အလုပ်သမား ဥပဒေတွင် ပြဌာန်းထားသော အနည်းဆုံး အခကြေးငွေ ပြင်ဆင် သတ်မှတ်ရမည့် အချိန်ကာလကို ပြင်ဆင် ပြောင်းလဲရန် စီစဉ်နေခြင်းအား အလုပ်သမား အဖွဲ့အစည်းများက ကန့်ကွက်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်က အတည်ပြု ပြဋ္ဌာန်းထားသည့် အနည်းဆုံး အခကြေးငွေ ဥပဒေတွင် ပါရှိသော လုပ်ခလစာအား ၂ နှစ် တကြိမ် ပြင်ဆင် သတ်မှတ်ရမည် ဆိုသည့် ပုဒ်မ ၅(ဇ) ကို ပြင်ဆင် ပြောင်းလဲရန် စီစဉ်နေ၍ ကန့်ကွက်ခြင်း ဖြစ်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူများက ပြောဆိုကြသည်။
မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) အပါအဝင် အလုပ်သမား အဖွဲ့အစည်း ၁၀ ဖွဲ့ခန့်က ကန့်ကွက်ကြခြင်း ဖြစ်ကြောင်း သိရသည်။
အမျိုးသား လွှတ်တော် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်အကိုင်ဆိုင်ရာ ကော်မတီ၏ အနည်းဆုံး အခ ကြေးငွေ ဥပဒေ (၂၀၁၃)ကို ပြင်ဆင်သည့် ဥပဒေကြမ်းပါ မူလ ဥပဒေပြဋ္ဌာန်းချက် ဖြစ်သည့် အနည်းဆုံး အခကြေးငွေ ကို ၂ နှစ်လျှင် အနည်းဆုံးတကြိမ် ပြင်ဆင် သတ်မှတ်ရမည် ဆိုသည်ကို ပြောင်းလဲမည့် ပြင်ဆင်ချက်အား ကန့်ကွက် ကြောင်း လှိုင်သာယာမြို့နယ်ရှိ Sky ဟိုတယ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကျင်းပသော အမျိုးသား လွှတ်တော် အစည်းအဝေး၌ အနည်းဆုံး အခကြေးငွေ ဥပဒေ တွင် ပါဝင်သည့် ပုဒ်မ ၅ (ဇ) အပါအဝင် အချက် ၆၃ ချက်ကို ပြန်ဆင်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားများ ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန် မဲဆန္ဒနယ် အမှတ် ၈ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေးက ဥပဒေကြမ်းတရပ် တင်သွင်းခဲ့သည်။
လုပ်ခလစာသည် တက်သင့်သည့်အချိန်ကျမှ တက်ရမည်ဖြစ်သောကြောင့် ၂နှစ်တကြိမ် ပြင်ဆင်သတ်မှတ်ရမည် ဆိုသည့် အချက်သည် စီးပွားရေးပညာ သဘောအရ ၂ နှစ်တကြိမ် ပြင်ရမည်ဟု ကြိုတင် သတ်မှတ်ထားခြင်းက မဖြစ်သင့် မဖြစ်ထိုက်ကြောင်း၊ အလုပ်ရှင် သာမက အလုပ်သမားနှင့် အစိုးရအတွက်ပါ ဖိအား ဖြစ်စေနိုင်သည့်အတွက် ပြင်ဆင်ရခြင်းဖြစ်ကြောင် ဦးကျော်ထွေးက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။
ထို့ပြင် ၂ နှစ်ပြည့်ကာနီး အချိန်တိုင်း အလုပ်သမားတို့၏ လုပ်ခလစာ တိုးမြှင့်ရလိုမှု၊ အလုပ်ရှင်တို့၏ ရင်းနှီးမြှုပ်နှံမှု သဘောအရ၊ ခန့်မှန်းကုန်ကျစရိတ် တွက်ချက်မှုအရ တိုးမြှင့်ပေးရန် ခက်ခဲခြင်းတို့ကြောင့် လုပ်ငန်းခွင် တည်ငြိမ်မှုကို ထိခိုက်စေခြင်း ဖြစ်ပေါ်နိုင်သည့် အတွက် ပြင်ဆင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
သို့သော်လည်း ယခုလို ၂ နှစ်တကြိမ် ပြင်ဆင်ရမည်ကို ပြောင်းလဲလိုက်ပါက အလုပ်ရှင်၊ အလုပ်သမား ပြဿနာသည် ယခုထက်ပို၍ ဆိုးရွားသည့် အခြေအနေတခုသို့ ရောက်ရှိသွားနိုင်ကြောင်း အလုပ်သမား အဖွဲ့အစည်းများက အစိုးရ ကို သတိပေးပြောဆို လိုက်ကြသည်။
မြန်မာနိုင်ငံ စက်မှု၊ လက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (MICS) ၏ လက်ထောက် အတွင်းရေးမှူး ကိုနေလင်းအောင်က“ဘယ်အချိန် ပြင်ဆင်သတ်မှတ်မှာမှန်း မသိတဲ့အခါမှာ အလုပ် သမား တွေ အနေနဲ့ မလောက်ငတဲ့ လုပ်ခလစာအပေါ်မှာ တောင်းဆိုမှုတွေ အများကြီးဖြစ်လာနိုင်တယ်။ အခုက ၂နှစ်တကြိမ် ပြင်မှာပါဆိုပြီး ပြင်မယ့်အချိန်လေးတော့ စောင့်ကြည့်မယ်ဆိုပြီး ငြိမ်သေးတယ်။ အချိန်ကာလ ကန့်သတ် ချက် မရှိတာ ရွှေ့လိုက်ရင် ကျနော်တို့ အခြေအနေတွေ ပိုဆိုးသွားနိုင်တယ်”ဟု ပြောသည်။
