သတင်း

ရှမ်းနှင့် ရခိုင်တွင် မိုင်းနင်းမိ၍ အရပ်သား၂ ဦး သေ၊ ၁ ဦး ဒဏ်ရာရ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်း အတွင်း မိုင်းနင်းမိသဖြင့် အရပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိထားသည်ဟု သတင်းရရှိသည်။

မိုင်းပေါက်ကွဲမှုများမှာ ဖေဖော်ဝါရီ ၂ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့နယ်၊ မန်ကန်ကျေးရွာ အနီး တောထဲနှင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ငစံဘော်ကျေးရွာအနီး တို့တွင် ဖြစ်ပွားသွားခြင်း ဖြစ်သည်။

မိုင်းနင်းမိသူများကို ကယ်ဆယ်ပေးနေသည့် ကျောက်မဲမြို့ အခြေစိုက် အိုမ်တမာဝ် လူမှုကူညီရေး အသင်း၏ ပြောရေးဆိုခွင့်ရှိသူ ကိုတမိုင်းက “မနေ့တုန်းက ၂ ယောက်ထိတယ်။ ၁ ယောက်က တော့ဖယ်ဇာတိ၊ ၁ ယောက်က အာပြောင်ဇာတိ၊ တော့ဖယ်က ၁ ယောက်က မန်ကန်မှာ သူ့ အမျိုးသမီးရှိတယ်။ ၂ လပိုင်းဆိုရင် ပွဲတော်ရှိတော့ ထင်းဖြူသွားခုတ်ကြရင်း ညနေ ၅ နာရီ လောက်မှာ မိုင်းထိမိကြတာ။ ၁ ယောက်ကတော့ သွေးထွက်လွန်ပြီး နေရာမှာပဲ ဆုံးသွား ပါတယ်”ဟု ပြောသည်။

သေဆုံးသွားသူ အမျိုးသားမှာ မိုင်းထိစဉ်က ခြေထောက် နှစ်ဖက်၊ ဗိုက်တို့တွင် မိုင်းစများ ဖောက် ဝင် သွားကြောင်း၊ ဖြစ်ဖြစ်ချင်းက စကားပြောနိုင်သေးသော်လည်း ၎င်းတို့ကို လာရောက် ကယ်ဆယ်သူများ မရှိသဖြင့် သွေးထွက်လွန်ပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု သိရသည်။

မိုင်းထိသူ ၂ ဦးအနက် ကျန် ၁ ဦးမှာ ခြေထောက်နှင့် ဆီးအိမ်တွင် မိုင်းစများ ထိထားပြီး လက်ရှိတွင် ကျောက်မဲမြို့ ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်ဟု ကိုတမိုင်းက ပြောသည်။

ကိုတမိုင်းက “သူတု့ိထိတာ ညနေ ၅ နာရီ၊ ကျနော်တို့ကို ဖုန်းဆက်လာတာ ၈ နာရီ ၁၅ မိနစ်မှ။ ကျနော်တို့ ဒီက ထွက်ပြီး အဲဒီရွာကို ရောက်ဖို့ သွားရတာ ည ၁၁ နာရီမှ ရောက်ပါတယ်။ လမ်းခရီးလည်း တော်တော် ဆိုးနေလို့ပါ”ဟု ဆိုသည်။

ကျောက်မဲမြို့နှင့် မိုင်းငေါ့မြို့သည် တောင်ပတ်လမ်းများအတွင်း ကားဖြင့် သွားလျှင် ၂ နာရီခန့် ကြာသည်။ မိုင်းငေါ့ မြို့နယ်အတွင်းရှိ ကျေးရွာများမှာ မိုင်းငေါ့မြို့မှ တဆင့် တောင်ပေါ်မြေသား လမ်းများ အတိုင်း သွားရသည်။

ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲ အတွင်း တပ်မတော်နှင့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး ဇန်နဝါရီအတွင်း ကလည်း ကျောက်မဲမြို့နယ်တွင် အရပ်သား ၁၀ ဦး မိုင်းနင်းမိပြီး ဒဏ်ရာ ရရှိထား ကြသည်။

ကျောက်မဲမြို့နယ်တွင် TNLA နှင့် စစ်ရေးအရ ပြေလည်ခြင်း မရှိသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တပ်ဖွဲ့ဝင်များလည်း လှုပ်ရှားသည်။

အလားတူး ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အတွင်း မိုင်းထိသေဆုံးသူမှာ အသက် ၅၆ နှစ်အရွယ် ဦးသိန်းစိုး အောင် ဖြစ်ပြီး အမျက်တောင် ကျေးရွာတွင် နေထိုင်သူ ဖြစ်သည်။

