သတင်း

မြို့သာဆေးခြောက်စိုက်ခင်း အမှု လာမည့်ရုံးချိန်းတွင် စွဲချက်တင်ရန် သင့်မသင့် အမိန့်ချမည်

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန် မြို့နယ်၊ မြို့သာစက်မှုဥယျာဉ်မြို့တော်အတွင်း ဆေးခြောက် စိုက်ပျိုး သည်ဆိုကာ တရားစွဲဆိုခံထားရသူများ အမှုအား လာမည့်အပတ်ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မတင်သင့် အမိန့် ချမှတ်သွားမည်ဟု မြင်းခြံခရိုင်တရားရုံးက သိရသည်။

“ဖေဖော်ဝါရီ ၃ ရက်နေ့ရုံးချိန်းမှာ အမှုနဲ့ပတ်သက်ပြီး စွဲချက်တင်သင့်၊ မတင်သင့်ကို နှစ်ဘက်ကြားနာလျှောက်လဲ ခဲ့ကြပါတယ်၊ လာမယ့်အပတ် ရုံးချိန်းမှာ စွဲချက်တင်သင့်၊ မတင်သင့်ကို အမိန့် ချမှတ်သွားမှာပါ” ဟု မြင်းခြံခရိုင် တရားရုံးပြန်ကြားရေးအရာရှိ ဒေါ်တင်သန်းက ပြောသည်။

မြို့သာစက်မှုဥယျာဉ်အတွင်း ဆေးခြောက် စိုက်ပျိုးသည်ဟုဆိုကာ စိုက်ပျိုးသူ အသက် ၆၃ နှစ်ရှိ အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki၊ အသက် ၃၇ နှစ်ရှိ စိုက်ခင်း တာဝန်ခံ ရှိန်းလတ်၊ အသက် ၂၃ နှစ်ရှိ ရွှန်းလဲ့မြတ်နိုး တို့ကို ယမန်နှစ် ဧပြီလက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki အပါအဝင် ကိုရှိန်းလတ်၊ မရွှန်းလဲ့မြတ်နိုးတို့အား စွဲဆိုထားသော ပုဒ်မများသည် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် ချနိုင်သည့် ပုဒ်မများ၊ သေဒဏ်ကျခံရမည့် ပုဒ်မများဖြစ်သည့် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေ ပုဒ်မ ၁၆(က)၊ ၁၉(က)(ခ)၊ ၂၀(က)(ခ) ၊ ၂၁ စသည့် ပုဒ်များဖြင့် မူးယစ်ရဲတပ်ဖွဲ့မှ တရားလိုလုပ်၍ မြင်းခြံခရိုင်တရားရုံး၌ တရားစွဲဆို စစ်ဆေးနေခြင်းဖြစ်သည်။

အဆိုပါ စိုက်ခင်းသည် တိုင်းအစိုးရ၏ ခွင့်ပြုချက်ဖြင့် စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း၊ ဆေးခြောက်နွယ်ဝင် ဖြစ်သော်လည်း နိုင်ငံတကာတွင် တရားဝင် စိုက်ပျိုးခွင့်ပြုထားသည့် စက်မှုကုန်ကြမ်း လျှော်ပင် အမျိုးအစား ဖြစ်ကြောင်း သိရသည်။

“ဒါကြောင့် လျှောက်လဲချက်ပေးတာမှာ ကျနော်တို့ အနေနဲ့ကတော့ အမှုကစွဲချက် မတင်သင့်ကြောင်းကို ပြည့်ပြည့်စုံစုံလေး လျှောက်လဲချက် ပေးထားပါတယ်၊ လာမယ့်အပတ်မှာ စွဲချက်အမိန့်ချမယ်၊ အဓိက ကျန်ရှိနေတဲ့ ကိုရှိန်းလတ်နဲ့ မရွှန်းလတ်မြတ်နိုးတို့ကို စွဲချက်မတင်ဘဲနဲ့ တရားရှင်လွှတ်ပေးဖို့ လျှောက်လဲချက်ပေးခဲ့ပါတယ်”ဟု စွပ်စွဲခံရသူများ၏ အကျိုးဆောင်ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

