ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ အမျိုးသမီးငယ်များကို အိန္ဒိယနိုင်ငံမှတဆင့် မလေးရှားသို့ လူကုန်ကူးသည့် ဆင်ဒီကိတ်တခုကို ဖြိုခွဲခဲ့ပြီးဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့၏ Rapid Action Battalion (RAB) မှ တာဝန်ရှိသူများက ပြောသည်။ အဆိုပါ မိန်းကလေး အများစုမှာ လိင်လုပ်ငန်းခွင်သို့ ရောင်းချရန်အတွက် ဖြစ်သည်။
ဒါကာ Dhaka မြို့ Aftabnagar ရပ်ကွက်ရှိ အိမ်တအိမ်ကို RAB အဖွဲ့က ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဝင်ရောက်စီးနင်း၍ သံသယရှိသူ ၂ ဦး ဖြစ်သည့် ကော့ဆက်ဘဇား Cox’s Bazar ခရိုင်နေ Kabir Ahmed (အသက် ၄၀နှစ်) နှင့် ကော့ဆက်ဘဇားခရိုင်၏ တက်ခ်နက်ဖ် Teknaf ခရိုင်ခွဲမှ Mohammad Emran (အသက် ၂၈ နှစ်) တို့ကို ဖမ်းဆီးခဲ့ပြီးနောက် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ၎င်းတို့က အမျိုးသမီးငယ် ၁၃ ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ ထိုသို့ ဝင်ရောက် စီးနင်းလိုက်ခြင်းကြောင့် မလေးရှားသို့ အမျိုးသမီးများ ပို့ဆောင်ရန်ကြိုးပမ်းမှုကို တားဆီးနိုင်ခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
ဖမ်းမိသူများကို စစ်ကြောရေးပြုလုပ်စဉ် မလေးရှားအခြေစိုက် Abdur Sabur အမည်ရှိ အမျိုးသားတဦးက ကော့ဆက်ဘဇား အခြေစိုက် ဆွေမျိုးတော်စပ်သူတဦး ဖြစ်သော Mohammad Foyez နှင့် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တား Kolkata အခြေစိုက် Sultan အမည်ရှိ အမျိုးသားတို့၏ အကူအညီဖြင့် လုပ်ငန်းကို ဦးဆောင်ခဲ့ကြောင်း Kabir Ahmed က ရဲတပ်ဖွဲ့သို့ ထွက်ဆိုခဲ့သည်။ သူတို့က ကော့ဆက်ဘဇား ဒုက္ခသည်စခန်းများတွင် နေထိုင်သော အသက် ၁၈ နှစ်မှ ၂၂ နှစ်အတွင်းရှိ အမျိုးသမီးများကို ပြည်ပတွင် ပိုမိုကောင်းမွန်သော ဘဝများရရှိမည်ဟု ကတိပေး၍ သွေးဆောင်ခဲ့ကြသည်ဟု ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့က Kabir Ahmed နှင့် Mohammad Emran ကို ဖမ်းဆီးခဲ့ပါတယ်။ စုံစမ်းစစ်ဆေးသူတွေကတော့ သူတို့ရဲ့ ကြံရာပါတွေကို ရှာဖွေနေဆဲ ဖြစ်ပါတယ်” ဟု RAB-3 မှ စစ်ဆင်ရေးအရာရှိ ABM Faijul Islam က ပြောကြားခဲ့သည်။ အမူတခုက ဖမ်းဆီးထားသူများနှင့် ဆက်စပ်နေပြီး ဒေသခံရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးပြီး ဖြစ်သည်ဟု သူက ထပ်ပြောသည်။
