သတင်း

GAT အထည်ချုပ် သပိတ်ပြေလည်သွားသော်လည်း လုပ်ငန်းခွင် တင်းကျပ်မှု ပိုလာဟုဆို

Want create site? Find Free WordPress Themes and plugins.

ဒဂုံအရှေ့ စက်မှုဇုံရှိ GAT အထည်ချုပ်စက်ရုံမှ အလုပ်ထုတ်ခံရသည့် သမဂ္ဂဥက္ကဋ္ဌ အား အလုပ်ရှင်မှ ခံဝန်စာချုပ်ဖြင့် ပြန်လည်ပေးအပ်လိုက်သော်လည်း လုပ်ငန်းခွင်အတွင်း တင်းကျပ်မှုများကို ယခင်ထက် ပိုမိုပြုလုပ်လာကြောင်း သိရသည်။

စက်ရုံအလုပ်သမား သမဂ္ဂခေါင်းဆောင် ကိုသူရသည် Supervisorနှင့် စကားများသည့်အတွက် အလုပ်မှ ထုတ်ပယ်ခြင်း ခံရသဖြင့် အလုပ်သမား ၃၀၀ ဝန်းကျင်က စက်ရုံအပေါက်ကို ပိတ်ဆို့ကာ သပိတ်စခန်းဖွင့်ခဲ့ရာ ညှိနှိုင်းမှုများကြောင့် စက်ရုံ ဘက်မှ သမဂ္ဂခေါင်းဆောင်ကိုသူရအား ယမန်နေ့က အလုပ်ပြန်ခန့်ခဲ့သည်။

ကိုသူရက “ကျနော်တို့ကို စံချိန်(လုပ်ငန်းခွင် လုပ်ရသည့် အရေအတွက်) ထပ်တိုးတယ်။ နောက် လုပ်ငန်းခွင်အတွင်း ခွင့် ပြုချက်မရှိပဲ တခြားနေရာကို သွားလာခြင်း မပြုဖို့၊ စီမံခန့်ခွဲမှု လုပ်ငန်းတာဝန်တွေကို ဝင်မနှောက်ယှက်ဖို့၊ အလုပ်ရှင် အလုပ်သမား စည်းကမ်းချက်တွေထဲက ကြီးလေးတဲ့ ပြစ်မှုတွေ ဖြစ်ခဲ့မယ်ဆို နစ်နာကြေးမခံစားရပဲ အလုပ်က ထုတ်ပစ် နိုင်ဖို့နဲ့ သက်ဆိုင်ရာ ဌာနက လုပ်ငန်းခေါင်းဆောင်(Supervisor) တွေကို ရိုင်းပြတဲ့ ဆက်ဆံတာတွေ မလုပ်ဖို့ ဆိုတဲ့ အချက်လေးချက်နဲ့ ကျနော့်ကို ပြန်ခဲ့တာ” ဟု ဆိုသည်။

၎င်းက “ဒါဟာ ကျနော်တို့ သမဂ္ဂအဖွဲ့ကို ဖြိုခွင်းတာပဲ။ စည်းရုံးလို့မရဘူး။ စကားပြောလို့ မရဘူး။ နောက်ပြီး ဒီနေ့ အလုပ်ပြန်ဆင်းတော့ အလုပ်ရှင်ဘက်က လိုက်တဲ့ အလုပ်သမားတွေက ဆောင်းဘောက်တွေနဲ့ စက်ရုံထဲမှာ လှည့် အော်တယ်။ ဒီလို မလုပ်ရဘူးလေ။ အလုပ်ရှင်အနေနဲ့ အလုပ်သမား အချင်းချင်း ညီညွတ်မျှတအောင် ထိန်းသိမ်းဖို့ တာဝန်ရှိတယ်” ဟု ဆက်ဆိုသည်။

ကိုသူရအနေဖြင့် အလုပ်မှ ထုတ်ပယ်ခံလိုက်ရသည့် ဖြစ်စဉ်သည် ယခုလဆန်းပိုင်းအတွင်းပင် မြန်မာလူမျိုး Supervisor တဦးနှင့် လုပ်ငန်းခွင်အတွင်း အချင်းများကြရာမှ Supervisor မှ မျက်နှာကို လက်ဖြင့် ရိုက်သလို အထည်ချုပ်လုပ်ငန်းသုံး ကတ်ကြေးဖြင့် လိုက်ထိုးသည့်အတွက် ၎င်းတို့ ၂ ဦးလုံးကို နစ်နာကြေးပေးကာ အလုပ်မှ ထုတ်ပစ်ခဲ့သည်။

