ဝန်ကြီး သူရဦးအောင်ကိုအား အရေးယူပေးရန် တပ်မတော် တောင်းဆို
နာမည်ကြီး တရားခံပြေးများကို ရဲတပ်ဖွဲ့က ဖမ်းမမိခြင်းသည် အစိုးရ၏ လက်အောက်တွင်ပြည်ထဲရေး ဝန်ကြီးဌာန မရှိ၍ ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို၏ ပြောဆိုချက်ကို အစိုးရက အရေးယူရန် ယနေ့ တပ်မတော်က တောင်းဆိုလိုက်သည်။
ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် တပ်မတော်၏ သတင်းစာ ရှင်းလင်းပွဲတွင် တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ် သည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အစိုးရရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ဝန်ကြီးတဦးရဲ့ ဒီလိုပြောကြားချက်တွေကို ဖြေရှင်းပေးဖို့ အရေးယူပေးဖို့ တင်ပြပါ တယ်” ဟု ပြောသည်။
တပ်မတော် အနေဖြင့် လုပ်ထုံးလုပ်နည်းများအရ အစိုးရထံသို့ အကြောင်းကြားမည် ဖြစ်သလို တပ်မတော်၏ သဘော ထားမှာ သူရဦးအောင်ကို၏ ပြောဆိုချက်သည် အခြေအမြစ်မရှိ ပြောဆိုမှုဟု ပြောချင်ကြောင်း၊ တပ်မတော် အနေဖြင့် ယခုလို အခြေအမြစ်မရှိ ဥပဒေမဲ့ ပြောဆိုချက်များကို ငြင်းဆိုလိုကြောင်း တပ်မတော်ဘက်က ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလက ရန်ကုန်မြို့ တွင် ပြုလုပ်သည့် မြန်မာ-မွတ်စလင်များ ဘာသာရေး အဖွဲ့ ချုပ်၌ ပြုလုပ်သည့် အခမ်းအနားတခုတွင် ဝန်ကြီး သူရဦးအောင်ကိုက မိန့်ခွန်းပြောဆိုရာတွင် “တရားခံပြေးတွေကို အစိုးရက ဖမ်းခိုင်း ထားတယ်။ အဲဒါကို ပြည်ထဲရေးက ဖမ်းမပေးဘူး။ ဖမ်းမပေးတော့ ပြည်ထဲရေး က အစိုးရ အဖွဲ့ အောက်မှာ မရှိဘူး လားလို့ ပြောတာလည်း ရှိတယ်။ ဒီလူတွေကို ဖမ်းခိုင်းထားတယ်။ သို့သော် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ကို အနီးကပ် အုပ်ချုပ်တာ အစိုးရ မဟုတ်ပါဘူး။ ဘယ်အဖွဲ့ အစည်းလဲဆိုတာ အားလုံး သိပါတယ်”ဟု ပြောဆိုခဲ့သည်။
သူရဦးအောင်ကို ဆိုလိုသည့် တရားခံပြေးများမှာ ဦးဝီရသူနှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဘူး လက် လှဆွေတို့ ဖြစ်ပြီး ၎င်းတို့ကို သမ္မတရုံး တာဝန်ရှိသူ ဦးဇော်ဌေးကလည်း ရဲတပ်ဖွဲ့က ဖမ်းပေးမည်ဟု ကတိပြု ထားကြောင်း သတင်းထောက်များကို ပြောဆိုထားသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဦးဝီရသူနဲ့ ဘူးလက် လှဆွေတို့ တိမ်းရှောင်နေတာကို အားလုံး အသိပဲ ဖြစ်တယ် ဆိုတာပါတယ်။ ဒီဟာတွေကို ကျနော်တို့က ထင်ယောင်ထင်မှား ဖြစ်အောင် အထောက်အထားမဲ့ ဥပဒေမဲ့ ပြော သွားတာ တွေ့ရပါတယ်” ဟု ပြောသည်။
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြည်ထဲရေး ဝန်ကြီးကို အမည်စာရင်း တင်သွင်းရခြင်း ဖြစ်ပြီး အစိုးရတွင် လုပ်ပိုင်ခွင့်အပြည့်ရှိကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုလည်း ကွပ်ကွဲအုပ်ချုပ်မှု အစိုးရထံတွင် လုပ်ပိုင်ခွင့်အပြည့်ရှိကြောင်း တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “လက်တွေ့မြေပြင်မှာလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ နဲ့ပတ်သက်ရင် ဘယ်လို လုပ်ဆောင်နေလဲဆိုတာ လေ့လာကြည့်ဖို့ လိုပါတယ်။ အဲဒီလို မဟုတ်ဘဲ အဖွဲ့အစည်းတခုကို သိက္ခာချစေမဲ့စိတ်နဲ့ လုပ်တာကတော့ မကောင်းဘူးလို့ ပြောချင် တယ်”ဟု ပြောသည်။
