သတင်း

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၆၁ ဦး ရှိပြီ

တရုတ်နိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်းအရေအတွက်မှာ ၁၇,၂၀၀ ကိုကျော်လွန်ကာ အသစ်ကူးစက်ခံရသူ ၂,၈၂၉ ဦးရှိသည်ဟု အတည်ပြုထားကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ဖေဖော်ဝါရီ ၃ ရက်နေ့က ပြောကြားခဲ့သည်။

ဗိုင်းရပ်ကြောင့် နောက်ထပ်သေဆုံးသူ ၅၇ ဦးရှိကာ တဦးမှလွဲ၍ ကျန်လူအားလုံးမှာ အဆိုးဝါးဆုံးခံစားရသည့် ဟူပေပြည်နယ်မှဖြစ်ပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူ စုစုပေါင်း အရေအတွက်မှာ ၃၆၁ ဦးသို့ရောက်ရှိခဲ့ရာ ၂၀၀၂-၂၀၀၃ခုနှစ် ဆားစ်ရောဂါဖြစ်ပွားမှုကြောင့် ပြည်မကြီးတွင် သေဆုံးခဲ့သည့် အရေအတွက် ၃၄၉ ဦးထက် ကျော်လွန်လာကြောင်း ၎င်း၏နေ့စဉ် နောက်ဆုံးသတင်းရရှိချက်တွင် ကော်မရှင်က ဖော်ပြခဲ့သည်။

ဟူပေပြည်နယ်တွင် ကူးစက်ခံရကြောင်းအတည်ပြုချက်မှာ ၂,၁၀၃ ဦးရှိကာ သိသိသာသာမြင့်တက်လာခဲ့ပြီး ယင်းပြည်နယ်၏ သေဆုံးမှုအရေအတွက်မှာ ၃၅၀ မြင့်တက်လာခဲ့ကြောင်း ဒေသခံကျန်းမာရေးကော်မရှင်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ထို့ကြောင့် တနိုင်ငံလုံး ကူးစက်ခံရသူဦးရေမှာ ၁၇,၂၀၀ ကျော်လွန်သွားပြီဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ပြောကြားခဲ့သည်။ ယင်းသို့ ကိန်းဂဏန်းများ လျင်မြန်စွာ မြင့်တက်လာသော်လည်း ဆားစ်ရောဂါဖြစ်ပွားစဉ်က ကူးစက်ခံရသူ ၈,၀၀၀ခန့်တွင် သေဆုံးသူမှာ ၈၀၀ နီးပါးရှိခဲ့သဖြင့် ကိုရိုနာဗိုင်းရပ်သစ်က ဆားစ်လောက် ကြောက်စရာ မကောင်းသေးကြောင်း ကူးစက်သေဆုံးမှု အရေအတွက်နှင့် ပတ်သက်၍ တရုတ်၏ အချက်အလက်များက ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုမှာ နိုင်ငံတကာက စိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့သည်။ သို့သော်လည်း ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုနှင့် ခရီးသွားလာမှုတို့ ကန့်သတ်ရန်ကိုကား မလိုအပ်သေးကြောင်းလည်း ပြောကြားခဲ့သည်။

သို့သော်လည်း မကြာသေးခင်က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ပြည်ပနိုင်ငံသားများ ၎င်းတို့၏ နယ်မြေများသို့ ဝင်ရောက်ခြင်းမှ ပိတ်ပင်မှုအပါအဝင် နယ်စပ်ဒေသထိန်းချုပ်မှုများကို နိုင်ငံအချို့က တိုးမြင့်ပြုလုပ်လာသည်။

ဗိုင်းရပ်စ်သစ်သည် ဟူပေးပြည်နယ်မြို့နယ် ဝူဟန်ရှိ သားငါးစိမ်းများ ရောင်းချသည့် ဈေးတခုမှ ဒီဇင်ဘာလက ထွက်ပေါ်လာခဲ့သည်ဟု ယုံကြည်ရသည်။