ထိုဖြစ်ရပ်တွင် မည်သူမှားသည်၊ မှန်သည်ကို လုပ်ငန်းရှင်ဘက်မှ မစိစစ်ပဲ မိမိကိုပါ အလုပ်မှ ပူးတွဲထုတ်ပယ်လိုက် ခြင်းကြောင့် အဆိုပါ စက်ရုံရှိ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များမှ မကျေနပ်သည့်အတွက် စက်ရုံဝင်ပေါက်များကို ပိတ်ဆို့ သပိတ်မှောက်သည့် အဆင့်ထိ ရောက်ခဲ့ခြင်းဖြစ်သည်။

၄ ရက်မြောက် ညနေပိုင်းတွင် ဆန္ဒပြ အလုပ်သမားခေါင်းဆောင်များနှင့် လုပ်ငန်းရှင်ဘက်မှ ကိုယ်စားလှယ်များသည် မြို့နယ် ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့နှင့် ဆွေးနွေးကာ စည်းမျဉ်း ၄ ချက်ဖြင့် အလုပ်ထုတ်ခံလိုက်ရသည့် ကိုသူရကို ပြန်လည် ခန့်ထားရန် သဘောတူညီပြီး သပိတ်မှောက်နေကြသည့် အလုပ်သမားများ ယနေ့တွင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စက်ရုံသည် ထိုင်ဝမ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံဖြစ်ပြီ အလုပ်သမား ၉၀၀ကျော် ဝင်ရောက်လုပ်ကိုင်နေပြီး၊ တချို့သော အလုပ်သမားများမှာ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်များဖြစ်သည်။

လက်ရှိအချိန်အထိ စက်ရုံအတွင်း ပြေလည်နေပြီး လုပ်ငန်းခွင်အေးချမ်းနေကြောင်း၊ ဆန္ဒပြခဲ့ကြသည့် အလုပ်သမားများက ၁ဝဝ ဝန်းကျင်သာဖြစ်ပြီး မိမိတို့ စက်ရုံတွင် ပုံမှန်အလုပ်ဆင်းနေသည့် အလုပ်များမှာ ၉ဝဝ ကျော်ရှိခဲ့ကြောင်း အဆိုပါ GAT အထည်ချုပ်စက်ရုံမှ လူ့စွမ်းအားအရင်းအမြစ်ဌာနမှ မန်နေဂျာ မဝင့်ဝင့်ကျော်က ပြောသည်။

မဝင့်ဝင့်ကျော်က “ကျမတို့အနေနဲ့ အလုပ်လုပ်ချင်တဲ့ ဝန်ထမ်းတွေ အထိခိုက်မခံနိုင်ဘူး။ အဲ့ဒါကြောင့် သူတို့ အပေါက်ဝကို ပိတ်လိုက်တဲ့အခါ ဘေးပေါက်ဖွင့်တာကိုလည်း သူတို့က လာပိတ်တယ်။ အဲ့ဒီတော့ အလုပ်ကို အေးအေးဆေးဆေး လုပ် ချင်တဲ့ အလုပ်သမား ၅ဝဝ ကျော်ရှိတယ်။ တယောက်နဲ့တယောက် ရင်ဆိုင်တွေ့တာပေါ့။ အခုတော့ အေးဆေးသွားပါပြီ။ တချို့ဆို စိတ်ညစ်နေလို့ ထိုင်ငိုနေကြတာ ကျမတို့ မနည်း နှစ်သိပ့်ပေးထားရတယ်” ဟု ဆိုသည်။

သပိတ်မှောက်အလုပ်သမားများက စက်ရုံကို ပိတ်ကာ သပိတ်စခန်းဖွင့်သည့်အခါက အလုပ်လာဆင်းသူတချို့နှင့် သပိတ်အလုပ်သမားများ အချင်းများမှု ရှိခဲ့သော်လည်း ယနေ့လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ချိန်တွင်မူ ပုံမှန်အတိုင်း ရှိကြောင်း၊ သပိတ်မှောက်အလုပ်သမားများကို လုပ်ငန်းတာဝန် ရွှေ့ပြောင်းခြင်းများလည်း မပြုလုပ်ကြောင်း သူက ဆက်ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading