ကိုရိုနာဗိုင်းရပ်သစ်ကြောင့် သေဆုံးသူ အရေအတွက်မှာ သောကြာနေ့တွင် ၂၁၃ ဦးအထိမြင့်တက်လာသောကြောင့် အမေရိကန်နိုင်ငံသားများ တရုတ်နိုင်ငံသို့ မသွားရောက်ရန် အမေရိကန်အစိုးရက သတိပေးလိုက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့( WHO) ကလည်း ကမ္ဘာ့ကျန်းမာရေးအရေးပေါ် အခြေအနေကြေညာလိုက်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော ခရီးသွားအကြံပေးချက်အရ တရုတ်နိုင်ငံသည် အီရတ်နှင့် အာဖဂန်ကဲ့သို့ အလားတူ အန္တရာယ်များသော နိုင်ငံတခုဖြစ်လာသည်။
အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်သည့် သတိပေးချက်တွင် “တရုတ်နိုင်ငံ ဝူဟန်တွင် စတင်တွေ့ရှိသော နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့် တရုတ်နိုင်ငံသို့ မသွားရ” ဟု ဖေါ်ပြထားသည်။
အမေရိကန်နိုင်ငံ၏ သတိပေးချက်နှင့် ပတ်သက်ပြီး ဘေ့ဂျင်းက တုံ့ပြန်ခြင်းမရှိသေးသော်လည်း WHO ၏ ကြေညာချက်နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ တရုတ်အမျိုးသမီးက တရုတ်နိုင်ငံသည် အကျယ်ပြန့်ဆုံးနှင့် အပြင်းထန်ဆုံး တားဆီးကာကွယ်ထိန်းချုပ်ရေး အစီအမံများ ချမှတ်ထာကြောင်းပြောသည်။
“မိမိတို့သည် ကူးစက်ရောဂါကို တိုက်ဖျက်ရာတွင် အနိုင်ရရေးအတွက် ယုံကြည်မှုနှင့် စွမ်းရည်အပြည့်အဝရှိကြောင်း” ပြောခွင့်ရ အမျိုးသမီး ဝှာချွန်ရင်က ကြေညာချက်တခုတွင်ပြောသည်။
WHO ၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရို အက်အန်နွမ် ဂျီဘရေးရီးစပ်က ၎င်းတို့အဖွဲ့အနေဖြင့် တရုတ်နိုင်ငံသို့ ခရီးသွားခြင်းနှင့် ကုန်သွယ်ခြင်းကန့်သတ်ချက်များကို မထောက်ခံကြောင်းနှင့် အမှန်တကယ် ဆန့်ကျင်ကြောင်း ပြောသည်။
တရုတ်နိုင်ငံမှ ရောဂါအဓိက ဖြစ်ပွားရာ ဟူဘေးပြည်နယ်တွင် သေဆုံးမှုနှုန်းသည် ၂၀၄ ဦးအထိ မြင့်မားလာပြီး ကြာသပတေးနေ့က တနိုင်ငံလုံးတွင် ကူးစက်ခံရမှုပေါင်း ၉၆၉၂ အထိရှိလာကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များပြောသည်။ အခြားနိုင်ငံများနှင့်ဒေသများတွင် ကူးစက်ခံရမှု ၁၂၉ မှု ရှိသော်လည်းတရုတ်နိုင်ငံပြင်ပတွင် လူသေဆုံးမှုမရှိသေးပေ။
ဟူဘေးပြည်နယ်မြို့တော် ဝူဟန်တွင်ပေါ်ပေါက်လာသည့် ကိုရိုနာဗိုင်းရပ်သစ်နှင့် ပတ်သက်ပြီး နိုင်ငံတကာ ထိတ်လန့်မှုသည် ရောဂါအလျှင်အမြန် ပျံ့ပွားခြင်းနှင့် ထိုဗိုင်းရပ်သည် မည်မျှအန္တရာယ်ရှိပြီး ကူးစက်တတ်သည် ကို နိုင်ငံတကာကျွမ်းကျင်သူများ မသိသေးသည့်အချက်အပေါ် မူတည်နေသည်။
အီတလီမှ တရုတ်ကမ္ဘာလှည့် ခရီးသည်နှစ်ဦးတွင် ဝူဟန်ဗိုင်းရပ်ကူးစက်ထားကြောင်းတွေ့ရသောကြောင့် တရုတ်နိုင်ငံနှင့် လေကြောင်းအဆက်အသွယ်အားလုံးကို ရပ်တန့်ရမည်ဟု အီတလီဝန်ကြီးချုပ် ဂျူးဆက်ကွန်တီက ပြောသောကြောင့် အခြားနိုင်ငံအများစု ထက် ပိုမိုပြင်းထန်သော အစီအမံဖြစ်လာသည်။