ယခင်က အချုပ်ဖြင့် အမှုရင်ဆိုင်နေရသော အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က ကျန်းမာရေးကောင်းမွန်ခြင်း မရှိမှုကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၂(၁)ခြွင်းချက် အရ မြင်းခြံခရိုင်တရားရုံးက ကျပ်သိန်း ၃၀၀၀ တန် အာမခံပေးခဲ့သည်။

၎င်းမှာ အာမခံပေးပြီး နောက်ရုံးချိန်းမှ စတင်ကာ မလာတော့သဖြင့် ဇန်နဝါရီ ၂၇ ရက်နေ့ ရုံးချိန်းတွင် မြင်းခြံခရိုင် တရားရုံးက အမေရိကန်နိုင်ငံသား မစ္စတာဂျွန်အား ကျပ်သိန်း ၃ ထောင်ဖြင့် ကျန်းမာရေး အာမခံပေးထားသူ ဒေါက်တာခင်မောင်ဝင်းအား ရာဇဝတ်ကျင့်ထုံး ၅၁၄ အရ ရာဇဝတ်အထွေထွေအမှုဖြင့် မြင်းခြံခရိုင်တရားရုံးက အမှုဖွင့်ခဲ့ရာ ယခုအပတ်ရုံးချိန်းတွင် အကြောင်းပြထုချေချက်ကို တင်သွင်းခဲ့ကြောင်း သိရသည်။

“ဒေါက်တာခင်မောင်ဝင်းကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၄ အရ ရာဇဝတ်အထွေထွေအမှု ဖွင့်လှစ်ပြီး ဆောင်ရွက် ထားတာနဲ့ ပတ်သက်ပြီး အကြောင်းပြထုချေချက်ကို တင်သွင်းခဲ့တယ်၊ အဲဒီအပေါ်မှာတော့ တရားရုံးလုပ်ထုံး လုပ်နည်း တွေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု မြင်းခြံခရိုင် တရားရုံးပြန်ကြားရေးအရာရှိ ဒေါ်တင်သန်းက ပြောသည်။

မြို့သာစက်မှုဥယျာဉ်အတွင်း ဆေးခြောက်စိုက်ပျိုးသည်ဟုဆိုကာ မစ္စတာဂျွန်အပါအဝင် အမေရိကန်အခြေစိုက် IIIM ကုမ္မဏီတာဝန်ရှိသူ အခြားအမေရိကန်နိုင်ငံသား ၅ ဦးကိုလည်း အမှုဖွင့်ထားပြီး သူတို့၏ မျက်ကွယ်တွင် အမှုကို စစ်ဆေးခဲ့သည်။

လက်ရှိတွင် တရားလိုပြသက်သေ ၂၉ ဦးတင်သွင်းထားပြီး တရားလိုပြ သက်သေ ၁၈ ဦး စစ်ဆေးရန် ကျန်ရှိနေသည် ကို ဇန်နဝါရီ ၂၇ ရက်နေ့ရုံးချိန်းက တရားလိုရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေသည့် ဥပဒေအရာရှိက ပယ်ချခဲ့ခြင်း ကြောင့် ယခုအပတ်ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မတင်သင့်ကို နှစ်ဘက်လျှောက်လဲချက်များကို ကြားနာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမှုကို ဖေဖော်ဝါရီ ၁၀ ရက်နေ့သို့ ရုံးချိန်း ပြန်လည် ချိန်းဆိုထားပြီး စွဲချက် အမိန့်ချမှတ်သွားမည်ဟု သိရသည်။

ဆက်စပ်လင့်

ဆေးခြောက်လျှော်အမှု တရားခံ အမေရိကန်နိုင်ငံသားအား အာမခံသူကို တရားရုံး အမှုဖွင့်

မြို့သာဆေးခြောက်စိုက်ခင်းအမှု ချေဖျက်ပေးရန် လျှောက်ထားချက် တိုင်းတရားလွှတ်တော်လက်ခံ

ဆေးခြောက်လျှော် စိုက်ခင်းအမှုမှ အမေရိကန်နိုင်ငံသား အာမခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading