သတင်း

ရသေ့တောင်တွင် မူလတန်းပြ ဆရာမ ၁ ဦး လက်နက်ကြီး ထိမှန်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြိန်းတောအုပ်စု ကုန်တန်းကျေးရွာမှ မူလတန်းပြ ဆရာမ ၁ ဦး ဖေဖော်ဝါရီလ ၃ ရက် ညနေ ၄ နာရီ အချိန်ခန့်က လက်နက်ကြီး ကျည်ဆန် ထိမှန်ခဲ့သည့်အတွက် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ မူလတန်းပြဆရာမမှာ အသက်၂၈ နှစ်အရွယ် ဒေါ်ခင်ဌေးဝင်း ဖြစ်ပြီး လက်နက်ကြီးကျည် ရင်ဘတ်တွင် ထိမှန်ခဲ့ ကာ ဒဏ်ရာ ပြင်းထန်သည့်အတွက် ရသေ့တောင်ဆေးရုံမှ တဆင့် စစ်တွေဆေးရုံသို့ ညတွင်းချင်း ပို့ဆောင်ပြီး ဆေးကုသ မှုကို ခံယူနေရကြောင်း သိရသည်။

ဆရာမ ဒေါ်ခင်ဌေးဝင်း၏ မိခင် ဒေါ်လှမြသိန်းက “မနေ့ ညနေ ၄ နာရီလောက်မှာ မြစ်ထဲကနေ စစ်ရေယာဉ်ကနေ လက် နက်ကြီးတွေနဲ့ ဟိုဘက် ဒီဘက်ကို ပစ်ပြီး ဆင်းလာပါတယ်။ ကျမက လက်နက်ကြီးတွေ ကျလာနေပြီ။ မြန်မြန်ပြေး ဆိုပြီး သမီးလေးကိုခေါ်ရင်း ဗုံးကျင်းထဲကို ဝင်ပုန်းတယ်။ သမီးလေးက ကျောင်းဆင်းပြီး ရေချိုးအဝတ်လဲနေရင်း တန်းလန်းနဲ့ နောက်ကနေ ပြေးလာတဲ့အချိန် ကျည်ဆန် အစအနတွေ လာမှန်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ယမန်နေ့ ညနေပိုင်းက တပ်မတော်သားများကို တင်ဆောင်လာသော ကမ်းထိုးစစ်ရေယာဉ်၂ စီးမှာ မေယုမြစ်ကြောင်း အတိုင်း စုန်ဆင်းလာပြီး မြစ်၏ ဟိုဘက်သည်ဘက် လမ်းကြောင်းရှင်းသည့် ပုံစံဖြင့် ပစ်ခတ်ခဲ့ရာမှနေ ထိုသို့ ကျေးရွာ အတွင်းသို့ လက်နက်ကြီး ကျည်ဆန် ကျရောက် ပေါက်ကွဲခြင်း ဖြစ်ကြောင်း ကာယကံရှင် မိသားစုဝင်များနှင့် ဒေသခံ ကျေးရွာသားများက ပြောဆိုကြသည်။

