တရုတ်နိုင်ငံတွင် ကူးစက်မြန် အဆုတ်ရောင်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့နေသော်လည်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် လေကြောင်းလိုင်းများကို ပတ်ဆို့၍ မရကြောင်း သမ္မတရုံးမှ ပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
လေကြောင်းလိုင်းများမှာ တရုတ်နှင့် အာဆီယံ၊ တရုတ်- မြန်မာ Open Sky သဘောတူညီမှုများ ရယူထားပြီး ဖြစ်ကြောင်း ဇန်နဝါရီ ၃၁ ရက် နေပြည်တော်တွင် အပတ်စဉ် ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲ၌ ဦးဇော်ဌေးက ရှင်းပြသည်။
၎င်းက “ပုံမှန်လေယာဉ်ခရီးစဉ်တွေ ပျံသန်းတဲ့ အခါမှာ ဒီလေယာဉ် ကျနော်တို့ဆီ အဝင်မခံနဲ့ လုပ်လို့မရဘူး။ အလားတူပဲ ယိုးဒယားမှာလည်း ဒီလိုပဲ ဝင်တာ ထွက်တာတော့ ရှိနေမှာပဲ” ဟုဆိုသည်။
ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှ ဆိုက်ရောက်လာသော China Southern လေကြောင်းလိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိကြောင်း သံသယရှိ၍ တရုတ်နိုင်ငံသားလူနာကို လေယာဉ်ပေါ်ပါ အခြားမြန်မာနိုင်ငံသား ၂ ဦးနှင့်အတူ ရောဂါစစ်ဆေး ကုသရန် ဝေဘာဂီဆေးရုံ၌ တင်ထားခဲ့ရပြီး လေယာဉ်ပေါ်ပါ ခရီးသည် ၇၆ ဦးကို ပြည်ဝင်ခွင့် မပေးဘဲ ပြန်လွှတ်လိုက်ရသည်။
ယင်းလုပ်ဆောင်ချက်မှာလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ သတ်မှတ်ချက်များအရ ဖြစ်သည်။
WHO က ကမ္ဘာ့ကျန်းမာရေးအရေးပေါ် အခြေအနေကြေညာထားသော်လည်း တရုတ်နိုင်ငံသို့ ခရီးသွားခြင်းနှင့် ကုန်သွယ်ခြင်း ကန့်သတ်ချက်များကို မထောက်ခံကြောင်းနှင့် အမှန်တကယ် ဆန့်ကျင်ကြောင်း ပြောသည်။
အမေရိကန်က တရုတ်သို့ ယာယီ ခရီးမသွားရန် နှိုးဆော်နေပြီး စင်ကာပူနှင့် ဩစတြေးလျတို့က တရုတ်ခရီးသွားအားလုံး ပြည်ဝင်ခွင့် ယာယီပိတ်လိုက်ပြီး ဖိလစ်ပိုင်ကလည်း ရောဂါ စတင် ဖြစ်ပွားရာ ဟူဘေးပြည်နယ်မှ ခရီးသွားများ ပြည်ဝင်ခွင့် ပိတ်လိုက်သည်။
သို့သော်လည်း နိုင်ငံတော် သမ္မတ ရုံးက ဝင်ထွက်သွားလာနေသည့် လေယာဉ်များကို WHO စံသတ်မှတ်ချက် ညွှန်ကြားချက်အတိုင်း စမ်းသပ်မှုများ ပြုလုပ်နေကြောင်း ဆိုသည်။
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ဆိုက်ရောက်လာသည့် ခရီးသည်များကိုလည်း WHO စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် အဖျားတိုင်းတာသည့် စက်များကို အသုံးပြု၍ ရောဂါ ရှာဖွေရေး လုပ်ငန်းများဆောင်ရွက်လျက် ရှိကြောင်း ပြောသည်။
ထို့အပြင် နယ်စပ်ဂိတ်များအတွက် ရှမ်း၊ ကချင် ဝန်ကြီးချုပ်များကို ကျန်းမာရေး အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်သဖြင့် ယခု အခြေအနေအထိ ဝင်/ထွက်ဂိတ်များကို ပိတ်သိမ်းခြင်း မရှိသော်လည်း လတ်တလော အခြေအနေကြောင့် အဝင်/ အထွက်များကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေကြောင်း ဦးဇော်ဌေးက ရှင်းပြသည်။
ဆက်လက်၍ တရုတ်နိုင်ငံ ဝူဟန်မြို့တွင်ရှိနေသည့် မြန်မာ ကျောင်းသား ၆၀ ကျော်ကို ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ဝူဟန်လေဆိပ်ကို တိုက်ရိုက်သွားခေါ်ရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်းလည်း နိုင်ငံတော် သမ္မတရုံးက ဆိုသည်။
ဝူဟန်မှ ပြန်လည်ခေါ်ဆောင်လာသည့် ကျောင်းသားများကို မန္တလေး လေဆိပ်မှ တဆင့် ကန်တော်နဒီ ကူးစက်ရောဂါ ဆေးရုံကြီးသို့ တိုက်ရိုက် ခေါ်ဆောင်မည် ဖြစ်ပြီး ၁၄ ရက်( နှစ်ပတ်) WHO စံချိန်စံညွှန်းများအရ စောင့်ကြည့်ရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိအချိန်တွင် ကိုရိုနာ ဗိုင်းရပ်စ်မှာကြောင့် တရုတ်နိုင်ငံတွင် ပညာသင်ကြားနေသည့် အမေရိကန်၊ ဂျပန် အပါအဝင် နိုင်ငံအချို့က ၎င်းတို့၏ နိုင်ငံသားများကို ပြန်လည် ခေါ်ဆောင်ခဲ့ပြီး ဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက်နေ့အထိ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် သေဆုံးသူ ၂၅၉ ဦးရှိပြီး ကူးစက်ခံရသူ ကမ္ဘာ တဝန်းရှိ ၁၂၀၀၀ နီးပါးရှိပြီး၊ ကူးစက်ခံရသည့် နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်ခြင်း မရှိသေးဘဲ သေဆုံးသူများမှာ တရုတ် နိုင်ငံသားများဖြစ်ပြီး၊ နိုင်ငံပေါင်း ၂၂ နိုင်ငံကို ပြန့်ပွားနေပြီ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး ထုတ်ပြန်ချက်အရ သိရသည်။
ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန်မြို့ရှိ သားငါးဈေး ၁ ခုမှ စတင် ကူးစက်ခဲ့ခြင်း ဖြစ်ကြောင်း ယူဆမှုများ ရှိနေပြီး လင်းနို့များထံမှ ကူးစက်ခံထားရသည့် မြွေများမှတဆင့် လူထံသို့ ကူးစက်ခြင်း ဖြစ်နိုင်ကြောင်း မျိုးဗီဇသရုပ်ခွဲ လေ့လာမှု ရလဒ်အချို့ ကို ကိုးကားပြီး ဟောင်ကောင် အခြေစိုက် သတင်းဌာနတခုက ဖော်ပြထားသည်။
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် သံသယလူနာပါလာသော တရုတ် လေယာဉ် ပြန်လည် ထွက်ခွာ
သမ္မတရုံး၏ ကိုရိုနာဗိုင်းရပ်စ်သံသယ ရှင်းလင်းချက် မန္တလေးဆေးရုံတုန့်ပြန်
WHO က အရေးပေါ်အခြေအနေ ကြေညာချိန် တရုတ်သို့ မသွားရန် အမေရိကန် သတိပေး
မန္တလေးတွင် မျက်နှာဖုံး ရှားနေပြီး အမြတ်တင်ရောင်းချနေ