တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ မြန်မာကျောင်းသား ၆၀ ကျော်သည် မန္တလေးမြို့သို့ ဖေဖော်ဝါရီ ၂ ရက် ညပိုင်းတွင် ရောက်ရှိရန် လျာထားကြောင်း တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ မြန်မာသံရုံးက ယနေ့ထုတ်ပြန် ကြေညာသည်။
လက်ရှိ ဝူဟန်မြို့တွင်ပိတ်မိနေသော မြန်မာကျောင်းသားများအား မြန်မာအမျိုးသား လေကြောင်းလိုင်းမှ လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ယနေ့ညနေ ၄ နာရီတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ဝူဟန်မြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသခံစံတော်ချိန် ည ၁၁ နာရီခန့်တွင် ဆိုက်ရောက်ရန် စီစဉ်ထားရှိသည်ဟု ဆိုသည်။
၎င်းမှတဆင့် ကျောင်းသားများအား လေယာဉ်ပေါ်သို့ တင်ဆောင်နိုင်မှုအခြေအနေ၊ လေကြောင်းပျံသန်းမှု ဆိုင်ရာ အခြေအနေများနှင့် ခွင့်ပြုပေးနိုင်မှုများအပေါ် မူတည်၍ ဖေဖော်ဝါရီ ၁ ရက်နေ့ ဒေသစံတော်ချိန် ည ၁၁ နာရီခွဲတွင် ဝူဟန်မြို့မှ ပြန်လည်ထွက်ခွာကာ မန္တလေးသို့ ဖေဖော်ဝါရီ ၂ ရက် ဒေသစံတော်ချိန် ည ၁ နာရီ မိနစ် ၄၀ ခန့်တွင် ဆိုက်ရောက်နိုင်မည်ဟု လျာထားကြောင်း သံရုံးက ထုတ်ပြန်ထားသည်။
အဆိုပါကျောင်းသားများအား မြန်မာနိုင်ငံပြန်လည်ပို့ဆောင်ရေးအတွက် သံရုံးက ဆက်လက်ဆောင်ရွက် လျက်ရှိသော်လည်း စီမံခန့်ခွဲမှုဆိုင်ရာအခြေအနေများ အပြောင်းအလဲရှိပါက ကျောင်းသားများထံ ဆက်သွယ် အကြောင်းကြားမည်ဖြစ်ပြီး ကျောင်းသားများအနေဖြင့်လည်း တဦးနှင့်တဦး အဆက်အသွယ် မပြတ်ဘဲ နားစွင့်ထားရန် လိုအပ်ကြောင်း ဆိုသည်။
မန္တလေး တံတားဦးလေဆိပ်မှ Airport Facilitation Committee အတွင်းရေးမှုး ဦးတင်မောင်ကျော်က “ကျနော်တို့လဲ မြန်မာကျောင်းသားတွေ ဒီစနေ၊ တနင်္ဂနွေမှာပြန်ရောက်မယ်ဆိုတဲ့ သတင်းကြားပေမဲ့ အချိန်အတိအကျတော့ မသိရသေးပါဘူး။ ဒီညပိုင်းရောက်မယ်လို့ ခန့်မှန်းထားကြတယ်” ဟု ဧရာဝတီကို ပြောသည်။
ဝူဟန်မြို့မှ မန္တလေးမြို့သို့ ရောက်ရှိလာမည့် မြန်မာကျောင်းသားအား ၆၀ ကျော်အတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်နိုင်ရန်အတွက် အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း တိုင်း အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ (Surveillance and Respond Team, SRT) ဥက္ကဋ္ဌ ဒေါက်တာရဲလွင် က ဇန်နဝါရီ ၂၉ ရက်က ပြောကြား ထားသည်။
ကျောင်းသားများအတွက် မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းရှိ ကန်တော်နဒီဆေးရုံအား Quarantine (ယာယီကျန်းမာရေးစောင့်ရှောက်မှုစခန်း) အဖြစ် သီးသန့်ထားရှိကာ လိုအပ်သော ကျန်းမာရေး စောင့်ကြတ်မှုများ ဆောင်ရွက်ပေးသွား မည်ဟု အဆိုပါကော်မတီ အတွင်းရေးမှုး ဒေါက်တာ သန်းသန်းမြင့် က ဧရာဝတီကို ပြောသည်။
၎င်းက “ကျောင်းသားတွေကို ကန်တော်နဒီဆေးရုံမှာ ၁၄ ရက် Quarantine ထားပြီးရင်တော့ ကျန်းမာရေး အားလုံး ကောင်းမွန်တယ် ဆိုရင်နေရပ်ကိုပြန်လွှတ်မှာပါ” ဟု ပြောသည်။
ထိုအတွက် လိုအပ်သော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးပစ္စည်းကိရိယာများအား မန္တလေးပြည်သူ့ဆေးရုံ ကြီး၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဒီဇင်ဘာလဆန်းမှ စတင်ဖြစ်ပွားခဲ့သော ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယနေ့အထိ သေဆုံးသူ ၂၅၉ ဦးနှင့် ရောဂါကူးစက်ခံရသူဦးရေ ၁သောင်းကျော်ရှိလာပြီး တရုတ်နိုင်ငံ သာမက နိုင်ငံပေါင်း ၂၀ ကျော်ကို ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုဒုတိယအများဆုံးနိုင်ငံ ဖြစ်လာတဲ့ ထိုင်းနိုင်ငံ
မန္တလေးတွင် ရောက်ရှိသော ဝူဟန်မှ တရုတ်နိုင်ငံသား ၇၀ ကျော် ပြန်ခေါ်
တရုတ်က ထူးဆန်း ရောဂါ မကူးစက်ရေး မန္တလေး လေဆိပ်၌ တရုတ် ခရီးသည်များကို ကြပ်မတ် စစ်ဆေး