သတင်း

KNU မှ လူထုသို့ NCA အကြောင်း ရှင်းလင်းသည့် ဆွေးနွေးပွဲ တပ်မတော်တားမြစ်

Want create site? Find Free WordPress Themes and plugins.

ပဲခူးတိုင်း ရွှေကျင်မြို့နယ်ရှိ သရက်ချောင်းရွာတွင် ကရင် အမျိုးသား အစည်းအရုံး (KNU) က ဦးဆောင်ပြုလုပ်သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ အချက်အလက်များအား လူထုထံ ရှင်းပြသည့် ဆွေးနွေးပွဲကို တပ်မတော်က လာရောက် တားမြစ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၄ ရက်က သရက်ချောင်းရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ရွာသူရွာသား ၁၀၀ ခန့်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်နေစဉ် မြန်မာ့ တပ်မတော်၏ ခမရ ၁၂၄ မှ ဗိုလ်မှူး ထွန်းထွန်းလင်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက လာရောက် တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲ ပြုလုပ်နေသူများက ပြောသည်။

ဆွေးနွေးပွဲကို ဦးဆောင်ပြုလုပ်နေသည့် KNU အဖွဲ့မှ ကိုစောဂျိုဂျိုက “သူတို့လာတာက ၂ နာရီအချိန်လောက်မှာ တပ်သား ငါးယောက်ကို လက်နက်အင်အား အပြည့်အစုံနဲ့ လာရောက်ပြီးတော့ တားတယ်။ လာကန့်ကွက်တာပေါ့” ဟု ဧရာဝတီသို့ ပြောကြားသည်။

ထိုသို့ လာရောက် တားမြစ်သဖြင့် ရွာသူရွာသားများ ထိတ်လန့်ခဲ့ရပြီး ဆွေးနွေးပွဲကို ရပ်နားခဲ့ရကြောင်း ၎င်းက ဆိုသည်။

ဆွေးနွေးပွဲမှာ လက်နက်ကိုင် ပဋိပက္ခအဆုံးသတ်ရန်နှင့် အပစ်အခတ်ရပ်စဲရေး ခိုင်မာစေရေး အတွက် NCA ပါ အချက် များကို လူထုထံ ရှင်းပြခြင်းဖြစ်ပြီး KNU အဖွဲ့ သာမက တပ်မတော်ဘက်ကပါ ပူးပေါင်း လုပ်ဆောင်ရမည့်ကိစ္စ ဖြစ်ကြောင်း လည်း ကိုစောဂျိုဂျိုက ပြောဆိုသည်။

အဆိုပါ ဆွေးနွေးပွဲ ပြုလုပ်မည့် အစီအစဉ်ကို ဖေဖော်ဝါရီလ ၃ ရက်က ရွှေကျင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ထံလည်း အကြောင်းကြားထားကြောင်း ၎င်းက ဆိုသည်။

“မနေ့က အသိပေးတယ်လေ။ အသိပေး လိုက်တာနဲ့ တပ်မတော်နဲ့ပါ တွဲလုပ်ရမယ့် ကိစ္စလေ။ အဲဒါကို သူတို့က ပြန်ကန့် ကွက်တော့ သိပ်ပြီး သဘာဝမကျဘူးပေါ့” ဟု ကိုစောဂျိုဂျိုက ရှင်းပြပြောဆိုသည်။

မြန်မာ့ တပ်မတော်၏ ရှေ့တန်းစစ်မြေပြင် ဘောကထာစခန်း အခြေစိုက် ခမရ ၁၂၄ မှ တပ်ရင်းမှူး ဗိုလ်မှူးထွန်းထွန်းလင်း ကလည်း NCA ဆွေးနွေးပွဲလုပ်သည့် အပေါ် ကန့်ကွက်ကြောင်း ဆွေးနွေးပြုလုပ်နေသည့် KNU အဖွဲ့ဝင်များထံ စာပေးပို့ ထားသည်။

အဆိုပါစာတွင် KNU မှ ပဒို မောင်ကျူး ဦးစီးသော အဖွဲ့သည် သရက်ချောင်းရွာ၌ NCA ဆွေးနွေးပွဲ ပြုလုပ်မည့် အစီအစဉ် ကို သက်ဆိုင်ရာ ဌာနများသို့ အကြောင်းကြား တင်ပြထားမှု မရှိသဖြင့် ဆွေးနွေးပွဲအား ဆက်လက် ဆောင်ရွက်ခွင့် မပြု နိုင်ကြောင်း ရေးသားထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မရခဲ့ပေ။

သရက်ချောင်း ကျေးရွာ ဒေသခံ အမျိုးသမီတဦးကလည်း ဆွေးနွေးပွဲကို တပ်မတော်ဘက်က လာရောက် တားမြစ် သည်မှာ မှန်ကန်ကြောင်း ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