ဒေါ်လှမြသိန်းက “မေယုမြစ်ကြောင်းကနေ ဆင်းလာတဲ့ စစ်ရေယာဉ်ကို ကျမတို့ လှမ်းမြင်ရပါတယ်။ အဲဒီကနေ ပစ်တာပါ။ ဘယ်နှစ်ချက် လာကျလဲဆိုတာ ကျမတို့လည်း မသိတော့ဘူး။ အိမ်လည်း တခြမ်း မီးလောင်သွားတယ်။ ကျမ သမီးလေး ဒဏ်ရာကိုတောင် ကြည့်ချိန်မရဘူး။ ပစ်ခတ်သံတွေ အားလုံးငြိမ်ပြီးမှ ဒဏ်ရာကို ကြည့်ပြီး ဆေးရုံကိုယူဖို့ လုပ်ကြရတာ” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော် သတင်း ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အရပ်သား ထိခိုက်မှု အခြေအနေကို မသိရှိသေး သော်လည်း ယင်းကျေးရွာ အနီးဝန်းကျင်၌ ရက္ခိုင် စစ်တပ် (AA) တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်တိုက်ခိုက်မှု တချို့ရှိခဲ့ကြောင်း ပြောကြားသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “မနေ့က စစ်ဆင်ရေးမှာ ကျနော်တို့ တပ်က ရွေ့ပြောင်းရေး လုပ်နေတဲ့ စစ်ရေယာဉ်တွေ ရှိ တယ်ဗျ။ အဲဒီအပေါ်ကို စစ်သည်တွေကို တင်တာ ရှိတယ်။ AA က စက်သေနတ် အလတ်စားနဲ့ နှောင့်ယှက် ပစ်ခတ်တာရှိ တယ်။ ကျနော်တို့ဆီကလည်း ပြန်လည် ပစ်ခတ်တဲ့ ဖြစ်စဉ်တော့ ရှိတယ်။ လူထိခိုက်မှု ရှိမရှိ ဆိုတာတော့ ကျနော်တို့လည်း မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခကတော့ ယမန်နေ့က အဆိုပါ ကျေးရွာအနီးတွင် ၎င်းတို့ တပ်ဖွဲ့ဝင်များနှင့် မည်သည့် ပစ်ခတ်မှုမှ မရှိကြောင်း ပြောဆိုသည်။

၎င်းက “မနေ့က အဲဒီနေရာမှာ ကျနော်တို့ တပ်ဖွဲ့ဝင်တွေနဲ့ ဘာပစ်ခတ်မှုမှ မရှိဘူးဗျ။ မေယုမြစ်မှာ သွားနေတဲ့ စစ်ရေယာဉ် ကနေ ရမ်းသမ်းပြီးတော့ ပစ်ခတ်နေတာသာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယမန်နေ့ကလည်း ကျောက်တော်မြို့တွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲဖြစ်ရာ လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီးတဦး သေဆုံးကာ အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့သည်၊ ထိုလက်နက်ကြီး ပစ်ခတ်မှုမှာ AA တပ်ဖွဲ့များမှ ပစ်ခတ်ခြင်း ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

ရသေ့တောင် မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်ကလည်း ယင်းကျေးရွာ အနီးဝန်းကျင် တွင် နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှု အခြေအနေ မရှိဘဲ ဘူးသီးတောင်မြို့နယ်ဘက်ကနေ ဆင်းလာသည့် တပ်မတော် ရေယာဉ် မှ ပစ်ခတ်ခြင်းသာ ဖြစ်ကြောင်း ဆိုသည်။

ဦးခင်မောင်လတ်က “အဲဒီနေရာက ရသေ့တောင်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ် အစပ်ဗျ။ ကျနော်တို့ သိသလောက်က တပ်ကနေ အရပ်လေး မျက်နှာကို ပစ်ခတ်တာ ဖြစ်တယ်။ ဒီလို အရပ်သားတွေရှိတဲ့ နေရာကို ရမ်းသမ်းမပစ်သင့်ဘူး။ ဥပဒေမှာလည်း ပစ်ခွင့် မရှိဘူး။ ဂျီနီဗာကွန်ဗန်းရှင်းမှာလည်း တားမြစ်ထားတာ ရှိတယ်။ ရာဇဝတ်မှုမြောက်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ဖေဖော်ဝါရီလ၂ ရက်ကလည်း ရသေ့တောင်မြို့နယ်ထဲက ပြိန်းတောကျေးရွာထဲသို့ လက်နက်ကြီး ကျည်ဆန် ကျရောက် ပေါက်ကွဲသည့်အတွက် အသက် ၄၆ နှစ်အရွယ် ဒေါ်မဲခိုင်တို့ မိသားစုဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

လက်ရှိအချိန်တွင် ဒေါ်မဲခိုင်နှင့်အတူ သား ၁ ဦးမှာ ဒဏ်ရာပြင်းထန်သည့်အတွက် စစ်တွေဆေးရုံ၌ အတွင်းလူနာ အဖြစ် တက်ရောက်ပြီး ကုသမှုကို ခံယူနေရသည်။

You may also like these stories:

ကျောက်တော်မြို့ပေါ် လက်နက်ကြီးကျ၍ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

Did you find apk for android? You can find new Free Android Games and apps.
Loading