မွန်ပြည်နယ် ရေပိုက်နက်အတွင်းရှိ ငါးသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် အလွန်အကျွံ ငါးဖမ်းဆီးနေမှုများကို ပြည်နယ်အစိုးရ အနေဖြင့် အရေးယူ ဆောင်ရွက်သွားရန် အစီအစဉ် ရှိကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ဇန်နဝါရီ ၂၄ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောသည်။
လက်ရှိတွင် မွန်ပြည်နယ် ငါးဖမ်းကွက် အချို့တွင် လုပ်ငန်းရှင်များသည် ငါးလုပ်ငန်း ဦးစီးဌာနက သတ်မှတ်ထားသည့် အရေအတွက်ထက် အဆပေါင်းများစွာသော အင်္ဂလန်ကျားဖောင်များဖြင့် လုပ်ကိုင်နေကြောင်း၊ ထိုသို့ လုပ်ကိုင်မှုကြောင့် ပင်လယ်ပြင်တွင်း ငါးသယံဇာတ ရှားပါးလာသည့် ပြသနာကို ရင်ဆိုင်နေရသဖြင့် အရေးယူမှုများ စတင်ရန် စီစဉ်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်နေ့က မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ ပါဝင်သော စစ်ဆေးရေးအဖွဲ့က မွန်ပြည်နယ် ငါးဖမ်းကွက်ဖြစ်သော D 6၊ D 11 နှင့် D 12 များကို စစ်ဆေးမှုပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ရှိ ရေလုပ်ငန်းရှင် ၆ ဦး၏ အင်္ဂလန် ကျားဖောင်တန်း ၃ တန်း၊ စိန်ပိုက်ငါးဖမ်းစက်လှေ ၃ စင်းနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ရေလုပ်ငန်းရှင် ၂၄ ဦး၏ အင်္ဂလန် ကျားဖောင်တန်း ၂၄ တန်း တို့မှ ကျားဖောင်အရေအတွက်မှာ ၁၂၂၄ ဖောင်ရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။
မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုပြည်နယ်မှူး ဦးစိုးမင်းက “ကျနော်တို့ သတ်မှတ်ထားတဲ့ လိုင်စင် ငါးဖမ်းကိရိယာဆို ရေလုပ်ငန်းရှင် ၁ ဦးကို ၈ ဖောင်ပေါ့နော်။ သို့သော်လည်း လုပ်ငန်းရှင် ၁ ဦးကို အနည်းဆုံး ဖောင် ၅၀၊ ၆၀၊ ၇၀၊ ၁၀၀ အဲဒီလောက်ထိ ရေပြင်မှာ လုပ်ကိုင်နေတာကို တွေ့ရှိရတယ်”ဟု ပြောသည်။
မွန်ပြည်နယ် ရေပိုက်နက်အတွင်း တရားဝင် ခွင့်ပြုထားသည့် ဒေသခံ ကမ်းဝေး ကျားဖောင်အရေအတွက်မှာ ၁၅၄ ဖောင် နှင့် ကမ်းနီးကျားဖောင် အရေအတွက်မှာ ဖောင် ၁၀၀၀ သာရှိရမည်ဖြစ်ရာ စစ်ဆေးမှုအရ ဧရာဝတီတိုင်း ဒေသကြီး ဘက်မှ အင်္ဂလန်ကျားဖောင် ၁၀၀၀ ကျော်မှာ ရေလုပ်ငန်းလိုင်စင် အထောက်အထား မပြသနိုင်ဘဲ နယ်ကျော် လုပ်ကိုင် နေကြ သည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။
