ရခိုင်စစ်တပ် (AA) နှင့် ဆက်စပ်ကာ စွပ်စွဲဖမ်းဆီးခံထားရသည့် အမှုများ ရုံးထုတ်သည့် နေ့များတွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၏ လုံခြုံရေးကို တင်းကြပ် ထားသည်ဟု သတင်းရရှိသည်။
အဆိုပါ သတင်းအချက်အလက်ကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၏ သတင်းပြန်ကြားရေး အရာရှိ ဦးဇော်ဇော်ထွန်းမှ ဧရာဝတီကို အတည်ပြု ပြောဆိုခြင်း ဖြစ်သည်။
AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှု ၂မှု ရှိပြီး ထို ၂မှုစစ်ဆေးသည့် အပတ်စဉ် ကြာသပတေးနှင့် သောကြာနေ့များတွင် တရားရုံး အတွင်းနှင့် တရားရုံး၏ ခြံစည်းရိုးပြင်ပ၌လည်း ရဲတပ်ဖွဲ့ဝင်များ လက်နက်ဖြင့် လုံခြုံရေးယူ ထားသည်ကို တွေ့ရသည်။
တရားရုံးတွင်လည်း ကျမ်းကျိန်ခြင်း၊ မင်္ဂလာလက်မှတ်ထိုးခြင်းများကို ကြာသပတေးနှင့် သောကြာနေ့တို့တွင် ဆောင်ရွက်ပေးခြင်း မရှိဘဲ တရားရုံးသို့ အဝင်အထွက် ပြုလုပ်သူ အားလုံးကိုလည်း လက်ကိုင်ဖုန်းများ ယူဆောင်ခွင့် မပြုပါ။
ဦးဇော်ဇော်ထွန်း က “တရားရုံးလုံခြုံရေးကို ကြည့်တဲ့အခါ တအားပိတ်ပင်ရင် ဆက်သွယ်ရေးတွေ ပြတ်တောက်မှာလည်း စိုးရပါတယ်။ ဒါပေမယ့် ဒီနေ့လို ရက်မျိုးတွေမှာတော့ လုံခြုံရေး အထူးဂရုထား ဆောင်ရွက်ပါတယ်။ အဓိက ကတော့ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ပိုဆောင်ရွက်နိုင်အောင်လည်း ဒီအမှုတွေကို ဒီရုံးကို ခေါ်တာပါ” ဟု ပြောသည်။
AA စစ်ဦးစီးချုပ်၏ ညီမ မမိုးနှင်းဖြူနှင့် ယောက်ဖ ကိုကျော်နိုင်တို့ကို လက်နက်မှုဖြင့် ဆက်စပ်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) ဖြင့် တရားစွဲဆိုထားသည့်အမှုကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း စစ်ဆေးနေသည်။
မမိုးနှင်းဖြူနှင့် ကိုကျော်နိုင်တို့ကို စတင်ဖမ်းဆီးပြီး တရားစွဲဆိုစဉ် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက မရမ်းကုန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သော်လည်း လုံခြုံရေးကြောင့်ဟု ဆိုကာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီတွင် ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးသို့ တရားလို ရဲတပ်ဖွဲ့ဘက်မှ ပြောင်းရွှေ့ ခွင့် လျှောက်ထားကာ ရွှေ့ပြောင်း စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
အပတ်စဉ် သောကြာနေ့တိုင်းတွင်လည်း AAစစ်ဦးစီးချုပ်၏ ညီ ကိုအောင်မြတ်ကျော်ပါဝင်သည့် ၈ဦးတွဲ ရခိုင်အသင်း (စင်ကာပူ)ခေါင်းဆောင်များကို AAအား ငွေကြေးထောက်ပံ့မှုပြုသည်ဟု တရားစွဲဆိုခံထားရသည့် အမှုကို စစ်ဆေးနေသည်။
ရက်သတ္တပတ် တပတ်လုံးတွင် ထိုရုံးချိန်း ၂ခုရှိသည့် ကြာသပတေးနှင့် သောကြာနေ့များကို လုံခြုံရေး တင်းကြပ်ထားခြင်း ဖြစ်သည်ဟု ဦးဇော်ဇော်ထွန်းက ဆိုသည်။
