယောင်္ကျားတယောက်တည်းကို တိုင်ပြီး သူ့ကိုပါ တရားခံအဖြစ် ထည့်တယ်။ ဘာလို့ ထည့်သလဲဆိုတာ နောက်တပတ် ရုံးချိန်းမှ မေးရမယ်” ဟု ပြောသည်။
အမှုကို ဖေဖော်ဝါရီ ၆ ရက်တွင် ထပ်မံ စစ်ဆေးမည် ဖြစ်သည်။
ကိုကျော်နိုင်နှင့် မမိုးနှင်းဖြူတို့ကို တရားစွဲဆိုထားသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) သည် နိုင်ငံတော် အစိုးရမှ အကြမ်းဖက် အဖြစ် သတ်မှတ်ထားသည့် အဖွ့ဲ၏ တာဝန်ပေးမှုကို လှုပ်ရှားပေးခြင်း၊ အကြမ်းဖက် အဖွဲ့ဝင် တဦးဦးကို အရေးယူခြင်း မပြုနိုင်ရန်၊ လွတ်မြောက်စေရန် ဝှက်ထားခြင်း၊ အကြမ်းဖက်သမားများကို နေရာ ထိုင်ခင်း အသုံးပြုခွင့်ပေးခြင်းတို့ လုပ်ဆောင်ပါက စွဲဆိုနိုင်သည့် ပုဒ်မ ဖြစ်သည်။
ပြစ်မှု ထင်ရှားကြောင်း တရားရုံးမှ ဆုံးဖြတ်ပါက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်ထိ ပြစ်ဒဏ် ချမှတ်ခံရမည်ဟု အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ကိုကျော်နိုင်နှင့်အတူ ထိုင်းနှင့် လာအိုနိုင်ငံများသို့ သွားသည်ဟူသည့် မောင်မောင်စိုးမှာ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်က မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်အတွင်း AA မှ သိမ်းဆည်းထားသည့် စစ်ဘက်သုံး ပစ္စည်းနှင့် ဖောက်ခွဲရေး ပစ္စည်းများ ဖမ်းမိသည့်အမှုတွင် ဖမ်းဝရမ်း ထုတ်ခံထားရသူတဦး ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီး အဖမ်းခံရ
AA စစ်ဦးစီးချုပ်၏ ညီမနှင့် ယောက်ဖတို့ကို အကြမ်းဖက်မှု ဥပဒေဖြင့် တရားရုံးတင်