အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစေမည့် နိုင်ငံရေးဆွေးနွေးမှုများကို သဘောတူထားသည့်အတိုင်း အကောင်အထည်မဖော်နိုင်သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ကြန့်ကြာနေကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောသည်။
ဇန်နဝါရီလ ၃၁ ရက်တွင်ကျရောက်သည့် ၇၁ ကြိမ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာတွင် ထိုသို့ ပြောခြင်း ဖြစ်သည်။ သို့သော်လည်း NCA စာချုပ်ပါ သဘောတူညီချက်များအတိုင်း အကောင်အထည်ဖော်နိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ဆိုသည်။
လက်ရှိအချိန်တွင် KNU သည် ခုခံတော်လှန်ရေးကာလအတွင်းမှာပင်ရှိနေပြီး အမျိုးသားရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူ့အခွင့်အရေးကဏ္ဍများ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောဆိုထားသည်။
ထိုအခွင့်အရေးများ အပြည့်အဝရရှိနိုင်ရန် ကရင်အမျိုးသားတိုင်းတွင် တာဝန်ရှိကြောင်း ၎င်းက သဝဏ်လွှာမှ တဆင့် ပြောဆိုထားသည်။
KNU ဗဟို အလုပ်အမှု ဆောင် အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်ကမူ “NCA ကို ခက်ခက် ခဲခဲကြိုးပမ်းပြီးမှ သဘောတူညီချက် ရရှိခဲ့တယ်။ အကောင်အထည်ဖော်နိုင်ခြင်း မဖော်နိုင်ခြင်းဆိုတဲ့ လက်တွေ့ အခက် အခဲကတော့ တပိုင်းပေါ့။ ဒါပေမယ့် ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်က ဒီလမ်းကြောင်းကနေ တခြားမရှိပါဘူး” ဟု ပြောဆိုသည်။
KNU လိုချင်သည့် အခွင့်အရေးများရရှိရန် နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာ ဖြေရှင်းသွားမည်ဖြစ်ပြီး ပဋိပက္ခ လမ်းကြောင်းကို ၎င်းတို့အနေနှင့် လျှောက်လှမ်းသွားမည် မဟုတ်ဟုလည်း ပဒိုမန်းငြိမ်းမောင်က ဆိုသည်။
သို့သော်လည်း မြေပြင်အခြေအနေတွင် KNU နှင့် တပ်မတော်အကြား စစ်ရေးတင်းမာမှုအချို့ရှိနေသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်ကပင် KNU ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ဖာပွန်မြို့နယ်တွင် လမ်းဖောက်လုပ်မှု လုံခြုံရေးပေးနေသည့် တပ်မတော်စစ်ကြောင်းမှ တပ်ရင်းမှူး တဦးကျဆုံးခဲ့ရာ တပ်မတော်ဘက်က သက်ဆိုင်ရာသို့ ဇန်နဝါရီ ၃၀ ရက်တွင် သတိပေးကန့်ကွက်စာပေးပို့ခဲ့သည်။
တပ်မတော်ဘက်က ခွင့်ပြုချက်မရဘဲ KNU တပ်မဟာ ၅ နယ်မြေထဲဝင်ရောက်ပြီး ထောင်ထားသည့် မိုင်းကို ဖောက်ခွဲစဉ် အဆိုပါတပ်ရင်းမှူးကို ထိခိုက်၍ သေဆုံးသွားခြင်းဖြစ်ကြောင်း KNU တပ်မဟာ ၅ က တုံ့ပြန်ထားသည်။
ပဒိုမန်းငြိမ်းမောင် က “ရှေ့တန်းမှာ ရင်ဆိုင်ရတဲ့ နှစ်ဖက်တပ်ပေါ့။ နှစ်ဖက်တပ်တွေရဲ့ တဦးပေါ်တဦး နားလည်မှုတွေ ယုံကြည်မှုတွေ အားနည်းတဲ့ အခါကျတော့ ဒီလိုပဋိပက္ခတွေက ဖြစ်စမြဲပါပဲ။ ဒါကတော့ ကျနော်တို့ အနေနဲ့ ထူးဆန်းတဲ့ ကိစ္စတခုအဖြစ်သဘောမထားပါဘူး” ဟု ဧရာဝတီသို့ပြောသည်။
ပဋိပက္ခများ မကြီးထွားရန် တပ်မတော်ဘက်က ကိုယ်စားလှယ်များနှင့် KNU ကိုယ်စားလှယ်များ တွေ့ဆုံညှိနှိုင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် ကြန့်ကြာမှုများရှိနေသည်မှာ လက်တွေ့ အနေအထားပင် ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း ပြောဆိုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဒီနှောင့်နှေးကြန့်ကြာမှုတွေကို ကျနော်တို့ အဖြေရှာရမယ်။ နှောင့်နှေးကြန့်ကြာမှုတွေ ဘာကြောင့်ဖြစ်လည်း ဆိုတာကို ရှာပြီးတော့ ပြုပြင်နိုင်တယ်ဆိုရင် ကျနော်တို့က ပိုပြီးတော့ အလုပ်ဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။
တပ်မတော်ဘက်က လမ်းဖောက်လုပ်မှုတွင် မိုင်းပေါက်ကွဲမှုများ ကြုံနေရခြင်းသည် KNU ၏ အောက်ခြေတပ်ဖွဲ့ ဝင်များထဲတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် သံသယရှိနေသူများ ရှိနေခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။
၎င်းက “တယောက်နဲ့ တယောက် ညှိနှိုင်းဆွေးနွေးထားပြီးလည်း ဖြစ်တယ်။ ဆွေးနွေးထားတဲ့ ကြားကဖြစ်တာ။ ဒါနဲ့ ပတ်သက်ပြီး မျှော်မှန်းတာက အောက်ခြေမှာ သဘောထား တင်းမာတာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး သံသယရှိနေတာတွေ ရှိနိုင်တယ်လို့ပဲ ခန့်မှန်းပါတယ်” ဟု ဆိုသည်။
နှစ်ဖက်တင်းမာမှုများ လျှော့ချရန် အစိုးရကိုယ်စားလှယ်များနှင့် တပ်မတော်ကိုယ်စားလှယ်များပါဝင်သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှ ကိုယ်စားလှယ်များသည် KNU အပါအဝင် အပစ်အရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် လာမည့် ဖေဖော်ဝါရီလဆန်းတွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
KNU သည် NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် တပ်မတောာ်နှင့် ထိတွေ့တိုက်ပွဲများလျော့ကျခဲ့သည်။
သို့သော်လည်း ဖာပွန်နှင့် ကျောက်ကြီးဒေသတို့တွင် တပ်မတော်ဘက်က ကားလမ်းဖောက်လုပ်ရန် ကြိုးပမ်းမှုကြောင့် ၂၀၁၈ ခုနှစ်မှစတင်ကာ တပ်မတော်နှင့် KNU တပ်မဟာ ၅ တို့အကြား စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေခြင်းလည်း ဖြစ်သည်။
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် သံသယလူနာပါလာသော တရုတ် လေယာဉ် ပြန်လည် ထွက်ခွာ
အနည်းဆုံး အခကြေးငွေနှုန်းထား သတ်မှတ်ချိန် ပြင်ဆင်ရန် NLD အမတ် ကြိုးပမ်း
တပ်မတော်ထံ လက်နက်ချသူများမှာ KIA တပ်ဖွဲ့ဝင်များမဟုတ်ဟု ငြင်းဆို