တရားရုံးလုံခြုံရေးကို တရားရုံးလက်စွဲဥပဒေပါ ပုဒ်မများအရဆောင်ရွက်ခြင်း ဖြစ်ပြီး လုံခြုံရေး ပို လိုအပ်သည်ဟု တရားရုံးဘက်မှ ဆုံးဖြတ်ပြီး ရဲတပ်ဖွဲ့ဘက်သို့ လုံခြုံရေး အကူအညီတောင်းထား ခြင်း ဖြစ်သည်ဟု သိရသည်။
ဦးဇော်ဇော်ထွန်း က “ဒီမှာဆိုရင် သာမာန်လုံခြုံရေးအပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ က သီးခြား လုံခြုံရေးတွေကိုလည်း ဒီရက်တွေမှာ ပိုပေးပါတယ်။ အဓိက ကတော့ Court Users Security ပါ။ တရားရုံး အသုံးပြုတဲ့ တရားခံတွေရဲ့လုံခြုံရေးကိုလည်း ကျနော်တို့ ထည့် စဉ်းစား ရမယ်။ ရှေ့နေရှေ့ရပ်တွေ တရားသူကြီးတွေရဲ့ လုံခြုံရေးကို စဉ်းစားရပါတယ်” ဟုလည်း ပြောသည်။
ယနေ့ မနက်ပိုင်းတွင် ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များကို ၁၈ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့ပြီး ၅ ဦးမြောက် တရားလိုပြသက်သေ ဒုရဲမှူး ဝင်းမင်းလတ်မှ သက်သေများ ထွက်ဆို တင်ပြခဲ့သည်။
ဒုရဲမှူးဝင်းမင်းလတ်မှ AA စစ်ဦးစီးချုပ်၏ ညီ ကိုအောင်မြတ်ကျော်၏ လက်ကိုင်ဖုန်းအတွင်းမှ ဓါတ်ပုံများကို တရားလိုပြသက်သေအဖြစ် တရားရုံးသို့ တင်ပြခြင်း ဖြစ်သည်။
ဓါတ်ပုံများမှာ တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများ ဖြစ်ပွားကြောင်းကို မြေပုံနှင့်တွဲ၍ AA ဘက်မှ သတင်းထုတ်ပြန်ချက်များ၊ AA ကို ရခိုင်လူမျိုုးများ မထောက်ခံကြရန် သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးမှ ပြောဆိုချက်များ စသည်တို့ကို ဖုန်းတွင်းသိမ်းဆည်းထားသည်များ ပါဝင်သည်။
ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ လုံခြုံရေးတင်းကြပ်ထားသည့် အမှု ၂ ခုကို စွပ်စွဲခံထားရ သူများ ဘက်မှ ရှေ့နေ လိုက်ပေးနေသည့် ဦးအောင်ကျော်စိန်က ယခုအမှုမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သဖြင့် လုံခြုံရေးတင်းကြပ် ခြင်း ဖြစ်သည်ဟု ပြောသည်။
ဦးအောင်ကျော်စိန် က “လုံခြုံရေးကိစ္စဆိုတာကတော့ သူတို့ဘက်က စိုးရိမ်လို့ပေါ့။ တရားစွဲ အဖွဲ့ အစည်း အပိုင်းပေါ့နော်။ ကျနော်တို့ ရှေ့နေကတော့ ဘာမှ စဉ်းစားစရာမရှိပါဘူး” ဟုလည်း ဆိုသည်။
AA စစ်ဦးစီးချုပ်၏ ညီမ မမိုးနှင်းဖြူနှင့် ယောက်ဖ ကိုကျော်နိုင်တို့ အမှုမှာလည်း တရားလိုပြ သက်သေ စတင်စစ်ဆေးနေဆဲ ဖြစ်ပြီး လာမည့် ကြာသပတေး၊ ဖေဖော်ဝါရီ ၆ ရက်တွင် ထပ်မံရုံးထုတ်မည် ဖြစ်သည်။
ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များကိုလည်း လာမည့် သောကြာ၊ ဖေဖော်ဝါရီ ၇ ရက်တွင် ထပ်မံရုံးထုတ်မည် ဖြစ်သည်။
You may also like these stories:
တပ်မတော်ထံ လက်နက်ချသူများမှာ KIA တပ်ဖွဲ့ဝင်များမဟုတ်ဟု ငြင်းဆို
AA က ဖမ်းဆီးထားစဉ် ၂၅ ရက် ထိပ်တုံးခတ်ခံခဲ့ရကြောင်း ဦးဝှေ့တင်းဖွင့်ဟ
AA စစ်ဦးစီးချုပ် ညီမနှင့်ယောက်ဖအမှု၌ ထိုင်း၊ လာအိုထောက်လှမ်းရေးတို့ အကူအညီ ယူခဲ့ဟုဆို