လက်ရှိတွင် သူရဦးအောင်ကိုထံသို့ ဧရာဝတီက ဆက်သွယ်ခဲ့ရာ ၎င်းသည် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့် အတူ တောင်ကိုရီးယားနိုင်ငံတွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့်လူသားတိုးတက်မှုဆိုင်ရာ ထိပ်သီး အစည်းအဝေးသို့ သွားရောက် တက်ရောက်နေသဖြင့် ဆက်သွယ်၍ မရသေးပါ။
ယခုလို ပြည်ထဲရေး ဝန်ကြီးကို အစိုးရက ကိုင်တွယ်နိုင်ရဲလားဆိုသည့် မေးခွန်းသည် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ အရ ပေါ်ပေါက်လာရခြင်း ဖြစ်ပြီး ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ၃ ဦးစလုံးကို တပ်ချုပ်က အမည်စာရင် တင်သွင်းသော်လည်း အစိုးရကိုသာ တာဝန်ခံရမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောသည်။
၎င်းက “ဘယ်ဝန်ကြီးဌာနပဲ ဖြစ်ဖြစ် ကိုယ့်အစိုးရအဖွဲ့အောက်ကို ရောက်လာရင် ပိုင်ပိုင်နိုင်နိုင် ကိုယ်တွယ်နိုင်ရမယ်။ မြင်နေရ တာက ဖွဲ့ စည်းပုံအရ ပေးထားတာကို ပိုင်ပိုင်နိုင်နိုင် မကျင့်သုံးရဲသလို ဖြစ်နေတယ်။ စစ်ဘက်-အရပ်ဘက် ဆက် ဆံရေး ထိခိုက်မှာစိုးလို့ ချိန်ဆနေရသလို ဖြစ်နေတယ်” ဟု သုံးသပ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အစိုးရလက်ထက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဖြစ်လာသူ သူရ ဦးအောင်ကိုသည် တပ်မတော်တွင် ဗိုလ်မှူးချုပ် အဆင့်အထိ တာဝန်ယူခဲ့သူတဦး ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း နီးစပ်မှု ရှိသူတဦး ဖြစ်သည်။
သို့သော် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက သူရ ဦးအောင်ကိုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် မွတ်စလင် များနှင့်ပတ်သက်၍ အစွန်းရောက် ဘာသာကြီးတခုဟု သုံးနှုန်းခဲ့မှုအပေါ် နိုင်ငံတော် အကြီးအကဲများက ခေါ်ယူ သတိပေးမှုများ ခံခဲ့ရသေးသည်။
ကရင်ပြည်နယ် ဘားအံမြို့တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့သည့် မြိုင်ကြီးငူ ဆရာတော်၏ ဈာပန အခမ်းအနားတွင် သူရဦးအောင်ကိုက ဘာသာရေးဆိုင်ရာ ကိစ္စရပ်များအား ဆရာတော်ကြီးများထံလျှောက်ထား ရာတွင် အထက်ပါအတိုင်း ထည့်သွင်းသုံးနှုန်းခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဝန်ကြီး သူရဦးအောင်ကိုသည် နေပြည်တော်တွင် သတင်းထောက်များနှင့် တွေ့ ဆုံတိုင်းတွင်လည်း စိတ်ထဲ ရှိသမျှကို ဘွင်းဘွင်းပြောဆိုတတ်သဖြင့် မကြာခန ဝေဖန်ခံရမှုများ၊ ဆန္ဒပြခံရမှုများအပြင် အမျိုးသားရေး အင်အားစု များက ၎င်းကို နုတ်ထွက်ပေးရန်အထိ နေပြည်တော်သို့ လာရောက် တောင်းဆိုခဲ့ဖူးသည်။
You may also like these stories:
ကျောက်တော်မြို့ပေါ် လက်နက်ကြီးကျ၍ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ
ချင်းကျောင်းသား သေဆုံးမှု ဆိုင်ရာမှ ၅ရက်အတွင်း အရေးမယူပါက တုန့်ပြန်မည်ဟုဆို
ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် တရုတ်နိုင်ငံသားအား ဝေဘာဂီဆေးရုံမှ ဆင်းခွင့်ပြု