Air France KLM SA, British Airways, ဂျာမဏီ၏ Lufthansa နှင့် Virgin Atlantic အပါအဝင် ပိုမိုများပြားလာသောလေကြောင်းလိုင်းများသည် တရုတ်နိုင်ငံသို့ ပျံသန်းမှုကို ရပ်ဆိုင်းလာကြပြီး အချို့က ပျံသန်းမှု အရေအတွက် လျှော့ချလာကြသည်။
တရုတ်နိုင်ငံသို့လေ ကြောင်းခရီးစဉ်များကို ဆိုင်းငံ့ရန် စဉ်းစားနေကြောင်း ဂျပန်လေကြောင်းလိုင်း ANA Holdings ဥက္ကဌကပြောကြောင်း ဂျီဂျီသတင်းက သောကြာနေ့တွင် ဖေါ်ပြသည်။ ဖေဖေါ်ဝါရီလအတွက် တရုတ်နိုင်ငံမှထွက်ခွာမည့် အမှာစာ ထက်ဝက်ကျဆင်းကြောင်း ထိုလေကြောင်းလိုင်းက ကြာသပတေးနေ့တွင် ဖေါ်ပြသည်။
နိုင်ငံခြားအစိုးရများသည် ၎င်းတို့၏ နိုင်ငံသားများကို ဟူဘေးပြည်နယ်မှ ဘေးကင်းရာသို့ ဆက်လက်ပို့ဆောင်နေပြီး ၎င်းတို့ကို သီးခြားထားရှိစောင့်ကြည်နေကြသည်။
ဗြိတိန်နိုင်ငံသားများကို သယ်ဆောင်ပြီး ဝူဟန်မှ ထွက်ခွာသည့် လေယာဉ်တစင်းသည် ဂရင်းဝစ် စံတော်ချိန် ၀၂၀၀ မတိုင်မီထွက်ခွာလာကြောင်း တရုတ်နိုင်ငံရှိ ဗြိတိန်သံရုံးကပြောသည်။
တောင်ကိုရီးယားနိုင်ငံသားများကို သယ်ဆောင်မည့် လေယာဉ်ခရီးစဉ် လေးခုအနက် ပထမဆုံးခရီးစဉ်သည် ဂျင်ပို နိုင်ငံတကာလေဆိပ်သို့ သောကြာနေ့တွင်ရောက်လာပြီး ၎င်းတို့ကိုထားရှိမည့် သီးခြားစောင့်ကြည့်မည့်ဌာနများတွင် အနီးရှိနေထိုင်သူများ၏ အပြင်းအထန် ဆန့်ကျင်မှုများသောကြောင့် တင်းမာမှုများဖြစ်ပွားနေသည်။
ဂျပန်နိုင်ငံသားများကို သယ်ဆောင်လာသည့် တတိယလေကြောင်းခရီးစဉ် ဆိုက်ရောက်စဉ်တွင် ကိုရိုနာဗိုင်းရပ်ကို ဂျပန်နိုင်ငံတွင် ကူးစက်ရောဂါအဖြစ် သတ်မှတ်မည့် ရက်ကို ကြေညာမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံကပြောသည်။
စနေနေ့မှစတင်သည့် ထိုသတ်မှတ်ချိန်အတွင်း အခြားအစီအစဉ်များအပြင် ဆေးရုံမတက်မနေ့သတ်မှတ်ခြင်းနှင့်ကုသမှုအတွက် ပြည်သူ့ဘဏ္ဍာအသုံးပြုခြင်းတို့ ပါဝင်သည်။ ဂျပန်နိုင်ငံတွင် ကူးစက်မှု ၁၄ မှုရှိသည်။
ကိုရီးယားနှစ်နိုင်ငံတို့သည် ဗိုင်းရပ်ပြဿနာ ပြေလည်သည်အထိ မြောက်ကိုရီးယားနိုင်ငံမှ ဆက်သွယ်ရေးရုံးကို ပိတ်ထားမည်ဖြစ်သောကြောင့် ဆိုးလ်နှင့် ပြုံယမ်းအကြား အရေးပေါ်ဖုန်းလိုင်းသစ်ကို ဖွင့်လှစ်ထားသည်ဟု တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနကကြေညာသည်။
ကမ္ဘာ့ဒုတိယ အကြီးမားဆုံး စီးပွားရေးဖြစ်သော တရုတ်နိုင်ငံတွင် သေဆုံးမှုမြင့်မားလာသောကြောင့် ကြာသပတေးနေ့က ပြိုကွဲခဲ့သော စတော့ဈေးကွက်သည် WHO က တရုတ်နိုင်ငံ၏ ဗိုင်းရပ်ထိန်းချုပ်ရေးအားထုတ်မှုကို ချီးကျူးလိုက်ပြီးနောက် အနည်းငယ်ပြန်လည်တည်ငြိမ်လာသည်။
တရုတ်နိုင်ငံမှ ထုတ်ပြန်သောအချက်အလက်များအရ ကူးစက်ခံရသူများ၏ ၂ ရာခိုင်နှုန်းသာသေဆုံးပြီး ၂၀၀၂-၂၀၀၃ ခုနှစ်များကို ပြင်းထန်သောအသက်ရှူလမ်းကြောင်းရောဂါ (SARS) နှင့် အရှေ့အလယ်ပိုင် အသက်ရှူလမ်းကြောင်းရောဂါ (MERS) တို့လောက်သေဆုံးခြင်းမရှိကြောင်း ပြသနေသည်။