ထိုအမှု၏ အမှုလိုက်အရာရှိ ရဲတပ်ဖွဲ့မှ လက်ထောက်စစ်ဆေးရေးမှူး Fewdous Alam က ဒုက္ခသည် ၁၃ ဦး လုံးကို ဇန်နဝါရီလ ၂၈ ရက်နေ့က ဒက္ကာမြို့တော် ရာဇဝတ် တရားသူကြီးချုပ်ရုံးသို့ တင်ပြခဲ့သည်ဟု ဧရာဝတီသို့ ပြောသည်။ သံသယရှိသူများက သူတို့ကို မြို့တော်နှင့် အခြားဒေသများတွင် ဝင်ငွေကောင်းသည့် အလုပ်အကိုင်များပေးမည်ဟု ကတိပြု၍ ဒက္ကာသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ “သူတို့ကို ကျနော်တို့က ဒက္ကာမြို့က Victim Support Center မှာ ထားပါတယ်။ ဒါပေမယ့် သူတို့ကို ဒုက္ခသည်စခန်းတွေဆီ ပြန်ပို့မလားဆိုတာကတော့ မသေချာသေးပါဘူး” ဟု သူက ပြောသည်။
လွန်ခဲ့သော ၇ လက ငှားရမ်းထားခဲ့သော အိမ်တွင် အမျိုးသမီးများကို တွေ့ရှိခဲ့သည်ဟု RAB အရာရှိများက ပြောသည်။ သူတို့၏ မွေးစာရင်းနှင့် နိုင်ငံကူးလက်မှတ်များ အပါအဝင် အတု ပြုလုပ်ထားသည့် စာရွက်စာတမ်းများကို အခင်းဖြစ်ပွားရာ နေရာတွင် သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
ကနဦး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း သူနှင့် Mohammad Emran က အမျိုးသမီးများကို မလေးရှားမှ Abdur Sabur ထံသို့ ပို့ဆောင်ပေးရန် တာဝန်ရှိကြောင်း Kabir Ahmed က စုံစမ်းစစ်ဆေးသူများထံ ထွက်ဆိုခဲ့သည်။ သူတို့ကို လိင်လုပ်ငန်းတွင် ခိုင်းစေရန် Abdur Sabur က ရောင်းချမည် ဖြစ်ကြောင်း RAB အရာရှိတဦးက ပြောသည်။ အမှုက စုံစမ်းစစ်ဆေးဆဲ ဖြစ်သည့် အတွက် သူ၏ အမည်ကို ဖော်ပြခြင်းမပြုရန် အဆိုပါ အရာရှိက မေတ္တာရပ်ခံခဲ့သည်။
“ရွေးချယ်ထားတဲ့ မိန်းကလေးတွေကို ကော့ဆက်ဘဇားက ခေါ်လာပြီးတော့ သူတို့ရဲ့ နိုင်ငံတကာ ခရီးသွားစာရွက်စာတမ်းတွေ အဆင်သင့်မဖြစ်သေးခင် ဒက္ကာမှာ ရက်သတ္တပတ် အနည်းငယ်လောက် ထားပါတယ်။ သူတို့ကို ဒက္ကာကနေ ပြီးတော့ နယ်စပ်စခန်း ဖြစ်တဲ့ ဘီနာပိုလ် Benapole မြို့က တဆင့် ဘတ်စကားတွေနဲ့ ကိုလ်ကတ္တားကို ခေါ်သွားပါတယ်။ အဲဒီကနေမှ မလေးရှားကို လေယာဉ်နဲ့ ပို့ပါတယ်။ သူတို့ ဒါကိုလုပ်နေတာ တော်တော်ကြာခဲ့ပါပြီ” ဟု RAB အရာရှိက ပြောသည်။
RAB ၏အဆိုအရ ဒီဇင်ဘာလတွင် အနည်းဆုံး အမျိုးသမီး ၇ ဦး မလေးရှားသို့ ထိုလမ်းကြောင်းအတိုင်း ထွက်ခွာသွားခဲ့သည်။ အခြား ၅ ဦး မှာလည်း ပြီးခဲ့သည့်အပတ်က လေကြောင်းမှတဆင့် ထွက်သွားခဲ့ကြသည်။
