၁၉၈၈ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံတဝန်း ပေါ်ပေါက်ခဲ့သည့် ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအား ဂုဏ်ပြုသည့် အနေဖြင့် ပုသိမ်မြို့တွင် ၈ လေးလုံး အထိမ်းအမှတ် ကျောက်တိုင်နှင့် ရင်ပြင်ကို တည်ဆောက်မည်ဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လက်ဝါးရာ ထည့်သွင်းသွားရန် စီစဉ်နေကြောင်း သိရသည်။
ပုသိမ်မြို့ကန်သုံးဆင့် ပန်းခြံအနီး တည်ဆောက်မည့် ဧရာဝတီတိုင်း၏ ပထမဆုံးဖြစ်သော ၈ လေးလုံး ကျောက်တိုင်နှင့် ရင်ပြင်အတွက် ကျပ်သိန်း ၄၀၀ ကျော် အကုန်အကျခံ တည်ဆောက်သွားမည် ဖြစ်ပြီး၂၀၂၀ သြဂုတ်လ ၈ ရက်အမီ ပြီးစီး အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျောက်တိုင်နှင့် ရင်ပြင် ဖြစ်မြောက်ရေး ကော်မတီထံက ပြောသည်။
၈ လေးလုံး အထိမ်းအမှတ် ကျောက်တိုင်ရှိ ကြယ်နီတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လက် ဝါးရာကို ကြေးဖြင့်ပြုလုပ်ထားရှိသွားရန် ဖြစ်မြောက်ရေး ကော်မတီများက ဒီဇိုင်းရေးဆွဲထားပြီး လက်ရာ နမူနာပုံစံရရှိ ရေး အတွက် ဧရာဝတီတိုင်း ဒေသကြီးအစိုးရကို တင်ပြထားကြောင်း သိရသည်။
၈ လေးလုံး ကျောက်တိုင်နှင့် ရင်ပြင်ဖြစ်မြောက်ရေး ကော်မတီဝင် ဦးမြင့်စိုးက “တည်ဆောက်ခြင်းရဲ့ အဓိက ရည်ရွယ် ချက်ကတော့ တန်းတူညီမျှဖို့နဲ့ ဒီမိုကရေစီ ခိုင်မြဲဖို့အတွက် နောက်မျိုးဆက် လူငယ်တွေကို ၈ လေးလုံး အရေးတော်ပုံ စိတ် ဓာတ်တွေ လက်ဆင့်ကမ်း ပေးဝေလိုတဲ့အတွက် ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ကျောက်တိုင်နှင့် ရင်ပြင်တည်ဆောက်ရန် အတွက်၂၀၁၈ ခုနှစ် သြဂုတ်လ ၈ ရက်တွင် ပုသိမ်မြို့မြို့တော်ခန်းမ၌ ကျင်းပသည့် ၈ လေးလုံး နှစ် (၃၀) ပြည့် အခမ်းအနားတွင် ဧရာဝတီတိုင်းရှိ နိုင်ငံရေး အင်အားစုများက ဆုံးဖြတ်ချက် ချခဲ့ ခြင်း ဖြစ်ပြီး ကျောက်တိုင်နှင့် ရင်ပြင်ဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်း ဆောင်ရွက်ခြင်း ဖြစ်သည်။
၈ လေးလုံးရင်ပြင်နှင့် ကျောက်တိုင်ကို တာဝန်ယူ တည်ဆောက်မည့် ဗိသုကာပညာရှင် ဦးညိုဝင်းက “ရင်ပြင်မှာ ရှိနေတဲ့ အနက်ရောင်ကျောက်သားကြီးတခုကို အပေါ်ကကြည့်လိုက်ရင် အင်္ဂလိပ်အက္ခရာ ၈ ဂဏန်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကျောက်သားနံရံကြီးက မြေပြင်ကနေ ထိုးထွက်လာပြီးတော့ တဖြည်းဖြည်းနဲ့ အချိုးညီစွာ အပေါ်ကို တက်သွားမယ်။ အပေါ်ဆုံးမှာ ကြယ်နီတပွင့်ရှိနေမှာ ဖြစ်ပြီး ကြယ်ပွင့်ထဲမှာ လက်ဝါးရာ တခု ရှိနေမှာဖြစ်ပါတယ်” ဟု ပြောသည်။
