၎င်း၏အသုံးစရိတ်နှင့် ပတ်သက်ပြီး လူထု၏ဝေဖန်မှုနှင့် ရင်ဆ်ိုင်နေရသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအား အလုပ်တွင် ပွင့်လင်းမြင်သာမှုရှိရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
လွန်ခဲ့သည့် သီတင်းပတ်က ရန်ကုန်တွင် နှစ်ရက်ကြာ ခေတ္တလာရောက်နေထိုင်စဉ် အတိုင်ပင်ခံပုဂ္ဂိုလ်သည် စနေနေ့က ဦးဖြိုးမင်းသိန်း ဦးဆောင်သည့် ကက်ဘိနက်အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။
၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပုံမှန်မဟုတ်သည့် အသုံးစရိတ်များနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက ရန်ကုန်တိုင်းဒေသကြီးအစိုးရအား ဖိအားပေးပြီးနောက် ယင်းတွေ့ဆုံမှုဖြစ်လာခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ပုံမှန်မဟုတ်သည့် အသုံးစရိတ်များနှင့် လွဲမှားသည့်စီမံခန့်ခွဲမှုကြောင့် ကျပ်သန်းပေါင်းများစွာ ဆုံးရှုံးကြောင်းဖော်ထုတ်ခဲ့ပြီး လူထု၏ဝေဖန်မှုကို ဖြစ်ပေါ်စေခဲ့သည့် တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ နောက်ဆုံးအစီရင်ခံစာက လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများကို အစဖော်ပေးခဲ့သည်။
၂၀၁၈ ခုနှစ်၌လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က ပွင့်လင်းမှုမရှိသည့် ၎င်း၏ အသုံးစရိတ်များကြောင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများနှင့် ရင်ဆိုင်ခဲ့ရသေးသည်။
ယခုတွေ့ဆုံမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်က ပွင့်လင်းမြင်သာမှုနှင့် သက်ဆိုင်သည့် ပြသနာများကို ကက်ဘိနက်အဖွဲ့ဝင်များအား ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရှိထားသည်။
“ပြည်သူတွေရဲ့ နေ့စဉ်ဘ၀တွေကို ဂရုစိုက်ဖို့ လိုတယ်။ ဘာပဲလုပ်လုပ် ပြည်သူတွေကို ရှင်းပြဖို့ လိုတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း ယင်းအစည်းအဝေးကို တက်ရောက်ခဲ့သည့် ရင်းမြစ်တခုက ပြောကြားခဲ့သည်။ ” ကျမတို့ လုပ်နေတာတွေကို သူတို့ (ပြည်သူ)တွေနားလည်မှာ မဟုတ်ဘူး။ ထားလိုက်ပါတော့ဆိုတဲ့ အတွေးမျိုး ဘယ်တော့မှ မတွေးပါနဲ့” ဟု သူက သတိပေးခဲ့ကြောင်း သိရသည်။
၎င်းသတင်းရင်းမြစ်၏ ပြောကြားချက်အရ ပွင့်လင်းမြင်သာမှုပြသနာကို ဖော်ထုတ်ဆွေးနွေးစဉ် တိကျသည့်ဖြစ်စဉ်တခုကို ထောက်ပြပြောဆိုမှု မရှိခဲ့ကြောင်းလည်း သိရသည်။ သို့သော် အသုံးစရိတ်နှင့် ပတ်သက်၍ ဝေဖန်ခံရပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ နှုတ်ဆိတ်မှု သို့မဟုတ် သတင်းထုတ်ပြန်မှု အားနည်းမှုအတွက် ဒေါ်အောင်ဆန်းစုကြည်တွင် ပြောစရာရှိနေခဲ့ပုံပေါ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က ၎င်း၏အသုံးစရိတ်နှင့် ပတ်သက်၍ အမတ်များ၏ မေးခွန်းများကို မဖြေကြားခဲ့ပေ။ ၂၀၁၇-၁၈ စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြထားသည့် အသုံးစရိတ်ကို ကာကွယ်ပြောဆိုရန် ကက်ဘိနက်ဝန်ကြီးအချို့ လွန်ခဲ့သည့် သီတင်းပတ်က လွှတ်တော်ရှေ့မှောက်သို့ ရောက်လာခဲ့သည်။
သို့သော်လည်း ၎င်းတို့အနေဖြင့် သင့်လျော်သည့် ရှင်းလင်းချက်ပေးရန်ထက် အများအားဖြင့် စာရင်းစစ်ချုပ်ကိုသာ ဝေဖန်တိုက်ခိုက်ခဲ့ပြီး အစီရင်ခံစာကြောင့် တိုင်းဒေသကြီးအစိုးရအပေါ် နားလည်မှုလွဲစေခဲ့သည်ဟု ပြောဆိုခဲ့ကြသည်။
စနေနေ့က တွေ့ဆုံမှုသို့ ပြည်ထောင်စုဝန်ကြီးအချို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ ရန်ကုန်၏ဖွံ့ဖြိုးမှုတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးများကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar State Counselor Urges Yangon Govt to Be Transparent ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
ရန်ကုန်တိုင်း အစိုးရ အဂတိလိုက်စားမှု ရှိနေလား
အစီရင်ခံစာ အကျဉ်းချုပ်သာ တင်ရသဖြင့် ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အားမရ
ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က လွှတ်တော်သို့တင်ခဲ့သော တိုင်းအစိုးရ၏ မူမမှန်သော အသုံးစားရိတ်များ