“သူတို့ကို ပြည့်တန်ဆာလုပ်ငန်းအတွက် ရောင်းမယ်ဆိုတာ မိန်းကလေးတွေက မသိဘူးလို့ Kabir Ahmed က ကျနော်တို့ကို ပြောပါတယ်။ ဒက္ကာ ဒါမှမဟုတ် ပြည်ပမှာ ပိုကောင်းတဲ့ အလုပ်တွေရလိမ့်မယ်လို့ သူတို့ထင်ခဲ့တယ်” ဟု အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။ “မလေးရှားမှာ Abdur Sabur ကို ကျနော်တို့ ဖမ်းဆီးနိုင် မယ်ဆိုရင် ကျနော်တို့ အသေးစိတ်အချက်အလက်တွေ ပိုပေးနိုင်ပါလိမ့်မယ်။”
” Kabir Ahmed အိန္ဒိယဗီဇာအတွက် သူ့ရဲ့ ပတ်စ်ပို့ တင်ထားတာကြောင့် ဒီအဖွဲ့နဲ့ အတူ သွားဖို့ အစီအစဉ် ရှိထားပါတယ်” ဟု RAB အရာရှိက ပြောသည်။
ကော့ဆက်ဘဇားတွင် အခြေစိုက်သည့် Mohammad Foyez က ဒုက္ခသည်စခန်းများမှ ငယ်ရွယ်သော မိန်းကလေးများကို ခရီးသွားလာရေးအတွက် ကတိပြုပြီး သွေးဆောင်ပေးခြင်းအားဖြင့် ပါဝင်ပတ်သက်နေခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။
အမျိုးသမီးများဘက်မှ တပြားတချပ်မျှ ပေးရန်မလိုအပ်ဘဲ အနာဂတ်၌ နိုင်ငံရပ်ခြားတွင် အခြေတကျ ဖြစ်ပြီးမှသာလျှင် ပြန်ပေးရမည်ဟု သူတို့က ပြောခဲ့ကြကြောင်း တာဝန်ရှိသူတဦးက ပြောသည်။ “မိန်းကလေးတွေ မလေးရှားကို ရောက်သွားတဲ့အခါ တယောက်ကို မလေးရှား ရင်းဂစ် ၂၀၀၀၀ မှ ၂၅၀၀၀ (မြန်မာငွေ ကျပ် သိန်း ၇၀ မှ ၉၀ အတွင်း) အထိ ဆင်ဒီကိတ်အတွက် ရလိမ့်မယ်” ဟု သူက ထပ်ပြောသည်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးရန် လိုအပ်သော ဘင်္ဂလားဒေ့ရှ်ရုံးများမှ စာရွက်စာတမ်းများကို Aiyub အမည်ရှိ အခြားသူတယောက်က အတုပြုလုပ်ပေးခဲ့သည် ဟု RAB က ပြောကြားခဲ့သည်။
ကယ်တင်နိုင်ခဲ့သော မိန်းကလေးများနှင့် သံသယရှိသူများကို တရားရုံးသို့ ဇန်နဝါရီလ ၂၇ ရက်နေ့ တွင်ပို့ဆောင်ခဲ့ကြောင်း Badda ရဲစခန်းမှ စခန်းမှူး Parvej Islam က ပြောသည်။
“သံသယရှိသူ ၂ ဦး ကို ကျနော်တို့က ရဲအချုပ်မှာ ၁၀ ရက်ကြာ ထားရှိ စစ်ဆေးဖို့ အတွက် တရားရုံးရဲ့ ခွင့်ပြုချက် လိုပါတယ်” ဟု Parvej Islam က ပြောသည်။
RAB အရာရှိများအဆိုအရ Kabir Ahmed နှင့် Mohammad Emran တို့ ၂ ဦးလုံးတွင် ရိုဟင်ဂျာ မိဘများ ရှိကြသည်။ Kabir Ahmed ကို မြန်မာနိုင်ငံတွင် မွေးဖွားခဲ့ပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာက ဘင်္ဂလားဒေ့ရှ်သို့ ပြောင်းရွှေ့လာခဲ့သည်။ Mohammad Emran ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရိုဟင်ဂျာမိခင်က မွေးဖွားခဲ့သည်။