ဟူပေတွင် လမ်းများပိတ်ခြင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ပိတ်ထားခြင်းတို့နှင့်အတူ စောင့်ကြည့်လျက်ရှိသည်။ တခြားနေရာများတွင်လည်း ခရီးသွားနှင့် စီးပွားရေးလုပ်ငန်းတို့အပေါ် ကန့်သတ်မှုများ တိုးမြင့်ထားသည်။ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ရန် ကြိုးပမ်းသည့်အနေဖြင့် ဟူပေးပြည်နယ်သည် ၎င်း၏ တရုတ်နှစ်သစ် ရုံးပိတ်ရက်ကို ဖေဖော်ဝါရီ ၁၃ ရက်သို့ နောက်ဆုတ်ခဲ့သည်။

တရုတ်တွင် ကူးစက်ရောဂါဖြစ်ပွားမှုက ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေသို့ တိုးမြင့်ရောက်ရှိခဲ့ပြီး နိုင်ငံပေါင်း ၂၀ ကျော်သို့ ကူးစက်ခဲ့သည်။ တရုတ်ပြည်မကြီးပြင်ပ ပထမဆုံးသေဆုံးမှုကို တနင်္ဂနွေနေ့က အတည်ပြုခဲ့ပြီး  ၄၄ နှစ်အရွယ် ဝူဟန်က အမျိုးသားမှာ ဖိလစ်ပိုင်တွင် သေဆုံးခဲ့သည်ဟု သိရသည်။

G 7 နိုင်ငံများဖြစ်သည့် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့အားလုံးတွင် ဗိုင်းရပ်ကူးစက်မှုရှ်ိသည်ဟု အတည်ပြုထားပြီး ဖြစ်ပွားမှုကို ပူးတွဲတုံ့ပြန်အရေးယူနိုင်ရေး ဆွေးနွေးမည်ဖြစ်ကြောင်း ဂျာမနီကျန်းမာရေးဝန်ကြီး Jens Spahn က ပြောသည်။

တရုတ်နှစ်သစ်ကူး ရပ်နားထားပြီးနောက် စတော့၊ ငွေတိုက်စာချုပ်နှင့် ကုန်စည်များ ရောင်းဝယ်မှုပြန်လည်ပြုလုပ်ချိန် တနင်္လာနေ့က တရုတ်ဈေးကွက်များတွင် ဖြစ်နိုင်ဖွယ်ရာ ထိုးစိုက်ကျဆင်းမှုအတွက် တောင့်ခံနေရပြီး ဗိုင်းရပ်ပျံ့နှံမည်ကို စိုးရိမ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ အရောင်းကျဆင်းမှုလည်း ဖြစ်ပေါ်ခဲ့သည်။

ထိတ်လန့်မှုမရှ်ိစေရန် ကြ်ိုးပမ်းသည့်အနေဖြင့် တရုတ်၏ ဗဟိုဘဏ်က တနင်္လာနေ့က ဈေးကွက်များအတွင်း ငွေဖြစ်လွယ်မှုအတွက် ယွမ် ၁ ဒသမ၂ထရီလီယံ ထည့်သွင်းပေးခဲ့သည်။ အရေးကြီး ကုန်ပစ္စည်းထုတ်လုပ်သော ကုမ္ပဏီများ အမြန်ဆုံး အလုပ်ပြန်လုပ်နိုင်ရေး ကူညီမည်ဟု ပေကျင်းက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် စီစီတီဗွီ ရုပ်သံက အစီရင်ခံခဲ့သည်။

ကိုးကား။       ။ The Straits Times

ဝူဟန်တုပ်ကွေးကို လူတွေ ဘာကြောင့် တုန်လှုပ် ချောက်ချားကြသလဲ

တုတ်ကွေးနှင့် HIV ဆေးဝါးများရောစပ်မှုက ကိုရိုနာဗိုင်းရပ်ကို ကုသနိုင်ဟု ထိုင်းဆရာဝန်များပြော

ကိုရိုနာဗိုင်းရပ်က ကမ္ဘာ့စီးပွားရေး နှေးကွေးအောင် ခြိမ်းခြောက်နေဟု IMF အကြီးအကဲပြော

Loading