ဆရာ၊ ဆရာမများ တောင်းဆိုသည့်အတိုင်း အခြေခံပညာ စာမေးပွဲများ ကျင်းပရမည့် ရက်ကို ပြောင်းလဲ သတ်မှတ် ပေးမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ သိရသည်။
ဖေဖော်ဝါရီ ၃ ရက်နေ့ အမျိုးသား လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပညာရေး ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ယင်းသို့ ပြောင်းလဲ သတ်မှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်က ဧရာဝတီသို့ ပြောကြားသည်။
“မတ်လအထိ ကျောင်းတက်ရမယ့် ကိစ္စတော့ ဆွေးနွေးတဲ့အထဲမှာ မပါဘူးနော်။ စာမေးပွဲ အချိန်စာရင်းကိုပဲ ပြောင်းလိုက်တာ။ ပြောင်းလိုက်တဲ့ ကိစ္စက ညွှန်ကြားလွှာ ထွက်ပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။
အမည်မဖော်လိုသည့် တိုင်းပညာရေးမှူး တဦးကမူ ၄ တန်းနှင့် ၈ တန်း စာမေးပွဲဖြေဆိုရမည့် ရက်နှင့် ၁၀ တန်းစာမေးပွဲ ဖြေဆိုရမည့် ကာလကြားတွင် ကျန်အတန်းများ၏ စာမေးပွဲဖြေဆိုရမည့် ရက်ကို သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း ဧရာဝတီ သို့ ပြောကြားသည်။
“ညွှန်ကြားလွှာက ဆရာတို့ဆီ မရောက်သေးပါဘူး။ အသေးစိတ်တော့ မသိသေးဘူး။ လွှတ်တော် ကိုယ်စားလှယ် တယောက် လှမ်းပြောလိုက်တာကတော့ ရှေ့တိုးတဲ့ သဘောပေါ့။ ၁၀ တန်းနဲ့ ၄ တန်း၊ ၈ တန်းကြားထဲ အဲဒီလိုကြား တာပဲ”ဟု ၎င်းက ပြောသည်။
အခြေခံပညာ ဦးစီးဌာနက ၄ တန်းနှင့် ၈ တန်း အစိုးရစစ် စာမေးပွဲများကို ဖေဖော်ဝါရီ ၁၄ ရက်မှ မတ်လ ၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို မတ်လ ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပရန် လျာထားကာ ကျန် အတန်းများကို တက္ကသိုလ်ဝင် စာမေးပွဲများ ကျင်းပပြီးသည့် နောက်ပိုင်းရက်များတွင် ကျင်းပမည်ဟု ကြေညာ ထားသည်။
ယင်းကြေညာချက်သည် အခြေခံပညာ ကဏ္ဍတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အထိ သတ်မှတ်ကျင့်သုံးလာခဲ့သော စနစ်ကို အသစ်ပြောင်းလဲ ကျင့်သုံးမည့် သဘောလည်းဖြစ်ပြီး ဆရာ၊ ဆရာမ ပညာရေး ဝန်ထမ်းများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား သမဂ္ဂများ၏ ပြင်းထန်သည့် ဝေဖန်ကန့်ကွက်မှုများ ရင်ဆိုင်နေရသည်။