လုပ်ငန်းနှင့် ပတ်သက်နေသည့် ပိုမိုသံသယရှိသူများကို ရှာဖွေနေကြောင်း RAB အရာရှိများက ပြောကြားခဲ့သည်။ “ဖိအားပေးမှုကြောင့် ရွှေ့ပြောင်းလာရသည့် မြန်မာနိုင်ငံသားများ” ကို တတိယနိုင်ငံသို့ ပို့ဆောင်ရေး ဘင်္ဂလားဒေ့ရှ် နိုင်ငံကူး လက်မှတ် စီစဉ်ရာတွင် “အကျင့်ပျက်အရာရှိ” အများအပြားလည်း ပါဝင်ပတ်သက် နေဖွယ်ရှိသည်ဟု သူတို့က ထပ်ပြောသည်။
မကြာသေးမီနှစ်များအတွင်းတွင် ဘင်္ဂလားဒေ့ရှ် လေဆိပ် ရဲတပ်ဖွဲ့က ဒက္ကာ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ဆေးမှုများကို တိုးမြှင့်ခဲ့သောကြောင့် ဒုက္ခသည်များ အနေဖြင့် ခရီးသွားလာခွင့် စာရွက်စာတမ်းများ ရရှိထားခဲ့လျှင်ပင် လေကြောင်းဖြင့် တိုင်းပြည်မှ ထွက်ခွာရန် ပိုမိုခက်ခဲလာစေခဲ့သည်။
လေယာဉ်ဆိပ် ရဲတပ်ဖွဲ့မှ ကြီးကြပ်ရေးမှူး တဦး ဖြစ်သည့် Alamgir Hossain က “သူတို့ကို သူတို့ရဲ့ စာရွက်စာတမ်းတွေကိုပဲ အခြေခံပြီး စစ်ဆေးတာ မဟုတ်ပါဘူး။ သံသယဖြစ်ဖွယ်ရာ လက္ခဏာတွေကိုလည်း ရှာဖွေပါတယ်။ အထူးသဖြင့် သူတို့နဲ့ ပုဂ္ဂိုလ်ရေးအရ စကားပြောပြီးတော့ သူတို့ ခရီးစဉ်ရဲ့ နောက်ကွယ်မှာ ဘယ်သူတွေရှိနေသလဲ ဆိုတာကို ကြည့်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဒုက္ခသည်များ အနေဖြင့် ယခုအခါတွင် ဘင်္ဂလားဒေ့ရှ်မှ ထွက်ခွာရေး ပင်လယ်လမ်းကြောင်းကို အသုံးပြုရန်လည်း အလွန်ခက်ခဲကြောင်း သူက ဆက်ပြောသည်။ ထို့ကြောင့် သူတို့အတွက် တခုလည်းသော အခြားရွေးချယ်စရာမှာ ကိုလ်ကတ္တားလေဆိပ် ဖြစ်လာသည်။
ကော့ဆက်ဘဇားရှိ ဒုက္ခသည်စခန်းများသည် ဒုက္ခသည် ၇၀၀၀၀၀ ကျော် လက်ရှိနေထိုင်ကြသော နေရာဖြစ်သည်။ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ရခိုင် ရိုဟင်ဂျာ ကယ်ဆယ်ရေးတပ်မတော် (ARSA) က ရဲတပ်ဖွဲ့ ကင်းစခန်းများကို တိုက်ခိုက်ခဲ့ပြီး နောက် မြန်မာ့တပ်မတော်က ARSA ကို ပစ်မှတ်ထားသည့် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည့် အချိန်တွင် ထွက်ပြေးလာခဲ့ကြသူများ ဖြစ်သည်။
(ဒါကာရှိ ဧရာဝတီသတင်းထောက် Muktadir Rashid ရေးသားပေးပို့သော Bangladesh Police Bust Int’l Gang Trafficking Rohingya Women Into Sex Work in Malaysiaကို ဘာသာပြန်သည်။)
You may also like these stories:
သံအရာရှိ အဂတိမှု သံသယဖြစ်ဖွယ်ရာ ငွေလွှဲပြောင်းမှုများ တွေ့ထားဟုဆို
AA စစ်ဦးစီးချုပ် ညီမနှင့်ယောက်ဖအမှု၌ ထိုင်း၊ လာအိုထောက်လှမ်းရေးတို့ အကူအညီ ယူခဲ့ဟုဆို
မီးရှို့ခံရသည့် အမျိုးသမီးအမှု မြင်တွေ့သူများ သက်သေ မထွက်ဆိုရဲကြ ဟုဆို