၂၀၁၉ ခုနှစ်တွင် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြ၍ မြေနေရာ တောင်းခံခြင်းနှင့် ရန်ပုံငွေ ရှာဖွေခြင်းများ ဆောင်ရွက်ပြီးနောက်၂၀၂၀ ဇန်နဝါရီလ ၃၀ ရက်တွင် ကျောက်တိုင်နှင့် ရင်ပြင် တည်ဆောက်မည့်နေရာ၌ ပန္နက်တင် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ပန္နက်တင်ခြင်းကို ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ ပုသိမ်မြို့နယ်မှ လွှတ် တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး အင်အားစုများနှင့် ပုသိမ်မြို့ရှိ တက္ကသိုလ် ၃ ခုမှ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များ ပါဝင် ဆောင်ရွက်ခဲ့ကြသည်။
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့ ဧရာဝတီတိုင်း တာဝန်ခံ ဦးသက်လွင် က “နိုင်ငံမှာ ဒီမိုကရေစီ ပေါ်ပေါက်ရေး အတွက် ပေးဆပ်လုပ်ကိုင်ခဲ့ကြတဲ့ ရဟန်းတွေ၊ ပြည်သူတွေ၊ ကျောင်းသားတွေ ဒါတွေကို အသိအမှတ်ပြုတာ အရမ်း ကောင်းပါတယ်။ ဒီအတွက်လည်း ဝမ်းသာရပါတယ်။ ရေရှည်တည်တံ့အောင် ထိန်းသိမ်း ဆောင်ရွက်ဖို့ အစီအမံကောင်း တွေ ချမှတ်ဆောင်ရွက်ဖို့လည်း တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။
ကျောက်တိုင်နှင့် ရင်ပြင်တည်ဆောက်ရန် အတွက် နိုင်ငံရေး အင်အားစုများနှင့် ပြည်သူတို့၏ ထည့်ဝင် လှူဒါန်း
ငွေများဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး ရေရှည်ထိန်းသိမ်းရေး အတွက်လည်း ပုသိမ်မြို့နယ် စည်ပင်သာယာရေး
အဖွဲ့နှင့် နိုင်ငံရေး အင်အားစုများ ပူးပေါင်း၍ ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီဖွဲ့စည်း လုပ်ဆောင်သွားမည် ဖြစ် ကြောင်း သိရသည်။
၁၉၇၄ ခုနှစ်မှ စတင်၍ ၁၄ နှစ်ကြာ တပါတီစနစ်ဖြင့် အုပ်ချုပ်ခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ စီမံဆောင်ရွက် မှုများကြောင့် ပြည်သူလူထုတွင် အခက်အခဲ အကြပ်အတည်းများစွာ ပေါ်ပေါက်ခဲ့သည့်အတွက် ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်တွင် မြန်မာနိုင်ငံဒေသ အသီးသီးရှိ မြို့ပေါင်းများစွာတွင် ဒီမိုကရေစီ တောင်းဆိုသည့်ဆန္ဒပြပွဲများ တပြိုင်နက်တည်း ပေါ်ပေါက်ခဲ့သည်။
လူတန်းစား အလွှာအသီးသီး ပါဝင်သည့် ဒီမိုကရေစီ တောင်းဆိုဆန္ဒပြပွဲများကြောင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုး ရ ပြုတ်ကျခဲ့ပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စော မောင် ဦးဆောင်သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က နိုင်ငံ့အာဏာကို သိမ်းယူခဲ့ပြီး ဆန္ဒပြပွဲများကို အကြမ်းဖက် ဖြိုခွင်းခဲ့သည့်အတွက် လူပေါင်းရာနှင့်ချီ၍ သေကြေဒဏ်ရာရခဲ့ပြီး ဆန္ဒပြပွဲတွင် ပါဝင်သူများစွာမှာလည်း ဖမ်း ဆီး ထောင်ချခြင်းကို ခံခဲ့ရသည်။
You may also like these stories:
အခွန်လွတ် ကားတင်သွင်းခွင့်ကို ဥရောပ ကုန်သည်များနှင့် ကားအသင်း ဝေဖန်
အစိုးရ အရာရှိကြီးများကို ကားတင်သွင်းခွင့်ပြုမည်
ရွေးကောက်ပွဲကြောင့် ကားတင်သွင်းခွင့်ပေးခြင်း မဟုတ်ဟု စီး/ကူးဝန်ကြီးပြော