တပ်မတာ်သား လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက အခြေခံပညာ ကျောင်းများ ကျောင်းတက်ရမည့် ရက်နှင့် အခြေခံပညာ စာမေးပွဲများ ကျင်းပမည့်ရက်ကို မူလအတိုင်း ထားပေးရန် ပညာရေး ဝန်ကြီးအား ဝိုင်းဝန်းတောင်းဆိုခဲ့ပြီးနောက်တွင် မူလ စနစ်အတိုင်း ထားပေးရန် ဝန်ကြီးက သဘောတူခဲ့ ကြောင်း အမျိုးသား လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီအဖွဲ့ဝင် ဦးကျော်နိုင်က ပြောသည်။
“အမျိုးသား လွှတ်တော်က ဒီကိစ္စကို စိတ်ဝင်စားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၂ဝ လောက် ဝန်ကြီးကို ဖိတ်ပြီး ဆွေးနွေးကြတယ်။ ဦးအောင်ကြည်ညွန့်က နောက်ဆုံးမှာ တို့လိုချင်တဲ့ အတိုင်းအတာကို အပိတ်အနေနဲ့ ဆွေးနွေး လိုက်တဲ့ အခါ ဝန်ကြီးက မငြင်းသာတော့ဘဲ ဖြစ်သွားတာ။ အားသုံးလိုက်ရတဲ့ သဘောလည်း ပါတယ်”ဟု ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) ဒု ဥက္ကဋ္ဌ ဦးအောင်ကျော်သူကလည်း အခြေခံပညာ ဦးစီး ဌာနက စာမေးပွဲ ကျင်းပမည့်ရက်များကို ပြောင်းလဲသတ်မှတ်လိုက်ပါက အခြေခံပညာ ကျောင်းများတွင် အဆင်ပြေ သွားနိုင်ကြောင်း ပြောသည်။
“ဆရာ၊ ဆရာမတွေ ပြေးရလွှားရတဲ့ ကိစ္စတွေပေါ့ဗျာ။ ဒါကတော့ သိသိသာသာကြီးကို အဆင်ပြေသွားမှာပါ။ ဆရာ၊ ဆရာမတွေကလည်း သူတို့ တက်ရလို့ ငြင်းနေတာ မဟုတ်ဘူးဗျ။ ဒီစာမေးပွဲရက် ကသိကအောက်ဖြစ်တဲ့ ကိစ္စတွေ ကျောင်းသားတွေကို ခေါ်ရတဲ့ ကိစ္စတွေ။ လိုက်ခေါ်ရလို့ စိတ်ပူရတာပေါ့။ နောက်တခုကတော့ ရာသီဥတုက အရမ်း ပြင်းတဲ့အခါကျတော့ ရေဒုက္ခတွေတော့ ကြောက်တာပေါ့”ဟု ၎င်းက ပြောဆိုသည်။
လက်ရှိတွင် MTF က ပညာရေးဝန်ကြီးဌာန၏ မတ်လကုန်ပိုင်းအထိ အခြေခံပညာကျောင်းများ ကျောင်းတက်ရမည် ဆိုသည့် ညွန်ကြားချက်ကို သပိတ်မှောက်ထားပြီး အခြေခံပညာ စာမေးပွဲကျင်းပမည့် ရက်ကို ပြန်လည်ပြောင်းလဲ ပေးပါက သပိတ်လှန်ရန် စဉ်းစားမည်ဖြစ်ကြောင်း ဦးအောင်ကျော်သူက ပြောသည်။
အခြေခံပညာ ဦးစီးဌာနက စာမေးပွဲ ကျင်းပမည့်ရက်ကို ယခင်စနစ်အတိုင်း ပြန်လည် ပြောင်းလဲပေးမည် မပေးမည်မှာ တရားဝင် ညွှန်ကြားချက် မထွက်လာသေးသဖြင့် ဆက်လက်စောင့်ကြည့်နေသည်ဟုလည်း ၎င်းက ပြောကြားသည်။
ဆက်စပ်ဖတ်ရှု့ရန်-
စာသင်ကာလ တိုးခြင်း ဆက်လုပ်သွားမည်ဟု ပညာရေး ဒုဝန်ကြီးပြော
စာသင်ကာလ တိုးမြှင့်ခြင်းကို အမြန်ဆုံးဖျက်သိမ်းပေးရန် မုံရွာတွင် ဆန္ဒပြ
ဟင်္သာတနှင့် ငပုတောမြို့နယ်တို့တွင် ဖဲကြိုးစိမ်းကမ်ပိန်း၂ ရက် ဆက်တိုက် ပြုလုပ်
စာသင်ချိန် တိုးမည့် အပေါ် ကျောင်းသားမိဘများထံ သဘောထားလက်မှတ် တောင်းမည်
ဆရာ ဆရာမတွေ အသံလည်း နားထောင်ပါဦး