ကိုရိုနာဗိုင်းရပ်စ် ပေါ်ထွက်လာသည့် အချိန်မှစ၍ ကူးစက်ခံရကြောင်း အတည်ပြုသည့် ဖြစ်ရပ်များတိုးလာခြင်း၊ သေဆုံးမှုများနှင့် သီးခြားခွဲထားခံရသည့် အကြောင်းများက သတင်းများတွင် အလန့်တကြား ပျံ့နှံ့နေခဲ့သည်။
အနည်းငယ်မျှသာ သတိထားမိသည့် အကောင်းဘက်မှ ကိစ္စတခုမှာ ရာနှင့် ချီသော လူနာများ ပြန်လည် နာလံထလာကြခြင်း ဖြစ်သည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ အထိ ဆိုလျှင် တရုတ်နိုင်ငံမှ လူနာ ၆၀၀ ကျော် တွင် ဗိုင်းရပ်စ်ပိုး မရှိတော့ကြောင်း စစ်ဆေး တွေ့ရှိရသောကြောင့် ရောဂါပိုးကို တိုက်ထုတ်ခြင်းသည် မဖြစ်နိုင်သော တိုက်ပွဲတခု မဟုတ်ကြောင်း မျှော်လင့်ချက် ဖြစ်လာစေသည်။
ဖေဖော်ဝါရီ ၄ ရက်နေ့ အထိ နောက်ထပ်သေဆုံးသူ ၆၄ ဦး ရှိကြောင်း ဟူပေးပြည်နယ် အာဏာပိုင်များက သတင်းပေးပို့ပြီးနောက်ပိုင်းတွင် အဆိုပါ ကျန်းမာရေး အကျပ်အတည်းနှင့် ပတ်သက်၍ စိုးရိမ်မှုများက ဆက်လက် တိုးပွားနေသည့် အသွင် ရှိသည်။
တရုတ်နိုင်ငံတွင် သေဆုံးသူ ၄၂၅ ဦး အပါအဝင် တကမာ္ဘလုံးတွင် သေဆုံးသူ ၄၂၇ ဦး ရှိပြီ ဖြစ်ကြောင်း Channel NewsAsia (CNA) ၏ အဆိုအရ သိရသည်။
တရုတ်နိုင်ငံပြင်ပတွင် သေဆုံးမှုမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖိလစ်ပိုင်တွင် ၁ ဦးနှင့် ဖေဖော်ဝါရီလ ၄ ရက်နေ့က ဟောင်ကောင်တွင် ၁ ဦး ဖြစ်သည်။
ရောဂါကူးစက်ခံရကြောင်းတွေ့ရှိရသည့် အမှု စုစုပေါင်း အရေအတွက်က တရုတ်န်ိုင်ငံ တခုတည်းမှာပင် ဖေဖော်ဝါရီလ ၄ ရက်နေ့ အထိ ၂၀၄၃၈ ဦး ဖြစ်သည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ၁၇၂၀၅ ဦး ရှိခဲ့ရာမှ အမြောက်အများ မြင့်တက်သွားခြင်း ဖြစ်သည့် တနေ့တည်း အတွင်းမှာပင် ၃၀၀၀ ကျော်မြင့်တက်သွားခဲ့သည့် အဓိပ္ပါယ် ဖြစ်သည်။

မည်သည့် သတင်းမဆို သွားကြည့်မည်ဆိုလျှင် အရေအတွက် ဖော်ပြထားသည့် ဇယားကွက်များ သို့မဟုတ် ဂရပ်ပုံများကို အလွယ်တကူ တွေ့မြင်နိုင်သည်။
သို့သော် ရှေ့တန်းသတင်းစာမျက်နှာများတွင် မတွေ့ရဘဲ ဖော်ပြထားရန် ပျက်ကွက်နေသည်မှာ ပြန်လည်ကျန်းမာလာသူများအကြောင်း ဖြစ်သည်။
The Straits Times သတင်းတပုဒ်တွင် ခပ်လျှိုလျှို ဖော်ပြထားသည်မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေပိုင်းအထိ ဆိုလျှင် တရုတ်ဆေးရုံများမှနေ၍ ဗိုင်းရပ်စ် ကင်းစင်စွာဖြင့် လမ်းလျှောက်ထွက်သွားခဲ့သည့် လူနာ စုစုပေါင်း ၆၃၂ ဦး ရှိပြီ ဖြစ်သည်။
ထိုအချိန်တွင် ရောဂါ ဖြစ်ပွားနေသည့် နေရာများနှင့် နောက်ဆုံးရ သတင်းများကို အချိန်နှင့် တပြေးညီ တင်ပေးနေသည့် ဝက်ဘ်ဆိုက် ဖြစ်သော Worldometer က ပျောက်ကင်းသွားသူ အရေအတွက် ၆၄၂ ဦး ရှိပြီ ဖြစ်သည်ဟု ဆိုသည်။
မည်သည့် သတင်းရင်းမြစ်က ပိုမှန်သည် ဖြစ်စေ ကိန်းဂဏန်း အရေအတွက် များအရဆိုလျှင် ကိုရိုနာဗိုင်းရပ်စ်က ထင်ထားသလောက် အန္တရာယ် မကြီးနိုင်ကြောင်း ဖော်ပြနေသည်။ SARS လောက် အန္တရာယ်မကြီးပါ။

ကျွမ်းကျင်သူများက ကိုရိုနာဗိုင်းရပ်စ် 2019-nCoV နှင့် ၂၀၀၃ ခုနှစ်က Severe Acute Respiratory Syndrome (SARS) တို့ကြားမှ ဆက်သွယ်မှုကို ရှာခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က တူညီသော ဗိုင်းရပ်စ်၏ ကွဲပြားသော မျိုးကွဲများဖြစ်သောကြောင့်ပင်။
သို့သော်လည်း SARS ကဲ့သို့ မဟုတ်ဘဲ ကိုရိုနာဗိုင်းရပ်စ်က ပျံ့နှံ့မှု များစွာ ပိုမိုမြန်ဆန်သည့် အသွင်ရှိသည့်တိုင် အသေအပျောက် ပိုနည်းနိုင်သည်ဟု Reuters သတင်းက ဆိုသည်။
ကူးစက်ခံရသူ ၈၀၀၀ ခန့် အတွင်း SARS က လူ ၈၀၀ နီးပါးကို သေဆုံးစေခဲ့ပြီး ရောဂါ ကြောင့် သေဆုံးမှုနှုန်းက ၁၀ ရာခိုင်နှုန်း ဖြစ်သည်။
တွက်ကြည့်မည်ဆိုလျှင် 2019-nCoV သို့မဟုတ် ကိုရိုနာဗိုင်းရပ်စ်၏ လူသေဆုံးမှုနှုန်းက ၂ ရာခိုင်နှုန်း ဖြစ်သည်။ ထိုနှုန်းသည် ကမာ္ဘ့ကျန်းမာရေး အဖွဲ့ (WHO) က ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ခန့်မှန်းခဲ့သည့်နှုန်းနှင့် ကိုက်ညီနေသည်။
ထို့ကြောင့် ဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်လည်သက်သာ လာသည့် လူနာအရေအတွက် ပိုများလာမည်ဟု ဆေးဘက်ဆိုင်ရာဝန်ထမ်းများက မျှော်လင့်နေကြသည်။
ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက လူနာများကို ကုသပေးရန် မနေမနား လုပ်ကိုင်နေကြပြီး သုတေသီများက ကြီးမားသော အလားအလာရှိသည့် ကုထုံးများဖြင့် ပေါ်ထွက်လာကြခြင်းနှင့် အတူ ရောဂါပြန့်ပွားမှုကို မကြာမီရပ်တန့် နိုင်လိမ့်မည်ဟု မျှော်လင့်ချက်များ ရှိလာသည်။
တချိန်တည်းတွင် ကူးစက်ခံထားရသူ ၁၀ ဦးရှိသည့် မလေးရှားတွင်လည်း ဇန်နဝါရီလ ၂၈ ရက်နေ့ကတည်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသော အသက် ၄ နှစ်အရွယ် မိန်းကလေးတဦးသည်လည်း ရောဂါအရှင်း ပျောက်ကင်းသွားကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်သည်။
“ဒီကိစ္စက ကိုရိုနာဗိုင်းရပ်စ်ဟာ ကုသလို့ရတယ်။ တရုတ်နိုင်ငံက သတင်းတွေထဲပါသလို လူနာဟာ လုံးဝ ပြန်ကောင်းသွားနိုင်ပါတယ်။ ဒီရောဂါကူးပြီဆို သေမှာပဲဆိုတဲ့ အမြင်တွေဟာ တိကျမှန်ကန်မှု မရှိပါဘူး” ဟု မလေးရှားကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ Noor Hisham Abdullah က ဆိုသည်။
ကိုရိုနာဗိုင်းရပ်သစ်ကို ရပ်တန့်ရန် အခွင့်အလမ်းတစ်ခုရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောသည်။
You may also like these stories:
ဝူဟန်တုတ်ကွေး၊ ဖေ့ဘွတ်နှင့် မြန်မာ့သတင်းတုများ
ဆိုရှယ်မီဒီယာထဲက ဗိုင်းရပ်က တကယ့်ဗိုင်းရပ်ထက် ပိုဆိုးသည်