ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်အတွင်း တပ်မတော်ထံ လက်နက်ချသူ ၂၁ ဦးမှာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) မှ တပ်ဖွဲ့ဝင်များ မဟုတ်ဟု KIA ဘက်မှ ငြင်းဆိုသည်။
ဇန်နဝါရီ ၃၀ ရက်နေ့က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံးမှ မုံးကိုးဒေသတွင်း KIA မှ ဗိုလ်ကြီး ၃ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၂၁ ဦးမှာ တပ်မတော်ထံသို့ လက်နက်ချပြီး အလင်း ဝင်ကြောင်း သတင်းထုတ်ပြန်ထားသည့် အပေါ် ထိုသို့ ငြင်းဆိုခြင်းလိုက်ခြင်း ဖြစ်သည်။
KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “ကျနော်တို့ ကေအိုင်အို တပ်ဖွဲ့တွေ မဟုတ်ပါဘူး။ မဟုတ်ဘူးလို့ ကျနော်က ရှင်းရှင်းလင်းလင်း ပြောချင်တာ နံပါတ် ၁ ပါ။ ဘယ်သူတွေလဲ ဆိုတော့ မုံးကိုးမှာ ရှိတဲ့ တပ်မတော်ရဲ့ ပြည်သူ့စစ် အဖွဲ့တွေပါ။ ကျနော်တို့ မြေပြင် က သတင်းတွေက စိစစ်ကြည့်တော့ ဒီလို ရှိပါတယ်”ဟု ပြောသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် အလင်းဝင်လာသူများဟု ဆိုသည့် KIA ယူနီဖောင်း ဝတ်ထားသူ ၂၁ ဦးတွင် လက်နက် ၁၀ လက်၊ ကျည်မျိုးစုံ ၁၂၈ တောင့်၊ ကျည်အိမ် ၉ ခုအပြင် စစ်သုံး ဆက်စပ်ပစ္စည်းများ ပါလာသည်ဟုလည်း ရေးသားထားပြီး ယူနီဖောင်း ဝတ်ထားသူ ၂၁ ဦး၏ မျက်နှာများကို ဓာတ်ပုံတွင် ဝါးထားသည်။
KIA ဘက်မှ မြေပြင်တပ်ရင်း တပ်ဖွဲ့များကို စုံစမ်းထားချက်များအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန် သည့် KIA ယူနီဖောင်း ဝတ်ထားသူ ၂၁ ဦးမှာ KIA တပ်ဖွဲ့မှ နှုတ်ထွက်ပြီး အိမ်ပြန်သွားသည့် ရဲဘော်ဟောင်းအချို့၊ မုန်ဆာလာအဖွဲ့မှ နှုတ်ထွက်ထားသည့် စစ်သားဟောင်း များကို စုပြီး ဓာတ်ပုံရိုက်ထားခြင်း ဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
ဆက်လက်ပြီး ဗိုလ်မှူးကြီးနော်ဘူက “မဟုတ်မမှန်တဲ့ သတင်းတွေ အခုလို လုပ်တာကတော့ မကောင်းပါဘူး။ ပြည်သူလူထုတွေလည်း ယုံမှားပြီးတော့ စိတ်ဓာတ်ရေးရာလည်း ထိခိုက်နိုင်ပါတယ်။ ကျနော်တို့ အချင်းချင်း ငြိမ်းချမ်းရေး တည်ဆောက်တဲ့ နေရာမှာ တွေ့ဆုံဆွေးနွေးဖို့ လမ်းစဉ်ကိုလည်း ထိခိုက်နိုင်ပါတယ်။ တပ်မတော်ဘက်က အခုလိုမျိုး လုပ်တာ မကောင်းပါဘူး” ဟု လည်း ပြောသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထားသည့် သတင်းတွင် ဓာတ်ပုံဖြင့် ဖော်ပြထား သည့် လက်နက်များမှာလည်း KIA တပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် လက်နက်အမျိုးအစားများ မဟုတ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ငြင်းဆိုသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ထပ်မံမေးမြန်းရန် သတင်းမှန် ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဧရာဝတီမှ ဖုန်းဖြင့် ဆက်သွယ် သော်လည်း ဆက်သွယ်၍ မရပါ။
မုံးကိုးဒေသသည် KIA တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်းများ အခြေစိုက် လှုပ်ရှားသည့် ဒေသတခုဖြစ်ပြီး KIA သည် အစိုးရ၊ တပ်မတော်တို့နှင့် အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆို ထားခြင်း မရှိပါ။
သို့သော် ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုရန် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ဆွေးနွေးလျက် ရှိသည်။
KIA အပါအဝင် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) ၊ တအန်း အမျိုး သား လွတ်မြောက် ရေး တပ်မတော် (TNLA )၊ ရက္ခိုင်စစ်တပ် ( AA)တို့သည် အစိုးရ၏ ငြိမ်းချမ်း ရေး ကိုယ်စားလှယ်များနှင့် Bilateral စာချုပ်အတွက် ဆွေးနွေးရန် လာမည့် ဖေဖော်ဝါရီလတွင်း တွေ့ဆုံရန်လည်း ချိန်းဆိုထားကြသည်။
You may also like these stories:
KIO ထိပ်ပိုင်းခေါင်းဆောင်နေရာများ အပြောင်းအလဲပြုလုပ်
ရှမ်းမြောက်တွင် ဇန်နဝါရီလအတွင်း မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရ
အပစ်ရပ်ရေး အတွက် အစိုးရ၊ တပ်မတော်နှင့် KIO တို့အကြား ယုံကြည်မှု ရရန်လို