အလုပ်သမားများနှင့် တောင်သူလယ်သမားများ အတွက် ရသင့်ရထိုက်သော အခွင့်အရေးများနှင့် အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များကို ပိုမို လုပ်ဆောင်နိုင်ရန်အတွက် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အလုပ်သမား၊ လယ်သမားများက တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်များ အဖြစ် ဝင်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံစက်မှု၊ လက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS)၊ အလုပ်သမား၊ လယ်သမားအရေး ဆောင်ရွက်ပေးနေကြသော သမဂ္ဂများ အပါအဝင် အရပ်ဘက် အဖွဲ့အစည်း ၁၀ ဖွဲ့ခန့်က ယနေ့ နေ့လည်က ရန်ကုန်မြို့ရှိ Myanmar Press Freedom စင်တာတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်တွင်းရွှေ့ပြောင်းလုပ်သားများ အများဆုံးရှိသော ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ မဲဆန္ဒနယ်များမှ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် နေရာများ အတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း CTUM ၏ ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်သော ၄ နှစ်ကျော် သက်တမ်းရှိသည့် လွှတ်တော်များတွင် အလုပ်သမား၊ လယ်သမားများနှင့် သက်ဆိုင်သော ဥပဒေများ ပြုပြင်ရာတွင် အလုပ်သမား၊ လယ်သမားများက တင်ပြထားသော အကြောင်းအရာများ ပါဝင်မှု နည်းပါးခြင်းနှင့် ရွေးကောက်ခံဖြစ်သော လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့ ကိုယ်စား ပြု ရွေးချယ်ခံခဲ့သော နေရာဒေသကို ပြောင်းလဲမှုအတွက် ဦးဆောင်ဆွေးနွေးမှု အားနည်းလျက်ရှိကြောင်း ၎င်းက သုံးသပ်သည်။
ဦးမောင်မောင်က “ကိုယ်ယူထားတဲ့ မဲဆန္ဒနယ်မြေနဲ့ ပတ်သက်တာတွေကို စိတ်ထဲမှာ ထားပြီးတော့ ဒါတွေကို ဦးဆောင်ပြီး ပြုပြင်ပြောင်းလဲသွားဖို့ လိုပါတယ်။ ဒီဘာသာရပ်ကို ကျွမ်းကျင်ပြီး ဒီအလုပ်သမားအရေးအတွက် စိတ်ထဲမှာ အမြဲရှိတဲ့ သူမျိုးတွေ ဝင်ပြိုင်သွားမှာပါ ” ဟု ပြောသည်။
လတ်တလောတွင် လှိုင်သာယာမြို့နယ်အတွက် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၆ ဦးကို ကြိုတင် ရွေးချယ်ထားပြီဖြစ်ရာ လာမည့် မတ်လတွင် ကိုယ်စားလှယ်လောင်းများကို ကြေညာသွားမည် ဖြစ်ကြောင်း အလုပ်သမား အဖွဲ့အစည်းများထံက သိရသည်။
ယခုလို ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် အခြားမည့်သည် ပါတီနှင့် မျှ ဆန့်ကျင်သွားမည် မဟုတ်ကြောင်း၊ ပါတီ ထူထောင်မည် မဟုတ်ကြောင်းနှင့် အလုပ်သမားသမဂ္ဂများ၊ အလုပ်သမား၊ လယ်သမား အဖွဲ့အစည်းများက ရွေးချယ်ထောက်ခံပေးသော တသီးပုဂ္ဂလ ကိုယ်စားလှယ်များ အဖြစ်သာ တည်ရှိ နေမည်ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသော တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောသည်။
၎င်းက “ကျနော်တို့ရဲ့ အလုပ်သမား၊ လယ်သမား ပြည်သူတွေရဲ့ အသံတွေကို လွှတ်တော်မှာ ဆောင်ကျဉ်းပေးဖို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံစက်မှု၊ လက်မှု နှင့်ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) ၏ လက်ထောက် အတွင်းရေးမှူး ဦးနေလင်းအောင်ကလည်း “ အလုပ်သမား၊ လယ်သမားတွေက အပြောင်းအလဲတွေအတွက် အားကျိုး မာန်တက် မဲပေးခဲ့ကြပေမယ့် ဒီလွှတ်တော် သက်တမ်း ၂ ခုစလုံးမှာ ကျနော်တို့ အလုပ်သမား၊ လယ်သမားတွေအတွက် လွှတ်တော်ထဲမှာ ဆွေးနွေးပေးမယ့် ကိုယ်စားလှယ်တွေ မတွေ့ရပါဘူး” ပြောဆိုသည်။
ထို့ပြင် လက်ရှိပြဋ္ဌာန်းထားသော အလုပ်သမားများနှင့်သက်ဆိုင်သော ဥပဒေများကို ပြင်ဆင်ရန်၊ ပြန်လည်ရေးဆွဲရန် ကိစ္စများကို အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များ နှင့် အလုပ်သမားအဖွဲ့အစည်းများ၏ တွေ့ရှိချက်များ အကြံပြုချက်များနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များကို ချဉ်းကပ်ပြီး တင်ပြခဲ့သော်လည်း အမြဲလျစ်လျူ ထားကြကြောင်း ၎င်းက ပြောသည်။
ယင်းမှာ အလုပ်သမားအရေး ဆောင်ရွက်နေသူများ အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရခြင်း၏ အဓိက ၁ ချက်ဖြစ်ကြောင်း အလုပ်သမားအဖွဲ့အစည်းများထံမှ သိရသည်။
လက်ရှိအချိန်တွင် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်များ၏ စံနှုန်းများကိုလည်း သတ်မှတ်ထား ပြီး ဖြစ်သလို ရွေးကောက်ပွဲ ဦးဆောင်ကော်မတီ၊ အထောက်အကူပြုအဖွဲ့နှင့် ရုံးအဖွဲ့များလည်း ဖွဲ့စည်းထားပြီဖြစ်ကြောင်း သိရသည်။
လတ်တလော ဆုံးဖြတ်ချက်များအရ လှိုင်သာယာမြို့နယ် တခုတည်းတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားသော် လည်း အခြားမြို့နယ်ကို လျာထားမှုရှိကြောင်း အလုပ်သမားအဖွဲ့အစည်းများက ပြောသည်။
You may also like these stories:
အနည်းဆုံးလုပ်ခလစာ တိုးမြှင့်ပေးရန် အလုပ်သမား ၅ ထောင်ကျော် ဆန္ဒပြ
အနည်းဆုံး အခကြေးငွေ သတ်မှတ်ကာလ ပြောင်းရန် စီစဉ်မှု အလုပ်သမား အဖွဲ့များ ကန့်ကွက်
ဖိနပ်စက်ရုံ အငြင်းပွားမှု ကြားဝင်ဖြေရှင်းပေးရန် ရန်ကုန်တိုင်းအစိုးရထံ တောင်းဆို