သို့သော် ကမ္ဘာ့ စီးပွားရေးတွင် တရုတ်နိုင်ငံ၏ ဝေစုသည် ပိုမိုများပြားလာသောကြောင့် ဘောဂဗေဒ ပညာရှင်များက ယခုဗိုင်းရပ်သည် လူ ၈၀၀ ခန့်သေဆုံးပြီး ကမ္ဘာ့စီးပွားရေးကို ဒေါ်လာ ၃၃ ဘီလျှံ ထိခိုက်စေသည့် SARS ရောဂါထက်ပိုမိုထိခိုက်မည်ကို စိုးရိမ်နေကြသည်။
တရုတ်နိုင်ငံတွင် ထောင်ပေါင်းများစွာသော စက်ရုံအလုပ်သမားများသည် ခရီးသွားလာခွင့် ကန့်သတ်ချက်များကြောင့် လာမည့်အပတ်တွင် လုပ်ငန်းခွင်သို့ ပြန်ဝင်ရန် အခက်အခဲရှိမည်ဖြစ်သည်။ Alphabet Inc’s Google နှင့် ဆွီဒင်၏ IKEA အပါအဝင် အဓိက လုပ်ငန်းများသည် တရုတ်နိုင်ငံမှ ၎င်းတို့ လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီးဖြစ်သည်။
ရှန်တုံးနှင့် ဟေလုံကျန်း ပြည်နယ်အပါအဝင် စက်မှုလုပ်ငန်းအထည်ကြီးပျက် ပြည်နယ် ၄ ခုတွင် ကုမ္ပဏီများ ဖေဖေါ်ဝါရီလ ၁၀ နေ့အထိ လုပ်ငန်းများပြန်မစရန် ပြောကြားထားသည်။
တရုတ်နိုင်ငံသည် အစားအစာပြတ်တောက်မှုကို သက်သာစေရန် ဆောင်းနှင့်နွေဦး ဟင်းသီးဟင်းရွက်အရန်များကို မြောက်ပိုင်းရှိအဓိက မြို့ကြီးများတွင် ထုတ်ပေးမည်ဖြစ်ကြောင်း အစိုးရ သတင်းဌာန ဆင်ဟွာကဖေါ်ပြသည်။
ကိုရိုနာ ဗိုင်းရပ်ပိုးသည် ဝူဟန်ရှိ အစားအသောက်ဈေးတခုမှ တရားမဝင်ရောင်းသည့် သားရိုင်းတိရစာ္ဆန်များမှ စတင်ခဲ့သည်ဟု ယုံကြည်ရသည်။
လတ်တလော ဟူဘေးပြည်နယ်မှ လူ သန်း ၆၀ ခန့်ကို ပိတ်ဆို့ထားသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့ကုန်ဆုံးချိန်တွင် ရောဂါကူးစက်မှုအသစ် ၁၂၂၀ တွေ့ရှိသောကြောင့် ပြည်နယ်အတွင်းကူးစက်မှု ၆၀၀၀ ရှိသွားပြီဖြစ်ကြောင်း ဟူဘေးပြည်နယ်ကျန်းမာရေးကော်မရှင်က ကြေညာသည်။
လူနာသေဆုံးကြောင်းကြေညာသောကြောင့် ဝူဟန်ဆေးရုံမှ အနည်းဆုံးဆရာဝန်တဦး ကို သေဆုံးသူ၏ မိသားစုဝင်များက ရိုက်နှက်ကြောင်း ဘေ့ဂျင်းအခြေစိုက် အွန်လိုင်းမီဒီယာ Caixin ကဖေါ်ပြသည်။
ကမ္ဘာတဝှမ်း ကူးစက်မှုသစ်များကို နေ့စဉ်ကြေညာနေပြီး ခရီးသွားလာမှုဖြတ်တောက်ခြင်း၊ အချို့နေရာများတွင် တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်များဖြစ်ပေါ်ခြင်း၊ မျက်နှာဖုံးဝယ်လိုအားမြင့်မားခြင်းတို့ကို ရင်ဆိုင်နေရသည်။
တရုတ်နိုင်ငံပြင်ပတွင် လူလူချင်းကူးစက်မှုမြင့်မားခြင်းသည် ဗိုင်းရပ်ပိုးပိုမိုကူးစက်မည့် အလားအလာဖြစ်သည်ဟု ကျွမ်းကျင်သူများပြောသည်။
ကိုးကား။ ။ Reuters
You may also like these stories:
တရုတ်ဗိုင်းရပ်ကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်း ဒေါ်လာဘီလီယံများစွာ အထိနာ
ဝူဟန်ရောက် မြန်မာကျောင်းသားများ ပြန်လည်ခေါ်ယူရေး ၁ လ ခန့် ကြာမြင့်နိုင် ဟုဆို
ဝူဟန်မှ ပြန်ခေါ်သူ ဂျပန်များထဲ ၃ ဦး ဗိုင်းရပ်စ်တွေ့၊ ၂ ဦး ရောဂါလက္ခဏာ မပြ