ဒုပြည်နယ်မှူး ဦးစိုးမင်းက “ကျနော်တို့ အခုသွားရောက်တဲ့အခါမှာ တွေ့ရှိချက်ကတော့ အလွန် ဆိုးဆိုးဝါးဝါး တွေ့ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငါးလုပ်ငန်းဦးစီးဌာနကနေ သတ်မှတ်ပေးထားတဲ့ လိုင်စင်မပါတာနဲ့ ရေလုပ်သားတွေမှာလည်း ရေလုပ်သားကဒ် မပါတာတွေ အများဆုံးတွေ့ရတယ်”ဟု ရှင်းပြသည်။
ထိုသို့ စစ်ဆေးတွေ့ရှိချက်များကို ပြည်ထောင်စု အစိုးရအဖွဲ့ထံသို့လည်း တင်ပြသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။
ထိုသို့ ကျားဖောင်အရေတွက် များပြားလွန်းနေသဖြင့် ရေသယံဇာတကို ထိခိုက်လာပြီ ဖြစ်ကြောင်း၊ ပင်လယ်ပြင်ရှိ အင်္ဂလန်ကျားဖောင်တန်း ၁ ခုနှင့် ၁ ခုမှာ ၃ မိုင် ဝန်းကျင်သာ ကွာဝေးကြသဖြင့် ငါးများ အသက်ရှင်နေထိုင်ရန် အခက်အခဲများရှိပြီး အင်္ဂလန်ကျားဖောင်များ၏ ငါးဖမ်းပိုက်ကွက်သည် ပုဇွန်ဆိတ်နှင့် ငါးသားပေါက်များမကျန် သတ်ပစ် ဖမ်းနိုင်ခြင်းကြောင့် ငါးမျိုးသုဉ်းမှုကို ဖြစ်ပေါ်စေကြောင်း ရေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ရွှေလှေကျင်းကျေးရွာမှ မွန်ပြည်နယ်လုပ်ကွက်များအထိ ဝင်ရောက် လုပ်ကိုင်နေသူ ကျားဖောင် ဦးစီးချုပ် ဦးအောင်ကျော်မင်းက “ဖောင်တန်းတွေ ကျပ်လို့ လည်း ဒီဘက်ဝင်လာရိုက်တာ၊ ဖောင်တန်းတွေကတော့ ထောင်ချီနေတာပဲ၊ ဖောင်တွေက များလာတဲ့ အခါကျတော့ နေရာယူရတာပဲ၊ ဧရာဝတီဘက်ပါဆို သောင်းနဲ့ချီပြီး ရှိတယ်”ဟု ရှင်းပြသည်။
ဧရာဝတီတိုင်းဒေသကြီးမှ ပင်လယ်ပြင် ရေလုပ်သား ကိုပေါက်စက “သိသိသာသာ လျော့လာတာက ပုဇွန်တို့ ငါးတံခွန် တို့ကတော့ မပါတာကြာပြီ။ ဟိုအရင်က ဒီအချိန်ဆို ငါးတံခွန်တို့ဆို ၃၊ ၄ ခြင်းလောက်ရတယ်၊ အခုဆိုရင် မတွေ့ဘူး၊ ပုဇွန်တွေ ဘာတွေလည်း ဟိုတုန်းက ဆိုရင် တခါဖော်ရင် ၃၊ ၄၊ ၅ ခြင်း ပါတယ်၊ အခုကတော့ ၁ ခြင်း၊ ခြင်းဝက် အဲဒီလောက်ပဲ ရတယ်”ဟု ရှင်းပြသည်။
မြန်မာ့ပင်လယ်ပြင် ငါးဖမ်းကွက်စုစုပေါင်း ၁၂၅ ကွက်တွင် တနင်္သာရီတိုင်းဒေသကြီး ၄၅ ကွက်၊ ဧရာဝတီတိုင်းဒေသကြီး ၄၀ ကွက်၊ ရခိုင်ပြည်နယ် ၂၆ ကွက်နှင့် မွန်ပြည်နယ် ၁၄ ကွက်ဖြင့် သတ်မှတ်ထားကာ မွန်ပြည်နယ်သည် ရေလုပ်ကွက် အနည်းဆုံးဖြစ်သည်။
You may also like these stories:
ပြဿနာတွေ အမြစ်တွယ်နေတဲ့ ကျားဖောင်လုပ်ငန်း ဘယ်လိုပြုပြင် ပြောင်းလဲမလဲ
ကျားဖောင်နှင့် ပတ်သက်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ အမြန် ပြဋ္ဌာန်းရန် သမ္မတထံ အကြံပြု
ကျားဖောင်လုပ်ငန်းကို လူသတ်ကွင်းလို၊ မူးယစ်ဆေးဝါး စက်ရုံကြီးလို့ ပုံဖော်တာတွေ ရှိနေတယ်