ရသေ့တောင်မြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်က “ရသေ့တောင်မှာ မိုင်းထိတာက အမျက် တောင်က အရပ်သား ၁ ယောက်တော့ မနေ့က ဆုံးသွားပြီဗျ။ တခြားတော့ ထိတာ မကြားဘူးဗျ။ အမျက်တောင် ရွာသား ၁ ယောက် ခြေထောက် ၁ ဖက်က လုံးဝပြတ်သွား တယ်။ ၁ ဖက်ကတော့ တန်းလန်းကျန်ခဲ့တာ။ သူက သွေးလွန်ပြီး သေသွားတာပါ”ဟု ပြောသည်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့် အမျက်တောင်ရွာအနီးတွင် ဖေဖော်ဝါရီ ၁ ရက်က တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ အကြား တိုက်ပွဲများ ဖြစ်ပွားထားသည်။

မိုင်းထိ သေဆုံးသူ ဦးသိန်းစိုးအောင်သည် တိုက်ပွဲဖြစ်စဉ်က ပျောက်သွားသည့် ၎င်းပိုင် ကျွဲနွားများကို ရှာဖွေရန် ဖေဖော်ဝါရီ ၂ ရက်က ရွာအနီးပတ်ဝန်းကျင်သို့သွားရာ မိုင်းနင်းမိခြင်း ဖြစ်သည်ဟု သိရသည်။

ဦးဦးသန်းနိုင်က “သူဖြစ်တာကို ရွာကလူတွေကလည်း အသိနောက်ကျသွားတယ်။ သူက တယောက်တည်း အဖော် မပါဘူး။ ရွာနဲ့လည်း နီးတယ်လေ။ သူနဲ့ အဆက်သွယ်ရတော့ ရွာသား တွေက သွားကြည့်တော့ ရသေ့တောင် ဆေးရုံ ကို သယ်ဖို့လုပ်တဲ့အချိန်မှာ သူက အသက် မရှိတော့ ဘူး။ ဒဏ်ရာကတော့ ခြေထောက်မှာပဲ ဖြစ်တာ။ သွေးလွန်လို့ သေတဲ့ သဘောလို့ ပြောလို့ ရတယ်”ဟု ပြောသည်။

ဦးသိန်းစိုးနိုင် နင်းမိသည့် မိုင်းမှာ တပ်မတော်ဘက်မှ ထောင်ထားသည့် မိုင်းဖြစ်သည်ဟု AA ၏ သတင်းနှင့် ပြန်ကြား ရေးက သတင်းထုတ်ပြန်ထားသည်။

ဆက်လက်ပြီး ဦးဦးသန်းနိုင်က ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားထားသည့် နေရာများ တွင် မိုင်းအန္တရာယ် များ ရှိလာသဖြင့် တော၊တောင်၊ ချောင်းများကို မှီခိုပြီး ရှာဖွေစားသောက် နေသည့် ဒေသခံများအတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်နေပြီဟု ပြောသည်။

နှစ်ဖက်တပ်များမှ တိုက်ပွဲအတွင်း မိုင်းများ ထောင်ကြသည်ကိုလည်း အရပ်သားများအား သတိပေးခြင်း၊ မသွားလာရန် ပြောဆိုခြင်းများ မရှိပါဟုလည်း ဦးဦးသန်းနိုင်က ရှင်းပြသည်။

ဦးဦးသန်းနိုင်က “ကျနော်ပြောချင်တာကတော့ မိုင်းတွေဘာတွေမြှုပ်ခဲ့ရင် တိုက်ပွဲဖြစ်ရင် သော်လည်းကောင်း၊ ပြန်သွား ရင် သော်လည်းကောင်း၊ ကိုယ်ထောင်တဲ့ မိုင်းတွေကို ကိုယ့်ဘာသာ ပြည်သူတွေ အန္တရာယ်ကင်းအောင် ပြန်ပြီးတော့ ဖော်ရင် သော်လည်းကောင်း၊ ဖျက်ဆီးတာ သော်လည်းကောင်း ဖြစ်စေချင်ပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင်း ကျေးရွာများအနီး အရပ်သားများ မိုင်းထိမိခြင်းနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန် ပြန်ကြား ရေးမှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ၎င်းတို့ စစ်သည်များလည်း ရပ်ရွာများအနီး စစ်ကြောင်းများ ထွက်စဉ် မိုင်းနင်းမိ သည့် ဖြစ်စဉ်များ ရှိပါသည်ဟု ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ရွာသားတွေ နင်းမိပြီ ဆိုတာနဲ့ ဒီမိုင်းနဲ့ ပတ်သက်ပြီး တပ်မတော် က ထောင်ထားတယ် ဆိုပြီး ပြောပါတယ်။ ကျနော်တို့ စစ်သည်တွေလည်း အဲဒီ ရွာနားလေးမှာပဲ မိုင်း နင်းမိခဲ့တာ ဖြစ်ပါတယ်။ သိန်းတန်ရွာ မှာလည်း AA က ထောင်ထားတဲ့ မိုင်းကို နေရာရွှေ့တယ် ဆိုပြီး ပြဿနာ စဖြစ်တာ။ ရွာတွေနားမှာ မိုင်းထောင်တာ ဘယ်သူတွေလဲ ဆိုတာကို ဒါနဲ့ပဲ ကျနော်ပြောလိုပါတယ်”ဟု ပြောသည်။

