၂၀၁၃ ခုနှစ်က အတည်ပြု ပြဌာန်းထားသည့် အနည်းဆုံး အခကြေးငွေ ဥပဒေတွင် ပါဝင်သည့် လုပ်ခလစာအား ၂ နှစ်တကြိမ် ပြင်ဆင် သတ်မှတ်ရန်ဆိုသည့် ပြဌာန်းချက် ပါဝင်သည့် ပုဒ်မ ၅ (ဇ) အပါအဝင် အချက် ၆၃ ချက်ကို ပြင်ဆင်နိုင်ရန် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးတော့မည် ဖြစ်သည်။
ယမန်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် NLD ပါတီမှ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်တွင်း ပြည်ပ အလုပ်သမားများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်မဲဆန္ဒနယ် အမှတ် ၈ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေး က ဥပဒေကို ပြင်ဆင်ရန် အဆိုတရပ် အနေဖြင့် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ပုဒ်မ ၅(ဇ)တွင် အနည်းဆုံး အခကြေးငွေ နှုန်းထားကို ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်းနှင့် ဝန် ဆောင်မှု လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်း အမျိုးအစား အလိုက် သော်လည်းကောင်း၊ ဒေသ အလိုက် သော်လည်းကောင်း၊ အလုပ်ကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ရှိနိုင်မှု တို့ကို ခွဲခြား၍ ပြောင်းလဲ လာသော အခြေအနေ အရပ်ရပ်တို့နှင့်အညီ စိစစ်ပြီး ၂ နှစ်လျှင် အနည်းဆုံး တကြိမ် ပြင်ဆင်သတ်မှတ်သည့် အမိန့်ကြေညာစာကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ပြဌာန်းထားသည်။
ထိုပြဌာန်းချက်ကို သတ်မှတ်သည့် အမိန့်ကြေညာစာကို ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကြေညာရမည် ဟူသော ပြဌာန်းချက်ကိုလည်း ပြင်ဆင်ရန် တင်ပြထားကြောင်း သိရသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေးက “၁ နှစ်အတွင်းလည်း ပြင်သင့်ရင်ပြင်ရမှာပဲ။ ၁၀ နှစ်ကြာမှ ပြင်သင့် ရင်လည်း ပြင်ရမှာပဲ။ ၅ နှစ်အတွင်းမှာ ပြင်ရမယ်ဆို ပြင်ရမှာပဲ ဒါတွေက အမြဲတမ်းပုံမှန် တက်တက်သွား နေတာကတော့ သိပ်ယုတ္တိမတန်လှဘူး” ဟု လွှတ်တော် အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောသည်။
လုပ်ခလစာနှင့် ပတ်သက်၍ လုပ်အားခမှာ တက်သင့်ရင် တက်ရမည် ဖြစ်သောကြောင့် ၂ နှစ်တကြိမ် ပြင်ဆင် သတ်မှတ် ရမည် ဆိုသည့် အချက်ကို ပုဒ်မ ၅ (ဇ) တွင် မပါသင့်ဟု ယူဆသဖြင့် ယခုကဲ့သို့ ပြင်ဆင်ခြင်းဖြစ်ကြောင်း ဦးကျော်ထွေးက ဆိုသည်။
လက်ရှိဥပဒေမှာ အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်းကို အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရကိုယ်စားလှယ်များ၏ သုံးပွင့်ဆိုင် သဘောတူညီချက်ဖြင့် သတ်မှတ်ရန် ပြဌာန်းထားခြင်းက ပြည့်စုံလုံလောက်မှု မရှိကြောင်း၊ စီးပွားရေး ပညာ ရှင်များ၊ အလုပ်သမားရေးရာ ကျွမ်းကျင်ပညာရှင်များ အပါအဝင် သက်ဆိုင်သူအားလုံး ပါဝင်သင့်ကြောင်း ဦးကျော်ထွေးက ဆိုသည်။
ထို့ကြောင့် ၂၀၂၀ မေလတွင် မဖြစ်မနေ ပြင်ဆင် သတ်မှတ်ပေးရမည့် သဘော ဖြစ်နေပြီး စီးပွားရေးပညာ သဘောအရ ၂နှစ် တကြိမ် ပြင်ရမည်ဟု ကြိုတင်သတ်မှတ်ထားခြင်းက မဖြစ်သင့် မဖြစ်ထိုက်ကြောင်း၊ အလုပ်ရှင် သာမက အလုပ် သမားနှင့် အစိုးရအတွက်ပါ ဖိအားဖြစ်စေနိုင်ကြောင်း ဦးကျော်ထွေးကပြောသည်။