“တပ်ဘက်က လေး ငါး ရှစ်ယောက် လောက်ပါတယ်။ ရွာသားတွေကိုတော့ ဘာမှ မလုပ်ပါဘူး။ ကျောင်းဘေးနားမှာပဲ သူတို့ဘာသာ သူတို့နေတာပဲ။ ထိတ်လန့်မှု ဖြစ်လား မဖြစ်လားတော့ မသိဘူး။ အိမ်ပြန်ကုန်ကြတာ တယောက်မှ မရှိတော့ ဘူး။ လေး ငါး ခြောက်ယောက်ပဲ ကျန်တယ်” ဟု ၎င်းက ဆိုသည်။

ရွှေကျင်မြို့နယ် အတွင်းရှိ ရွှေကျင်ဆည်(ထက်ဝေ၊ဧရာဝတီ)

KNU အဖွဲ့က ကိုစောဂျိုဂျိုကမူ ဆွေးနွေးပွဲ ကန့်ကွက်ခံရသည့် ကိစ္စကို KNU ဗဟိုဌာနချုပ်သို့ တင်ပြသွားမည် ဖြစ်ပြီး အထက်က ပြန်လည် ညွှန်ကြားလာပါက ညွှန်ကြားချက်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြော ကြားသည်။

“ဒါက အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ မဆိုင်ဘူး။ လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်ရန်နဲ့ NCA ပါ အချက် တွေကို ရှင်းပြတာပါ။ ရွှေကျင်မြို့နယ်မှာ ၁၀ ရွာဝန်းကျင်လောက် ကျန်သေးတယ်။ ဒီလထဲမှာပဲ ကျနော်တို့ ဆက်လုပ်မှာပါ လောလောဆယ် မနေ့က လာကန့်ကွက်တော့ ခဏလေး အခြေအနေ တချက်ကြည့်မယ်” ဟု ၎င်းက ဆိုသည်။

ရွှေကျင်မြို့နယ်ထဲတွင် NCA စာချုပ်ပါ အချက်အလက်များ ရှင်းပြသည့် ဆွေးနွေးပွဲများလုပ်ရန် ကျေးရွာ ၁၀ ရွာ ဝန်းကျင် ခန့် ကျန်နေသေးကြောင်း ကိုစောဂျိုဂျိုက ဆက်လက် ပြောဆိုသည်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး ကမူ “ကျနော် သိသလောက်တော့ အဲဒါမျိုးတွေ လုပ်မယ်ဆိုရင် ကြိုညှိနှိုင်းပြီး လုပ်ကြတယ်။ ကျနော်တို့သိတာက အရင်တုန်းက နှစ်ဖက် ပူးပေါင်း လုပ်တာလည်း ရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေချည်းပဲ လုပ်တာလည်း ရှိတယ်” ဟု ပြောကြား သည်။

NCA စာချုပ်ပါ အချက်အလက်များ လူထုထံ ရှင်းပြသည့် ဆွေးနွေးပွဲများကို ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ကော်မတီ (JMC) အနေဖြင့် ဆွေးနွေးပွဲပေါင်း ဒါဇင်နှင့် ချီကာပြုလုပ်ထားပြီး ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ကျနော် ထင်တာတော့ ဒီလို ပြဿနာ မျိုးလေးတွေက ရှိတတ်ပါတယ်။ အရင်ကလည်း အဲဒါမျိုးလေးတွေ ရှိပါတယ်။ အရင်တုန်းကတော့ JMC ဖြစ်စဉ် ပြန်စပြီ ဆိုရင်တော့ JMC မှာ ဆွေးနွေးပေါ့။ ဒီလို အခက်အခဲတွေကို ဘယ်လိုမျိုး ဆောင် ရွက်သွားမလဲ ဆိုတာကို ဝိုင်းညှိလိုက်ရင် ပြေလည်နိုင်ပါတယ်။ ပြဿနာ အကြီးကြီး မဟုတ်ပါဘူး” ဟု ဒေါက်တာ မင်းဇော် ဦးက မှတ်ချက်ပေးသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်တွင် ကျရောက်သည့် ၇၁ ကြိမ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ကလည်း NCA စာချုပ် လက်မှတ်ရေးထိုးပြီး လေးနှစ်အတွင်း အပစ်အခတ် ရပ်စဲရေး ခိုင်မာ စေမည့် နိုင်ငံရေး ဆွေးနွေးမှုများကို သဘောတူထားသည့် အတိုင်း အကောင်အထည် မဖော်နိုင်သဖြင့် ငြိမ်းချမ်းရေး လုပ် ငန်းစဉ်သည် ကြန့်ကြာနေကြောင်း ပြောဆိုထားသည်။

မည်သို့ပင်ဖြစ်စေ NCA စာချုပ်ပါ သဘောတူညီချက်များ အတိုင်း အကောင်အထည်ဖော်နိုင်ရန် ဆက်လက်ကြိုးပမ်း သွား မည်ဟုလည်း ၎င်းက ပြောကြားထားသည်။

ဆက်စပ်ဖတ်ရှုရန်

ရှမ်းနှင့် ရခိုင်တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်နိုင်ရန် အဆိုပြုထား

Did you find apk for android? You can find new Free Android Games and apps.
Loading