အိတ်ချ်အိုင်ဗွီနှင့် တုတ်ကွေးဆေးများကို အသုံးပြုခြင်းက အလားအလားကောင်းများကို ပြသနေကြောင်း ကိုရိုနာဗိုင်းရပ်သစ်ရှိနေသည့်လူနာများကို ကုသနေသည့် ထိုင်းဆရာဝန်များက တွေ့ရှိထားကြောင်း ထိုင်းနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးဝန်ကြီးဋ္ဌာနက တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။
တုပ်ကွေးဆေး oseltamivir နှင့် အိတ်ချ်အိုင်ဗွီကုသဆေးများဖြစ်သည့် lopinavir/ ritonavir တို့ကိုရောစပ်အသုံးပြုကာ တရုတ်အမျိုးသမီးတဦးကို ဘန်ကောက်ရှိ ဆေးရုံတခုမှ ဆရာဝန်များက ကုသပေးခဲ့သည်။ သူမ၏အခြေအနေမှာ လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ၄၈ နာရီအတွင်း ၎င်းတွင် ဗိုင်းရပ်မရှိတော့ကြောင်း စမ်းသပ်မှုလုပ်ရာက သိရှိခဲ့သည်ဟု ၎င်းဆရာဝန်များက ပြောသည်။
၎င်းရောစပ်ဆေးဝါးများမပေးမီ အသက် ၇၁ နှစ်အရွယ်ရှိ ကမ္ဘာလှည့်ခရီးသည် ထိုအမျ်ိုးသမီးကြီးတွင် ဗိုင်းရပ်တွေ့ရှိပြီးနောက် ၁၀ ရက်ကြာသည်အထိ နာလံထူနိုင်သည့် လက္ခဏာများ မရှိခဲ့ဟု ဆိုသည်။
တရုတ်ဆေးဝန်ထမ်းများလည်း ဗိုင်းရပ်ကို တိုက်ဖျက်ရန် အိတ်ချ်အိုင်ဗွီနှင့် တုပ်ကွေးဆေးများ အသုံးပြုနေပြီဟု ရိုက်တာက ဖော်ပြခဲ့သည်။ သို့သော်လည်း အဓိကအချက်မှာ ၎င်းဆေးဝါးများကို ပေါင်းစည်းရန်ဖြစ်သည်ဟု ထိုင်းဆရာဝန်များက ယူဆသည်။ အမေရိကန်ဆေးကုမ္ပဏီ AbbVie က ဇန်နဝါရီ ၂၇ ရက်က ၎င်းတို့ ထုတ်သောဆေးဝါးများဖြစ်သည့် lopinavir/ritonavir ဆေးဝါး Aluvia ကို ပေးပို့ရန် တရုတ်အာဏာပိုင်များက မေတ္တာရပ်ခံလာကြောင်းနှင့် စမ်းသပ်မှုတခုအဖြစ် လှူဒါန်းရန် သဘောတူခဲ့သည်ဟု ပြောကြားခဲ့သည်။
အနည်းဆုံး ထိုင်းနိုင်ငံရှိ နောက်လူနာတစ်ဦးလည်း ဆေးစပ်ကုသမှုကြောင့် တိုးတက်မှုရှိလာခဲ့သည်ဟု ရိုက်တာက အစီရင်ခံသည်။ သို့သော်လည်း ဆေးဝါးများပေါင်းစပ်ကုသမှုများက ဗိုင်းရပ်ရှိသူ မည်သူကိုမဆို အသုံးပြုနိုင်မလား ဆုံးဖြတ်ရန်မှာ စောလွန်းနေသေးကြောင်း တာဝန်ရှိသူများက ပြောကြားလျက် ရှိသည်။
တရုတ်ခရီးသည်များ သွားလာရန် နှစ်သက်သည့်နေရာတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံတွင် ထိုင်းတက္ကစီယာဉ်မောင်းတစ်ဦးအပါအဝင် ကိုရိုနာဗိုင်းရပ်လူနာ ၁၉ ဦးရှိနေကြောင်း ခွဲခြားသိရှိထားသည်။
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် တရုတ်နိုင်ငံသားအား ဝေဘာဂီဆေးရုံမှ ဆင်းခွင့်ပြု
နေပြည်တော်က ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ အခြေအနေကောင်း
မန္တလေးတွင် မျက်နှာဖုံး ရှားနေပြီး အမြတ်တင်ရောင်းချနေ