ယင်းပြဌာန်းချက်သည် ၂ နှစ်ပြည့်ကာနီး အချိန်တိုင်း အလုပ်သမားတို့၏ လုပ်ခလစာ တိုးမြှင့်ရလိုမှု၊ အလုပ်ရှင်တို့၏ ရင်းနှီးမြှုပ်နှံမှု သဘောအရ ခန့်မှန်း ကုန်ကျစရိတ် တွက်ချက်မှုအရ တိုးမြှင့်ပေးရန် ခက်ခဲခြင်းတို့ကြောင့် လုပ်ငန်းခွင် တည်ငြိမ်မှုကို ထိခိုက်စေခြင်းတို့ ဖြစ်ပေါ်လာစေနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ စက်မှု၊လက်မှုနှင့်ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွ့ဲချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးနော် အောင်က “ပြန်လည် သုံးသပ်တဲ့ နှစ်အကန့်အသတ် မရှိတော့ဘူးဆိုရင် နောက် ၁၀ နှစ်မှလည်း ပြောင်းချင်မှ ပြောင်း တော့မယ်” ဟုပြောသည်။
သတ်မှတ်ထားသည့် လုပ်ခလစာများကို မကျေနပ်ပါက အလုပ်ရှင်ဘက်မှ စက်ရုံ ပိတ်သိမ်းမှုများ ပြုလုပ်လာပါက အစိုးရ ဘက်မှ အလုပ်ရှင်များ နှင့် ညှိနှိုင်းမှုများ ပြုလုပ်၍ ပြောင်းလဲသတ်မှတ်ခြင်းများ ပြုလုပ်သော်လည်း အလုပ်သမား ဘက် မှ နစ်နာပါက အစိုးရဘက်မှ မည်သို့ ဆောင်ရွက်ပေးမည်၊ အလုပ်သမားများကလည်း တောင်းဆိုမှု အများအပြား ပြုလုပ်ခြင်း မဟုတ်ဘဲ ဖူလုံမှု ရှိရုံသာ တောင်းဆိုခြင်း ဖြစ်ကြောင်း ဦးနောင်အောင်က ဆိုသည်။
ဥပဒေများကို ပြန်ပြင်သည့် အခါတွင် လက်ရှိ အနေအထားနှင့် ကိုက်ညီအောင် ပြင်ဆင်ရန်လိုအပ်ကြောင်း၊ အနည်းဆုံး အခကြေးငွေနှင့် ဆိုင်သည့် ဥပဒေကို ပြန်လည် ပြင်ဆင်သည့်အခါတွင်လည်း ခေတ်ကာလ အခြေအနေနှင့် လိုက်လျော ညီထွေမှု ရှိစွာ ပြင်ဆင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ထောက်ပြသည်။
ဒေါ်ခိုင်ခိုင်နွယ်က “ပြင်တဲ့ အခါမှာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ဘက်လုံးနဲ့ ညှိနှိုင်းပြီး ပြင်ဆင်ရန် လိုအပ်ပါတယ်။ ဘယ်အကြောင်းကို ဘယ်လို ပြင်မယ်ဆိုတာ အခုအချိန်မှာ ပြောလို့ မရသေးပါဘူး”ဟု ပြောသည်။
မြန်မာနိုင်ငံ အနေဖြင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက်ကို ၂၀၁၅ ခုနှစ်တွင် ၃၆၀ဝ ကျပ် အဖြစ် ပထမ အကြိမ် သတ်မှတ်ပေးခဲ့ပြီး၊ လုပ်သား ၁၅ ဦးနှင့် အထက် ရှိသည့် လုပ်ငန်းများသာ အကျုံးဝင်ခဲ့သည်။
၂၀၁၈ ခုနှစ် မေလ ၁၄ ရက် တွင် ဒုတိယ အကြိမ် ၄၈၀ဝ ကျပ် အဖြစ် တိုးမြှင့် သတ်မှတ်ရာတွင် အလုပ်သမား ၁၀ ဦး အထိ ရှိပါက ပြောင်းလဲ သတ်မှတ်ရမည်ဟု ပြင်ဆင်ခဲ့သည်။
အဆိုပါ လုပ်ခနှုန်းထားကို တနိုင်ငံလုံးရှိ အလုပ်သမားများ အတွက် နေရာဒေသနှင့် လုပ်ငန်း အမျိုးအစား မခွဲခြားဘဲ တနိုင်ငံလုံး တပြေးညီဖြင့် ၁ နာရီကို ၆၀ဝ ကျပ်နှုန်းဖြင့် အလုပ်ချိန် ၈ နာရီအတွက် ၄၈၀ဝ ကျပ် အတည်ပြုသတ်မှတ် လိုက်ခြင်း ဖြစ်သည်။
၎င်းတင်သွင်းသည့် အထက်ပါ ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်တဦးက ထောက်ခံခဲ့ပြီး အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် သဘော တူညီခဲ့သည့်အတွက် အဆိုပါ ၂၀၁၃ ခုနှစ် အနည်းဆုံး အခကြေးငွေ ဥပဒေကြမ်းအား အမျိုသားလွှတ်တော် ဥပဒေကြမ်း ကော်မတီသို့ လွှဲအပ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။
ဆက်စပ်လင့်
အလုပ်ရှင် အလုပ်သမား ပြဿနာ ဥပဒေအရ ဖြေရှင်းခြင်းအပေါ် လိုက်နာမှု အားနည်းနေသေးဟု ဆို
အနိမ့်ဆုံး လုပ်ခလစာ ၇၂၀၀ ကျပ် သတ်မှတ်နိုင်ရန် တောင်းဆိုမည်
လူမှုဖူလုံရေးကြေး အလွဲသုံးစားလုပ်ခံရ၍ အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