ယနေ့ မနက်ပိုင်းက China Southern လေကြောင်းလိုင်းဖြင့် ရောက်ရှိလာသော ကိုရိုနာဗိုင်းရပ်စ် သံသယလူနာနှင့် မြန်မာနိုင်ငံသား နှစ်ဦးမှ အပ ကျန်ခရီးသည် ၇၆ ဦးသည် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာသွားပြီဖြစ်ကြောင်း လေကြောင်း ပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အထွေထွေ မန်နေဂျာ ဦးစိုးပိုင်က ဧရာဝတီသို့ ပြောသည်။
၎င်းက “အကုန်လုံး ပြန်ထွက်သွားပါပြီ။ ဒီကနေ ပြန်မယ့် တရုတ်လူမျိုး ခရီးသည် ၃၀ လည်း ထပ်ပါသွားတယ်” ဟု ဆို သည်။
အဆိုပါ China Southern လေကြောင်းလိုင်းသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်နိုင်ငံ ကွမ်းကျိုးမြို့သို့ နေ့လယ် ၁ နာရီ ၅၀ မိနစ်အချိန်တွင် ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ် သံသယ လူနာနှင့် လေယာဉ် တစီးတည်း ပါရှိခဲ့သော မြန်မာနိုင်ငံသား နှစ်ဦးကိုလည်း မြောက်ဥက္ကလာ ဝေဘာဂီ ဆေးရုံကြီးတွင် သုံးရက်ခန့် စောင့်ကြည့်သွားမည်ဟု လတ်တလော အခြေအနေများအရ သိရှိရကြောင်း ဦးစိုးပိုင် က ရှင်းပြသည်။
တရုတ်နိုင်ငံ ကွမ်ကျိုးလေဆိပ်မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇန်နဝါရီ ၃၁ ရက် နံနက် ၁၀ နာရီခွဲတွင် ဆိုက် ရောက် လာသည့် China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055 ဖြင့် အမေရိကန်၊ ပြင်သစ်၊ ကိုလံဘီယာ နိုင်ငံ သားများနှင့် မြန်မာနိုင်ငံသား၂ ဦး အပါအဝင် တရုတ်နိုင်ငံသား ၇၂ နှင့် ခရီးသည် စုစုပေါင်း ၇၉ ဦး လိုက်ပါခဲ့ကြောင်း သိရသည်။
ကျန်းမာရေး ဝန်ကြီးဌာန၏ ယနေ့ နေ့လယ် ထုတ်ပြန်ချက်၌ အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့်၊ နယ်စပ် ဝင်ထွက်ပေါက် များတွင် အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း ပါရှိသည်။
ထို့ပြင် ယနေ့ နံနက်က China Southern လေကြောင်းလိုင်းဖြင့် လိုက်ပါသည့် တရုတ်နိုင်ငံသားတဦးတွင် ကိုယ်အပူချိန် မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ စစ်ဆေးတွေ့ရှိရသဖြင့် ဝေဘာဂီအထူးကု ဆေးရုံရှိ သီးခြားခန်း (Isolation room) သို့ ပို့ဆောင် ထားရှိပြီး စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြ ထားသည်။
အဆိုပါ လေယာဉ်တွင် ပါလာသည့် မြန်မာနိုင်ငံသား ၂ ဦးကိုလည်း ကိုယ်ပူခြင်း၊ ဖျားနာခြင်း စသည့် ရောဂါလက္ခဏာ တစုံ တရာ မရှိသော်လည်း ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်းတွင် ထားရှိကာ ရောဂါ ကူးစက်မှု ရှိမရှိ စောင့်ကြပ် စစ်ဆေး လျက်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ပါရှိသည်။
You may also like these stories:
ဝူဟန်မှ မန္တလေးရောက် တရုတ်လူမျိုး ၇၃ ဦး သွားလာခဲ့သည့် နေရာများကို စစ်ဆေးမည်