ကယားပြည်နယ်တွင်း နေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စု အချို့မှာ လူဦးရေ တဖြည်းဖြည့် လျော့နည်း လာသောကြောင့် ပျောက်ကွယ် မသွားစေရေး ထိန်းသိမ်းရန် လိုအပ်နေကြောင်း သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းက သတိပေးလိုက်သည်။
ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကယားပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စား လှယ်လည်း ဖြစ်သူ ဦးစိုးသိန်းက ကယား တိုင်းရင်းသားမျိုးနွယ်စုတချို့ ပျောက်ကွယ်မသွားစေရန်အတွက် တတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးပေးရန် အစီစဉ်ရှိ/မရှိ ကြယ်ပွင့်ပြ မေးခွန်း မေးခဲ့ခြင်း ဖြစ်သည်။
ဦးစိုးသိန်းက “ပစ်ထားရင်၊ ကြာရင် သူတို့တွေက လျော့လျော့သွားမှာပေါ့။ သူတို့မှာလည်း သူတို့ထုံးတမ်းတွေ ရှိ တာပေါ့။ စောင့်ရှောက်ဖို့ လိုတယ်။ သူတို့ကို မေ့ထားလို့မရဘူး။ မမေ့အောင် ကျနော်က သတိပေးလိုက်တာ” ဟု လွှတ်တော် အစည်းအဝေးအပြီးတွင်း ဧရာဝတီသို့ ပြောသည်။
၎င်း၏ မေးခွန်းကို လွှတ်တော်တွင် လာရောက် ဖြေကြားသည့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး ဦး လှမော်ဦးက ကယားပြည်နယ်အတွင်း တိုင်းရင်းသားမျိုးနွယ်စုများ မပျောက်စေရန်အတွက် တိုင်းရင်းသား စာပေနှင့် ဘာသာစကားသင် ဆရာ၊ ဆရာမများ ခန့်ထားကြောင်း၊ တိုင်းရင်းသားဘာသာ ပုံပြပုံပြင်စာအုပ်များကိုလည်း ဖြန့်ဝေပေးနေကြောင်း ပြောသည်။
ဒုတိယဝန်ကြီး ဦးလှမော်ဦးက“တိုင်းရင်းသား လူမျိုးတွေ မျိုးနွယ်စု မပျောက်ပျက်စေရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေမှာပါတဲ့ အခွင့်ရေးတွေကို တိုင်းရင်း သားလူမျိုးတွေ ကျယ်ပြန့်စွာသိရှိနိုင်ရေး အသိပညာပေးဟောပြောတာ လက်ကမ်းစာစောာင် ဖြန့်ဝေတာ ပြု လုပ်ခဲ့ပါတယ်”ဟု ပြောသည်။
လူနည်းစုဖြစ်ပြီး ကွယ်ပျောက်လုနီးပါးဖြစ်သည့် ယင်းတလဲ တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုများကို ဖော်ထုတ်ထိန်းသိမ်းခြင်းများပြုလုပ်နိုင်ရန် ထိုလူမျိုးများ၏ လူနေထိုင်မှုဆိုင်ရာ Documentary (ရုပ်သံမှတ်တမ်း) ရိုက်ကူးထားခြင်းများကိုလည်း ပြုလုပ်ထားပြီး ဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုသည်။
သို့သော်လည်း လူနည်းစု တိုင်းရင်းသား လူမျိုးမပျောက်ကွယ်စေရေးအတွက် စာပေနှင့်ယဉ်ကျေးမှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေရကြောင်း ယင်းတလဲလူမျိုးစုများကိုယ်တိုင် ရေးဆွဲထား သည်း တိုင်းရင်းသားစာပေ ဒေသသင်ရိုးညွှန်းတမ်းများကို အတည်ပြုပေးစေလိုကြောင်း ယင်းတလဲ လူမျိုးစု တချို့က အစိုးရကို တောင်းဆိုလျက်ရှိသည်။
ထို့ပြင် တိုင်းရင်းသား ဘာသာစကားနှင့် စာပေသင်ကြားမှုအတွက် မိမိတို့ တိုင်းရင်းသားလူမျိုးအတွင်းရှိ ဆရာ၊ ဆရာမများကိုသာ ခန့်ထားပေးစေလိုကြောင်း ကယားပြည်နယ်တွင်းရှိ တိုင်းရင်းသား မျိုးနွယ်စုအချို့က ပြောဆို သည်။
ယင်းတလဲလူမျိုးစု မပပျောက်ရေး လှုပ်ရှားဆောင်ရွက်နေသူ ဦးဘရိုင်းက“အရမ်းကို စိုးရိမ်ရတဲ့ အနေထားကို ရောက်နေတယ်။ ကိုယ့်လူမျိုးတွေကို မပပျောက်စေချင်ဘူး။ အခြားလူမျိုးစုတွေလိုမျိုး ကိုယ်စာပေနဲ့ကိုယ် ကိုယ့်ယဉ်ကျေးမှုးနဲ့ကိုယ်နေချင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၈ ဒီဇင်ဘာလ စာရင်းဇယားများအရ ကယားမျိုးနွယ်စုများထဲမှ ယင်းဘော်(၁၁၅၉) ဦး၊ ဂေမိုး(၈၅၃) ဦး၊ ဂေဘား (၁၀၀၃) ဦး၊ ယင်းတလဲ (၁၁၉၉) ဦးနှင့် ဇယိမ်းတို့မှာ (၅၇၈) ဦးသာ ကျန်ရှိတော့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း၏ မေးခွန်းတွင် ပါရှိသည်။
ကယားပြည်နယ်သည် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်များအနက် အသေးငယ်ဆုံးပြည်နယ်ဖြစ်ပြီး ကယား၊ က ယန်း၊ ကယော၊ ယင်းဘော်၊ ဂေမိုး၊ ဂေဘား၊ ယင်းတလဲ၊ မနုမနော၊ ဇယိမ်း စသည့် တိုင်းရင်းသား မျိုးနွယ်စုများ အပြင် ရှမ်း၊ အင်းသား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင် တိုင်းရင်းသားများလည်း နေထိုင်ကြကြောင်း သိရသည်။
You may also like these stories:
AA စစ်ဦးစီးချုပ် ညီမနှင့်ယောက်ဖအမှု၌ ထိုင်း၊ လာအိုထောက်လှမ်းရေးတို့ အကူအညီ ယူခဲ့ဟုဆို
လက္ကာရွာသားများအမှု တရားလိုပြသက်သေ အရာရှိ ၂ ဦးကို စစ်ဆေး
ICJ က ဂမ်ဘီယာနှင့် မြန်မာကို လျှောက်လှဲချက်တင်ရန် ၆ လအချိန်ပေး