တပ်မတော်အနေဖြင့် မြေမြှုပ်မိုင်းများကို စစ်ဆင်ရေးတွင် အသုံးပြုပြီး အသုံးပြုသည့် နေရာမှာ တပ်မတော်၏ တပ်စခန်း များ လုံခြုံရေးအတွက် ခြံစည်းရိုးတည်ဆောက်ပြီး ခြံဝင်းအတွင်းတွင်သာ လုံခြုံရေးစည်းအဖြစ် ထားခြင်း ဖြစ်သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ခြံစည်းရိုးခတ်ထားသဖြင့် အရပ်သားများ ဝင်လာရန် မရှိသည့်နေရာ ဖြစ်ပြီး မိုင်းထောင်ပါကလည်း နေရာ အမှတ် အသား အတိအကျဖြင့် မှတ်ပုံတင်ကာ တပ်စခန်း ပြန်ရုတ်သိမ်းပါက ထောင်ထား သည့် မိုင်းများပါ ပြန်လည်ရှင်းလင်း သွားပါဟုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

ဆက်လက်၍ ၎င်းက “သောင်းကျန်းသူတွေထောင်တဲ့ ဒေသန္တရမိုင်းတွေနဲ့ ပတ်သက်လို့ကတော့ အာမခံနိုင်ခြင်း မရှိပါဘူး။ သူတို့က ရည်ရွယ်ချက်ကိုက တပ်မတော်စစ်ကြောင်းတွေ သွားလာ နိုင်တဲ့ လမ်းတွေ လမ်းပန်း ဆက်သွယ် ရေး အရ အချက်အခြာကျတဲ့ နေရာတွေမှာ ထောင်ကြတာ ဖြစ်လို့ ရည်ရွယ်ချက်ချင်း တခြားစီဖြစ်ကြောင်း ပြောလိုပါ တယ်”ဟုလည်း ပြောသည်။

ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မိုင်းနင်းမိသူများနှင့် ဒေသခံ ဦးရေ ၂၀ ခန့်ကို ဧရာဝတီမှ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းထားရာ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသတွင် လက်နက် ကိုင်သည့် တပ်ဖွဲ့ နှစ်ဘက်လုံးက မိုင်းထောင်ကြမည် ဖြစ်ပြီး အရပ်သားများ ထိခိုက်မှု၌ နှစ်ဖွဲ့လုံး တွင် တာဝန်ရှိပါသည်ဟု ပြောဆိုကြသည်။

မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်းဆိုင်ရာ သဘောတူစာချုပ်၊ ထပ်ဆင့် ပေါက်ကွဲစေ တတ်သည့် စစ်လက်နက်ပစ္စည်းများ အသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်း ဆိုင်ရာ သဘောတူ စာချုပ်တို့ကို ပါဝင် လက်မှတ် ရေးထိုးထားခြင်း မရှိသေးပါ။

မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့် လေ့လာရေး အဖွဲ့ဘက်မှ မြန်မာနိုင်ငံကို အဆိုပါ စာချုပ်များအား လက်မှတ်ရေးထိုးရန် တိုက်တွန်း နေသော် လည်း မြန်မာနိုင်ငံဘက်မှ ပြည်တွင်း စစ်ချုပ်ငြိမ်း မှသာ လက်မှတ်ရေးထိုးနိုင်မည် ဖြစ်ကြောင်းကို ၂၀၁၈ ခုနှစ်၊ မေလက အကြောင်းပြန်ထားသည်ဟု သိရသည်။

ဆက်စပ်လင့်

ရှမ်းမြောက်တွင် ဇန်နဝါရီလအတွင်း မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရ

ရခိုင်တိုက်ပွဲကြောင့် မြေမြှုပ်မိုင်း အသုံးပြုမှု စာရင်း၌ ၄မြို့နယ် ထပ်တိုးလာ

၂၀၁၉ ခုနှစ် အတွင်း မိုင်းကြောင့် သေဆုံးသူ ၄၀ ကျော်၊ ဒဏ်ရာရရှိသူ ၁၆၀ ကျော်ရှိဟု ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading