သတင်း

အင်တာနက်ပိတ်ခြင်းက နိုင်ငံသား အခွင့်အရေးမညီမျှမှု ဖြစ်ဟု ရခိုင်လွှတ်တော်ဥက္ကဋ္ဌ ဝေဖန်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၄ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို အစိုးရက အင်တာနက်သုံးစွဲခွင့် ထပ်မံ ပိတ်လိုက်ခြင်းသည် နိုင်ငံသားချင်း တန်းတူ အခွင့်အရေး မရဟု ခံစားရကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက ဝေဖန်လိုက်သည်။

ဖေဖော်ဝါရီလ ၃ ရက် ညနေပိုင်းက စပြီး အင်တာနက်သုံးစွဲခွင့် ထပ်မံ အပိတ်ခံရသည့် မြို့နယ်များမှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ စသည့် ရခိုင်ပြည်နယ် အတွင်းက ၄ မြို့နယ်နှင့် ချင်းပြည်နယ်အတွင်းက ပလက်ဝမြို့ နယ်တို့ ဖြစ်သည်။

ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက “ကျနော်က ဘယ်လိုထင်လဲဆိုတော့ ရခိုင်မှာ အင်တာနက်လိုင်းတွေလည်း ပိတ်တာကြာပြီ။ မကြာခင် ပြန်လည် ဖွင့်ပေးလိမ့်မယ်ဆိုပြီး မျှော်လင့်ထားတယ်။ အဲဒီကြားမှာ ထပ်ပြီးတော့ ပိတ်တယ်ဆို တာ ကြားရတော့ အလွန်တရာ အံ့သြမိတယ်။ အရင်တုန်းက အမုန်းစကားတွေ ပြောတယ်ဆိုပြီး အကြောင်းပြတယ်။ အင် တာနက်ပိတ်လို့ အဲဒီ အမုန်းစကားပြောတာ လျော့ကျသွားလား ဆိုရင်လည်း မလျော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ “အင်တာနက်လိုင်း မပိတ်တဲ့ တခြားပြည်နယ်ထဲက တခြားတိုင်းရင်းသားတွေက ပြောခွင့်ရတယ်။ ရခိုင်ကလူတွေ ပြောခွင့်မရ။ အင်တာနက်ဆိုတာ နိုင်ငံသားတိုင်း သုံးစွဲခွင့် ရရှိရမယ်။ ရခိုင်က အင်တာနက် သုံးစွဲခွင့်မရ ဆို တာက အခွင့်အရေး မညီမျှ ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အစိုးရသည် လူမျိုးရေး အသွင်ဆောင်သော အမုန်းစကား ပြောဆိုသည် ဆိုသည့် အကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ်တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စသည့် မြို့နယ် ၈ မြို့ နယ်နှင့် ချင်းပြည်နယ်အတွင်းက ပလက်ဝမြို့နယ်တို့ကို ပြီးခဲ့သော၂၀၁၉ ခုနှစ် ဇွန်လ၂၁ ရက်က ပထမအကြိမ် အင်တာ နက်လိုင်းများကို ဖြတ်တောက်ခဲ့သည်။

ထိုသို့ အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်းနှင့် ပတ်သက်၍ မင်းပြား မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင် အင်တာနက် အမြန်ဆုံး ပြန်လည် သုံးစွဲခွင့်ပြုရန် ပြည်နယ်အစိုးရအဖွဲ့မှ တဆင့် ပြည်ထောင်စု အစိုးရ အဖွဲ့အား တိုက်တွန်းကြောင်း ဇွန်လ၂၄ ရက်ကျင်းပသော ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေး၌ အရေးကြီး အဆို တရပ် တင်သွင်းခဲ့သေးသည်။

ဦးလှသိန်းအောင်က “အစိုးရကောင်း တရပ်အနေနဲ့ မလုပ်သင့် မလုပ်ထိုက်တဲ့ အလုပ်ကို လုပ်တယ်လို့ ကျနော်တို့ ပြော ချင်တယ်။ နောက်တခုက လွှတ်တော်မှာ အတည်ပြုထားတာကို မလိုက်လျောတဲ့အပြင် အခု နှစ်ဖက်တိုက်ပွဲ ပြင်းထန် လာတဲ့ အချိန်ခါမျိုးမှာ အခုလို ထပ်ပြီးတော့ လိုင်းပိတ်ဟာ အစိုးရက ပြည်သူတွေကို ဒုက္ခတွင်းထဲကို တွန်းချလိုက်တယ် လို့ ကျနော်တို့က ပြောချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ ၃ လကြာ အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ပြီးနောက် စက်တင်ဘာလ ၁ ရက် တွင် ချင်းပြည်နယ် ပလက်ဝ မြို့ နယ် အပါအဝင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နှင့် မြေပုံမြို့နယ်တို့ကို အင်တာနက် လိုင်း ပြန်လည် ဖွင့်ပေးခဲ့သော်လည်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ် တို့ကို အင်တာလိုင်းများ ပိတ် ထားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ်များ၌ အစိုးရက ကာလရှည်စွာ အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်းနှင့် ပတ်သက်ပြီး လူ့ အခွင့်အရေး ချိုးဖောက်ရာ ရောက်သည့်အတွက် ရခိုင်လွှတ်တော်အမတ်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက အင် တာနက်လိုင်းများ ပြန်ဖွင့်ပေးရန် ပြီးခဲ့သော ဒီဇင်ဘာလ ၂၄ ရက်က ရန်ကုန်မြို့၌ ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။

သို့သော်လည်း အစိုးရက ပိတ်ထားသည့် မြို့နယ်များကို ပြန်လည်ဖွင့်မပေးခဲ့သည့်အပြင် အင်တာနက်လိုင်းများ ပြန်ဖွင့် ပေးခဲ့သည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်နှင့် မြေပုံမြို့နယ် တို့ကို ဖော်ဖော်ဝါရီလ ၃ ရက်မှ ထပ်မံ ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

ပလက်ဝမြို့ခံ ကိုဘုထန်ပိုင်က “တနေ့က ညသန်းခေါင်ကတည်းက အင်တာနက် သုံးလို့ မရတော့ဘူးဗျ။ ကမ္ဘာကြီးနဲ့ အဆက် အသွယ် ပြတ်သွားတာပေါ့။ ကျနော် ထင်တယ်။ အင်တာနက် အသုံးပြုသူတိုင်း အကုန် အခက်အခဲ ဖြစ်မယ်။ ဌာနဆိုင်ရာ တွေလည်း အခက်အခဲ ဖြစ်တယ်။ ရုံးလုပ်ငန်းနဲ့ ပတ်သက်ပြီး ဒီနေ့ အပြီးပို့ပါဆိုရင် ပို့နိုင်ကြမှာ မဟုတ်တော့ ဘူး” ဟု ဧရာ ဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ် မြို့နယ်များကို အင်တာနက် သုံးစွဲခွင့် ဖြတ်တောင်ခြင်းသည် စစ်မက်ဖြစ်ပွားသော ကာလအတွင်း လူ့အခွင့် အရေးချိုးဖောက်မှုနှင့် သတင်းအမှောင်ချရန် အတွက် လုပ်ဆောင် ဖြစ်ကြောင်းလည်း သုံးသပ်သူ တချို့ရှိသည်။

မြေပုံ မြို့ခံ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း ကတော့ အင်တာနက်လိုင်း ဖြတ်တောက်ခြင်းကြောင့် ဒေသအတွင်း စီပွားရေး၊ ဆက်သွယ်ရေး၊ လူမှုရေးနှင့် သတင်းကြည့်ရှုခွင့်များပါ ဆုံးရှုံးသွားကာ သတင်းအမှောင်ချခြင်း ခံံလိုက်ရသလို ဖြစ်ကြောင်း ဝေဖန်ပြောဆိုသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက တရားဥပဒေ စိုးမိုးရေးနှင့် အများပြည်သူ အကျိုးအတွက် ချင်းပြည်နယ် ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၈ ခု စုစုပေါင်း မြို့နယ် ၉ ခုကို ပြည်ထောင်စု အစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် အော်ပရေတာများကို အင်တာနက်လိုင်းများပိတ်ရန် ညွှန်ကြားထားခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။

ဒုတိယအကြိမ် အဖြစ် အင်တာနက်လိုင်းများ ထပ်မံ ဖြတ်တောက်လိုက်သည့် ကိစ္စနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် တစုံ တရာ ထုတ်ပြန်ပြောဆိုမှု မရှိသေးပေ။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများကို ဖြတ်တောက်ထားသော်လည်း ဖုန်းခေါ် ဆိုမှုနှင့် စာတို (SMS) ပို့သည့် လုပ်ငန်းများကို ခွင့်ပြုထားကြောင်းလည်း သက်ဆိုင်ရာ ဆက်သွယ်ရေး ကုမ္ပဏီ အော်ပရေ တာများက ဖုန်းသုံးစွဲသူများကို အကြောင်းကြားစာ ပေးပို့ထားသည်။

ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှကတော့ အစိုးရ အနေဖြင့် ယခုကဲ့သို့ အင်တာနက်လိုင်း ဖြတ်တောက်လိုက် ခြင်းမှာ အများက လိုလားနေသည့် ငြိမ်းချမ်းရေး ခရီးကိုလည်း ရောက်ရှိမသွားဘဲ ခုတ်ရာတခြား၊ ချရာတခြား ဖြစ်နေကာ နောင်တွင်လည်း ဖုန်းလိုင်းများကိုပါ ထပ်ပိတ်လာမည်ကို စိုးရိမ်မိကြောင်း ပြောဆိုသည်။

၎င်းက “မကြာမီ ဖုန်းလိုင်းတွေကိုပါ ဖြတ်မလားဆိုတာ စိတ်ထဲမှာ စိုးရိမ်မိတယ်။ သို့သော် အခုလို လုပ်တာဟာ ခုတ်ရာ တ ခြား၊ ချရာတခြား ဖြစ်နေတယ်။ ကျနော်တို့ မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးခရီးမှာလည်း ဒီလိုလုပ်ခြင်းအားဖြင့် ဖြစ်လာစရာ အကြောင်းမရှိဘူး။ အခု အင်တာလိုင်းတွေ ပိတ်တယ်ဆိုတာက ကြွက်မနိုင် ကျီမီးရှို့ဆိုတဲ့ စကားမျိုးလို ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက လွှတ်တော်တွင် အတည်ပြုထားသည့် အဆိုအပေါ် အစိုးရအနေဖြင့် အကောင်ထည်ဖော် ဆောင်ရွက်ရန် တာဝန်ရှိပြီး ယခု အကာင်အထည်မဖော်သည့်အပြင် ထပ်မံ လိုင်းပိတ်ခြင်းသည် လွှတ် တော်ကို အနိုင်ကျင့်ရာရောက်သလို ဒီမိုကရေစီလည်း မဆန်ကြောင်းလည်း ထောက်ပြပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေး လုပ်ငန်းများကို အဓိက လုပ်ကိုင်လျက်ရှိသည့် ဆက်သွယ်ရေး ကုမ္ပဏီများ မှာ MPT၊ Telenor၊ Ooredoo၊ Mytel စသည့် ကုမ္ပဏီများ ဖြစ်ပြီး အင်တာနက်လိုင်း ပိတ်လိုက်ကြောင်းကိုလည်း ဖေဖော် ဝါရီလ ၃ ရက် ညနေ ၁၀ နာရီဝန်းကျင်က သုံးစွဲသုံများထံ အကြောင်းကြားစာများ ပေးပို့လာကြောင်းလည်း သိရသည်။

Telenor ဆက်သွယ်ရေး ကုမ္ပဏီကတော့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ညွန်ကြားချက်အရ ရခိုင်နှင့် ချင်း ပြည်နယ်ထဲက မြို့နယ် ၅ ခုကို အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်ဖတ်ရှုရန် 

ရခိုင်မြောက်ပိုင်း ၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့တွင် အင်တာနက် ပြန်ရ

ရခိုင်မြောက်ပိုင်း အင်တာနက်ပိတ်ပင်မှုကြောင့် အစိုးရ အဝေဖန်ခံရ

ရခိုင် ၈ မြို့နယ် အင်တာနက် ဖြတ်တောက်မှု ပြည်နယ် လွှတ်တော်တွင် အရေးကြီး အဆိုတင်

ရခိုင်တွင် အင်တာနက်လိုင်း ဖြတ်တောက်မှု လူမျိုးရေး မုန်းတီးမှု လျော့ချရန်ဖြစ်နိင်ကြောင်း တပ်မတော် ပြော

အင်တာနက်ဖြတ်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည်

ရခိုင်တွင် အင်တာနက်လိုင်း ဖြတ်တောက်မှု အစိုးရအဖွဲ့ သဘောတူညီချက်ဟု ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading