ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သည်ပြင် မွတ်စလင်ရွာမှ ရွာသား ၁ ဦး ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်က သေနတ်ကျည်ဆန် ထိမှန်၍ ဒူးဆစ်တွင် ဒဏ်ရာ ရရှိခဲ့ရာ ဘူးသီးတောင်ဆေးရုံတွင် ကုသမှု ခံယူ နေကြောင်း သတင်း ရရှိသည်။
အဆိုပါ ကျည်ဆန်ထိမှန်ခဲ့သော မွတ်စလင်ရွာသားမှာ အသက် ၃၀ အရွယ် ဦးအာမတ်နူလာ ဖြစ်ပြီး ရွာအနီးရှိ ချောင်း ကမ်းဘေးမှ ထင်းများကို သယ်ယူနေစဉ် ကျည်ဆန်ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း ဆင်သည်ပြင် ရွာ၏ အုပ်ချုပ်ရေး အဖွဲ့ဝင် ၁ ဦးက ပြောသည်။
၎င်းက “ ဒီနေ့ မနက် ၈ နာရီလောက်မှာ သူ့က ချောင်းဘေးနားကနေ ပုခုံးပေါ်တင်ပြီး ထင်းတွေ အိမ်ကို သယ်ယူနေတာ။ အဲဒီမှာ ၃၁ ဘုံဘုရားမှာ နေကြတဲ့ တပ်မတော်သားတွေက လှမ်းပစ်တာ။ မနေ့လည်း ညဉ့်က တိုက်ပွဲ ဖြစ်တော့ ဒဏ်ရာရတဲ့ လူတွေကို သယ်လာတယ် ထင်ပြီး မှားပစ်တယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆင်သည်ပြင် မွတ်စလင်ရွာသားများ၏ အဆိုအရ ယမန့်နေ့ ညက ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှု တချို့ ရှိခဲ့ပြီး တိုက်ပွဲအတွင်း ဒဏ်ရာ ရရှိသူ ၁ ဦးကို ပုခုံးပေါ်ထမ်းပြီး သယ်ယူ လာသည်ဟု ထင်မှတ်ကာ အနီးရှိ ၃၁ ဘုံဘုရားတွင် တပ်စွဲထားသော တပ်မတော် စစ်ကြောင်းက လှမ်း၍ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။
ဘူသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရွှေကလည်း “ ဆင်သည်ပြင်က ၁ ဦးဒဏ်ရာ ရတယ်ဆိုတာတော့ ဟုတ်တယ်။ သူက လှေနဲ့ ချောင်းကို ကူးပြီး လာတဲ့အခါ ကျည်ဆန်က ဘယ်က လာကျမှန်း မသိဘူး လို့ပြောတယ်။ အခုကတော့ ဆေးရုံကို တင်ထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဘူးသီးတောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကလည်း အဆိုပါ ဆင်သည်ပြင် ရွာမှ မွတ်ဆလင်ရွာသား ကျည်ဆန်ထိမှန်ကြောင်း ရွာသားများ၏ သတင်းပေးပို့ချက်အရ သိရှိရပြီး ထိုသို့ ပစ်ခတ် မှုမှာ ၃၁ ဘုံဘုရားအနီး တပ်စွဲထားသော တပ်မတော် က ပစ်ခတ်ခြင်း ဖြစ်ကြောင်း ဆင်သည်ရွာသားများက သတင်းပေးပို့ လာကြောင်း ဧရာဝတီသို့ ပြောသည်။
တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးဇော်မင်းထွန်းက ယနေ့ နံနက် ၂ နာရီ ဝန်းကျင်ခန့်က အဆိုပါ ဆင်သည် ရွာအနီးတွင် တည်ရှိသော ၃၁ ဘုံ ဘုရားအနီးတွင် တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပြီး နောက်ပိုင်းမှ မွတ်ဆလင်ရွာသား ၁ ဦးထိခိုက် ဒဏ်ရာ ရရှိမှုကို သိရှိရကြောင်း ပြောသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ ဒီနေ့ နံနက် ၂ နာရီလောက်မှာ အဲဒီ ၃၁ ဘုံဘုရား အနီးမှာ တိုက်ပွဲဖြစ်တာ ရှိတယ်။ အဲဒီမှာ မွတ်စလင်ရွာသား ၁ ဦး ကျည်ကြောင့် ဒဏ်ရာရတယ် ဆိုတာတော့ ကြားသိရတယ်။ ဘယ်သူ့ကြောင့် ဘယ်လို ဖြစ်တယ် ဆိုတာတော့ ကျနော်တို့လည်း သေချာမသိသေးဘူး” ဟု ဧရာဝတီ သို့ ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧရာဝတီမှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။
၂၀၁၉ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ကလည်း အဆိုပါ ဆင်သည်ပြင်ကျေးရွာမှ အသက် ၆၀ အရွယ် မာမွတ်စီးတီးမှာ ငါးရှာသွားစဉ် ပစ်ခတ်ခံရ၍ သေဆုံးခဲ့သလို ဇန်နဝါရီလ ၂၄ ရက်နေ့ ညကလည်း ဘူးသီးတောင်မြို့နယ် အတွင်းက ကင်းတောင် မွတ်စလင် ရွာထဲသို့ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲသည့်အတွက် မွတ်စလင် အမျိုးသမီး ၂ ဦး သေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ယင်းအပြင် ဇန်နဝါရီလ ၇ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ကျောက်ရန်ကျေးရွာအုပ်စု၊ ထိပ်ထူးပေါက် မွတ်စလင် ကျေးရွာသားများမှာ ကျေးရွာအနီးရှိ တောင်ပေါ်သို့ ထင်းခုတ်ရန် သွားရောက်စဉ် မိုင်းပေါက်ကွဲမှု ၁ ခု ဖြစ်ပွားခဲ့သည့် အတွက် ကလေးငယ် ၄ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
You may also like these stories:
ရသေ့တောင်တွင် မူလတန်းပြ ဆရာမ ၁ ဦး လက်နက်ကြီး ထိမှန်
ဘူးသီးတောင် မွတ်ဆလင်ရွာကို လက်နက်ကြီးကျ ၂ ဦးသေ၊ ၇ ဦး ဒဏ်ရာရ