ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံနေရသော အောက်သားကန် ကျေးရွာသားအမှုတွင် တရား လိုပြ သက်သေ ၅ ဦးကို စစ်ဆေးပြီးစီးသွားပြီ ဖြစ်ကြောင်း ထိုအမှုအား လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးလှအောင်သိန်းက ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးလှအောင်သိန်း က “အောက်သားကန်ရွာသား ၅ ဦးအမှုမှာ တရားလို ပြက်သေ ၅ ဦးကို စစ်ဆေးပြီးပါပြီ။ ဒီနေ့ ရုံးထုတ်မှာတော့ တရားလိုပြ သက်သေ တဦးဖြစ်တဲ့ အုပ်စု စာရေးတယောက်ကို စစ်ဆေးတယ်။ သူကို တရားခွင်မှာ စစ်ဆေးတဲ့အခါမှာတော့ အခင်းဖြစ်တဲ့နေ့ကတော့ အဲဒီနေရာမှာ မရှိဘူး။ သူဖြစ်စဉ်တွေကို သေချာမသိဘူးဆိုပြီး ထွက်ဆိုသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ဆေးပြီးစီးသော တရားလိုပြ သက်သေများမှာ မြောက်ဦးမြို့မစခန်းမှူး တာဝန်ထမ်းဆောင်ခဲ့သူ ဒုရဲမှူးအောင်သူရ ၊ စစ်တွေမြို့နယ် မှုခင်းရဲတပ်ဖွဲ့မှ ဒုရဲမှူး သိန်းမြင့်ထွန်း၊ မြောက်ဦး အမှတ် (၃၁) ရဲတပ်ရင်းမှ ရဲအုပ်သန့်ဇင်ဦး၊ ရဲတပ်သား ရဲမင်းအောင်နှင့် အုပ်စုစာရေး ဖြစ်သူ ဒေါ်ခိုင်ရွှေသိန်းတို့ ဖြစ်ကြောင်း အမှုအား လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးလှအောင်သန်းက ဆိုသည်။
ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အဆိုပါ အောင်သားကန်ရွာသာ ၅ ဦးအမှုအား စစ်တွေခရိုင်တရား ရုံးထုတ်ခဲ့ရာ တရားလိုပြ သက်သေ ၁ ဦးဖြစ် သည့် ကျေးရွာအုပ်စု စာရေးဖြစ်သူ ဒေါ်ခိုင်ရွှေအေးကို စစ်ဆေးခဲ့ကာ ရုံးချိန် ၂၃ ကြိမ် ရှိပြီ ဖြစ်ကြောင်းလည်း မိသားစုဝင်များနှင့် ရှေ့နေများထံမှ သိရသည်။
တရားရုံးထုတ်သို့ လာရောက်ခဲ့သူ ဖမ်းဆီးခံ ကိုလှသိန်းမောင်၏ ဇနီးဖြစ်သူ ဒေါ်မသိန်းလှ က “ကျမ အမျိုးသားလည်း အဖမ်းခံထားရတယ်။ ကျန်ခဲ့တဲ့ မိသားစုတွေကလည်း စစ်ဘေးရှောင်စခန်းကို ခိုလူံနေရတဲ့ ဘဝ ဆိုတော့ အခက်အခဲက အများကြီးရှိပါတယ်။ ဘာမှလည်း မဆိုင်ဘဲ အဖမ်းခံနေရတဲ့အတွက် ဒီအမှုက မြန်မြန် ပြန်လွှတ် စေချင် တယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ မြောက်ဦးမြို့နယ် အတွင်းက အောက်သားကန် ကျေးရွာသားအမှုတွင် စစ်ဘက်၊ ရဲဘက်၊ အရပ်ဘက်မှ စုစုပေါင်း တရားလို သက်သေ ၁၄ ဦး ပါဝင်ပြီး တရားလိုပြသက်သေ ၉ စစ်ဆေးရန် ကျန်နေသေးကြောင်းလည်း သိရသည်။
၂၀၁၉ ခုနှစ် မတ်လ ၃ ရက်နေ့က နံနက် ၇ နာရီ အချိန်ခန့်က အဆိုပါ မြောက်ဦးမြို့နယ်အတွင်းက အောက်သားကန် ကျေးရွာအတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် အသက် ၆၀ အရွယ် ဦးဖိုးခင်နှင့် အသက် ၂၅ နှစ် အရွယ် ရွာထိပ်တွင် ဈေးဆိုင်ရောင်းချနေသူ မစံပယ်တို့မှာ ကျည်ဆန်ထိမှန်၍ သေဆုံးခဲ့ကာ ရွာသား တချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ရွာသားများ၏ အဆိုအရ ထိုနေ့က အပြန်အလှန်တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တပ်မတော် စစ်ကြောင်းတခုက ရွာထဲသို့ ဝင်ရောက်ပြီး ပစ်ခတ်ခဲ့ခြင်းကာ ရွာထဲမှ ကျည်ခွံများ တွေ့ရှိသည်ဟု ဆိုသော်လည်း ရွာသားများကို ထိုကျည်ခွံများကို ပြသခဲ့ခြင်း မရှိကြောင်း ပြောဆိုကြသည်။
ယင်းပစ်ခတ်မှုအတွင်းက ဒဏ်ရာ ရရှိသူရွားသားများထဲမှ သေဆုံးခဲ့သူ မစံပယ်နှင့်အတူ ဈေးဆိုင်ရောင်း ချနေသူ အသက် ၃၀ အရွယ် မပေါက်စမ ကိုတော့ ဒဏ်ရာပြင်းထန်သည့်အတွက် စစ်တွေဆေး ရုံမှနေ တဆင့် ရန်ကုန်သို့ ပို့ဆောင်ပြီး ကုသခဲ့ရသည်။
တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို AA အဖွဲ့ ပစ်ခတ်ပြီး ရွာထဲသို့ ဝင်ပြေးသွားသည့်အတွက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။
ယင်းသို့ အပြန်အလှန်ပစ်ခတ်ရာတွင် တပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာ ရရှိသူ မရှိသလို AA အဖွဲ့မှလည်း ကျဆုံးသူ မရှိကြောင်း ၊ သို့သော်လည်း ရွာထဲသို့ ဝင်ရောက်စစ်ဆေးရာတွင် မသင်္ကာဖွယ်ရာ တွေ့ရှိသည့် ရွာသား ၅ ဦးကို တော့ ဖမ်းဆီးပြီး တိမ်ညိုရဲစခန်းတွင် ထိန်းသိမ်း စစ်ဆေးခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆို ထားသည်။
AA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ ထိုနေ့က မြောက်ဦးမြို့နယ်အတွင်းက အောက်သားကန် ကျေးရွာအနီးတွင် မည်သည့် ထိတွေ့ တို ပစ်ခတ်မှု ဖြစ်သည့် ဖြစ်စဉ်မရှိကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။
လက်ရှိအချိန်တွင် ဖမ်းဆီးခံ ရွာသား ၅ ဦးဖြစ်သည့် ဦးကိုနိုင်၊ ဦးလှသိန်းမောင်၊ ဦးစိန်ထွန်း၊ ဦးဘထွန်း၊ ဦးမောင်ဖြူချေတို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က) ၊ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် မြောက်ဦး အခြေစိုက် အမှတ် (၅၄၀) တပ်ရင်းမှ ဗိုလ်ကြီးအောင်သူဇော်မှ တရားလိုလုပ်ကာ တရားစွဲဆိုထား သည့်အတွက် စစ်တွေ ခရိုင်တရားရုံးတွင် တရားရင်ဆိုင်နေရသည်။
You may also like these stories:
ရခိုင်စစ်ပွဲကြောင့် စစ်ဘေးရှောင် ၁သိန်း ၆သောင်းကျော်ရှိလာဟု REC ထုတ်ပြန်