မန္တလေး ခုတင် (၅၅၀) ဆံ့ ကလေးဆေးရုံကြီးတွင် ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် စောင့်ကြည့် ကုသမှုခံယူနေသူ တဦး ရှိကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှ ထုတ်ပြန်ခဲ့သော သတင်းမှာ မဟုတ်မှန်ကြောင်း ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ ဧရာဝတီသို့ ရှင်းပြသည်။
ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံအုပ်ကြီး ဒေါက်တာသက်ဆွေ က “Coronavirus နဲ့ ပတ်သက်ပြီး ကျနော့်ဆေးရုံမှာ လူနာမရှိပါဘူးဗျ၊ မနက်ပိုင်းက OPT ပြတာတော့ မှန်တယ်၊ မနက်က ကျနော်တို့ ဆီက ကြည့်တဲ့ဆရာဝန်တွေက ရောဂါလက္ခဏာ မတူလို့ဆိုပြီး ပြန်လွှတ်လိုက်ပါပြီ၊ Coronavirus ရောဂါလက္ခဏာ မဟုတ်ပါဘူး၊ အခုအချိန်ထိ ဆေးရုံတက်ထားတဲ့လူနာ တယောက်မှ မရှိပါဘူး”ဟု အတည်ပြုပြောကြားသည်။
တရုတ်နိုင်ငံ၊ ကူမင်းမြို့လေဆိပ်မှ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် အသက် ၃ နှစ်အရွယ် ကလေးငယ်တဦးတွင် ကိုယ်အပူချိန်မြင့်မားနေသည့်အတွက် ကိုရိုနာ ဗိုင်းရပ်စ် သံသယဖြင့် မန္တလေးမြို့ရှိ ကုတင် ၅၅၀ ကလေးဆေးရုံတွင် မိဘနှစ်ပါး (ဖခင် တရုတ်နိုင်ငံသား၊ မိခင် မြန်မာနိုင်ငံသား) တို့နှင့်အတူ သီးသန့်ခွဲထားပြီး စောင့်ကြည့်နေကြောင်း ဇန်နဝါရီ ၃၁ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါက်တာသက်ဆွေ က“သတင်းထုတ်ပြန်ချက်က အမှားကြီးဗျ၊ လာပြတာတော့ မှန်ပါတယ်၊ ဆေးရုံတက်မထားဘူး၊ ကွမ်ကျိုးကပြန်လာတဲ့ လွိုင်ကော်က ကလေးပါ၊ လေဆိပ်ကနေ ကျနော်တို့ ဆေးရုံလာတော့ အဖျားမရှိပါဘူး၊ လွိုင်ကော်ကို အခုတော့ ပြန်သွားကြပါပြီ၊ နေ့လယ်က ဝန်ကြီးချုပ် အစည်းအဝေးမှာလည်း တင်ပြထားပြီးပါပြီ”ဟု ဆက်လက်ပြောသည်။
ယခုအခါ တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပျံ့နှံလာသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တရုတ်နိုင်ငံ အတွင်း၌ ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းအထိ သေဆုံးသူ ၂၁၃ ဦးရှိပြီး ၉၆၉၂ ကျော် ကူးစက်ခံနေရကာ ပြန်လည်ကျန်းမာလာသူ ၁၇၁ ဦးမှာ ဆေးရုံဆင်းခွင့် ရရှိပြီဖြစ်ကြောင်း တရုတ်သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
2019 Noval Coronavirus (2019-nCoV) ကိုရိုနာဗိုင်းရပ် ပြန့်နှံ့ကူးစက်ခံရမှုသည် နိုင်ငံပေါင်း ၁၇ နိုင်ငံခန့်ထိ ရှိလာပြီဖြစ်သောကြောင့် ပြန့်နှံ့ကူးစက်နေသည့် အခြေအနေကို အများပြည်သူ ကျန်းမာရေးအရ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၃၁ ရက်နေ့က ကြေညာလိုက်ပြီဖြစ်သည်။
ဝူဟန်ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် WHO (ကမ္ဘာ့ကျန်းမာရေး အဖွဲ့) က ကြေညာခဲ့ပြီးနောက် မန္တလေးတိုင်းအတွင်း လူစုလူဝေးဖြင့် ပြုလုပ်သော ပွဲလမ်း သဘင်များနှင့် အခမ်းအနားများကို လျော့ချမည် ဖြစ်ကြောင်း တိုင်းအစိုးရ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။
ဦးဇာနည်အောင် က“ဒီကိစ္စဖြစ်လာပြီ ဆိုတော့ လူစုလူဝေးနဲ့ ပြုလုပ်တဲ့ ပွဲလမ်းသဘင်တွေကို လျော့ချရမယ်၊ သို့တည်းမဟုတ်လို့ရင် မပြုလုပ်ဘူး ဖြစ်ရပါမယ်၊ ဒီရောဂါကို တကမ္ဘာလုံးမှာ ထိန်းချုပ်မှု မရသေးသ၍ ပြည်သူတွေက အသိလေးနဲ့ ပူးပေါင်းကြမှ အဆင်ပြေမယ်” ဟု ပြောသည်။
2019 Noval Coronavirus (2019-nCoV) ကိုရိုနာဗိုင်းရပ် ပြန့်နှံ့ကူးစက်ခံရမှု အခြေအနေများကြောင့် မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှ ဝင်ရောက်လာသည့် နိုင်ငံတကာ ခရီးသွားများအား လေကြောင်း ဝင်ပေါက်များနှင့်အတူ နယ်စပ်ဝင်ထွက်ပေါက်များ၊ ရေကြောင်း၊ ကုန်းကြောင်း စသည့် ဝင်ထွက်ပေါက်များတွင် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
အလားတူ တရုတ်နိုင်ငံသားများ အဝင် အထွက်များသည့် မန္တလေးသို့ 2019 Novel Coronavirus (2019-n-Cov) အဆုတ်ရောင်ရောဂါ ကူးစက်မှု မရှိစေရန်နှင့် အဆိုပါ ရောဂါနှင့်ပတ်သက်၍ စနစ်တကျ ကြိုတင် ပြင်ဆင် တားဆီးကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် သက်ဆိုင်ရာ ဌာနဆိုင်များနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ ပေါင်းစပ်၍ အားလုံးပါဝင်သော (Surveillance and Respond Team – SRT) ကို တိုင်းအစိုးရ ဝန်ကြီးနှစ်ဦး ဦးဆောင်ပါဝင်ကာ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းအတွင်းရှိ ပြည်သူများအနေဖြင့် ဝူဟန်ဗိုင်းရပ်စ် (nCov9) ရောဂါကို မထိန်းချုပ်နိုင်မီ အချိန်အထိ လူစုလူဝေးရှိရာသို့ မသွားသင့်ကြောင်း၊ နှာစေးချောင်းဆိုး ဖြစ်ခဲ့လျင် မျက်နှာအုပ် (Mask) များ တပ်ဆင်ခြင်း၊ စနစ်တကျ စွန့်ပစ်ခြင်းကဲ့သို့ ကျန်းမာရေး အသိဖြင့် ဆောင်ရွက်လျင် ကပ်ရောဂါကို ကာကွယ်နိုင်မည်ဟု သိရသည်။
ထို့အပြင် Coronavirus စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့၌ ရောက်ရှိပညာသင်ကြားနေသော မြန်မာကျောင်းသား၊ ကျောင်းသူ ၆၃ ဦးအား မြန်မာအစိုးရက လေကြောင်းခရီးဖြင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ခေါ်ဆောင်လာမည်ဖြစ်ရာ အဆိုပါကျောင်းသားများ ပြန်လည်ရောက်ရှိချိန်တွင် မန္တလေးမြို့၊ ၆၂ လမ်းရှိ ကန်တော်နဒီ သီးသန့်ဆေးရုံတွင် နှစ်ပတ်ကြာထားရှိ၍ Coronavirus ကူးစက်ခံရမှု ရှိ၊ မရှိ စောင့်ကြည့်သွားမည်ဖြစ်သောကြောင့် ကန်တော်နဒီ ဆေးရုံအား ဇန်နဝါရီ ၂၇ ရက်နေ့က ကြိုတင်ရှင်လင်းကာ အဆင်သင့်ပြင်ထားသည်။
You may also like these stories:
ဝူဟန်မှ မန္တလေးသို့ ပြန်ခေါ်မည့် မြန်မာကျောင်းသားများ အတွက် အဆင်သင့်ဖြစ် ဟုဆို
မြန်မာတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ မရှိသေးဟု ကျန်းမာရေး ဝန်ကြီးဌာန အတည်ပြု
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ် မြို့ ၃ မြို့ဝင်ထွက်ခွင့်ပိတ်