ယခု ဥပဒေအရက အစိုးရအနေဖြင့် ၂ နှစ်လျှင် တကြိမ် ပြင်ဆင်ရမည့် ကိစ္စကိုပင် အချိန်မီ မပြင်ဆင်နိုင်ဘဲ ပြင်ဆင်သင့်ပါက ၁ နှစ် တကြိမ်လည်း ပြင်ဆင်ပါမည်ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေး ၏ ပြောကြားမှုသည် လက်ရှိ နိုင်ငံအခြေအနေနှင့် ကိုက်ညီမှု မရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။
အနည်းဆုံး အခကြေးငွေ ဥပဒေ (၂၀၁၃) ကို ပြင်ဆင်ရန်အတွက် အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်အကိုင် ဆိုင်ရာ ကော်မတီနှင့် အစိုးရ-အလုပ်ရှင်-အလုပ်သမား သုံးပွင့်ဆိုင် တို့သည် နှစ်ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ဥပဒေပြင်ဆင်ရန် အတွက် မည်သည့် သဘောတူညီချက်မျှ မရှိခဲ့ကြောင်း အလုပ်သမား အဖွဲ့အစည်းများက ပြောသည်။
“သာမန်တွေ့ဆုံ ဆွေးနွေးပွဲတွေမှာရော သူတို့က ၂ နှစ်ကို တကြိမ် ပြင်ဆင်ပေးတာကိုပဲ အလုပ်ရှင်တွေအတွက်၊ အစိုးရ အတွက် ဝန်ပိနေတယ်လို့ သူတို့ရဲ့ဆွေးနွေးချက်တွေမှာ ကြားနေရတယ်။ ကျမတို့ ယူဆချက်အရ သူတို့သည် အချိန်ကာလ ဆွဲဆန့်ချင်တယ်လို့ ယူဆတယ်”ဟု CTUM ၏ လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး က ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုနှင့် ငွေကြေးဖောင်းပွမှုများကြောင့်၊ ကုန်ဈေးနှုန်းသည် တနေ့တခြား မြင့်မား တိုးတက် လာနေပြီး အလုပ်သမားတဦး၏ ဝင်ငွေနှင့် အခြေခံ နေထိုင်မှု ကုန်ကျစရိတ်သည် လူမှုဘဝ အတွက် ပြည့်စုံ ဖူလုံမှု မရှိတော့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တရက်လုပ်ခ ကျပ် ၄၈၀၀ သည် အလုပ်သမား တဦး၏ လူမှုဘဝ ကုန်ကျစရိတ် ၇၀ ရာခိုင်နှုန်းကိုသာ အထောက်အပံ့ ဖြစ်စေကြောင်း အလုပ်သမား အဖွဲ့များက ပြောဆိုသည်။
“ကျနော်တို့ဆီမှာ ကျွမ်းကျင်လုပ်သား မရှိတာမဟုတ်ဘူး။ ကျနော်တို့ ပြည်တွင်းမှာ ခိုင်မာတဲ့ ကျွမ်းကျင် လုပ်သားတွေ အများကြီး ရှိပါတယ်၊ လုပ်ခလစာသာ တကယ်လို့လိုက်ရောညီထွေရှိတဲ့ လုပ်ခလစာပေးရင် ဘယ်ကျွမ်းကျင် လုပ်သား မှ တခြားနိုင်ငံကို အလုပ်ထွက်မလုပ်ဘူး”ဟု အလုပ်သမားအရေး လှုပ်ရှားသူ ဦးနန္ဒစစ်အောင်က ဆိုသည်။
လက်ရှိ အနည်းဆုံးအခကြေးငွေ ဥပဒေအရ ၂၀၂၀ မေလတွင် ခေတ်ကာလနှင့် လျော်ညီပြီး ဖူလုံသော လုပ်ခလစာ နှုန်းထားကို သတ်မှတ်ပေးရန် ဇန်နဝါရီ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ စက်ရုံ အလုပ်ရုံများမှ အလုပ်သမား ၅ ထောင်ကျော်က အစိုးရကို ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
အမျိုးသား လွှတ်တော်တွင် အနည်းဆုံး အခကြေးငွေ ဥပဒေ (၂၀၁၃)ကို ပြင်ဆင်ရန် တင်သွင်းသည့် ဥပဒေကြမ်းကို လွှတ်တော် ကိုယ်စားလှယ်တဦးက ထောက်ခံခဲ့ခြင်းကြောင့် အမျိုးသား လွှတ်တော်က လက်ခံဆွေးနွေးရန် သဘော တူညီခဲသည့်အတွက် အဆိုပါဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီသို့ လွှဲအပ်၍ လွှတ်တော် တွင် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
You may also like these stories:
အနိမ့်ဆုံး လုပ်ခလစာ ၇၂၀၀ ကျပ် သတ်မှတ်နိုင်ရန် တောင်းဆိုမည်
အလုပ်သမားတဦး တနေ့ ကုန်ကျစရိတ် ကျပ် ၇ ထောင်မှ ၉ ထောင်ကြား ရှိဟု စစ်တမ်းကဆို
စစ်ကိုင်းတိုင်း လူငယ်နှင့်အလုပ်အကိုင် စစ်တမ်းကောက်မည်